Saturday 25 May 2013

NDF က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရေးနှင့်စပ်လျဉ်းသည့် သဘောထားတစ်ရပ်ထုတ်ပြန်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီက
... ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရေးနှင့်စပ်လျဉ်းသည့် သဘောထားတစ်ရပ်ကို ယနေ့ မေလ ၂၃ ရက်စွဲဖြင့်ထုတ်ပြန်လိုက်ကြောင်းသိရသည်။

ယင်းအား ယနေ့ပြုလုပ်ခဲ့သောပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အရေးပေါ်အစည်းအဝေး ဆုံးဖြတ်ချက်အရ ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။

ပြင်ဆင်ရေးအား (က) ဒီမိုကရေစီနိုင်ငံရေးစနစ်သို့
ပြောင်းလဲရေးအတွက် ဦးတည်သည့် ဥပဒေများဖြစ်ရေး၊(ခ) အမျိုးသားသွေးစည်းညီညွတ်ရေးကို တည်တံ့စေမည့် စစ်မှန်သော ပြည်ထောင်စုအဖြစ် ရောက်ရှိရေးနှင့်
(ဂ) တရားဥပဒေစိုးမိုး၍ လူ့အခွင့်အရေးနှင့် ပြည့်ဝသော တန်းတူညီမျှ ပြည်သူများဘ၀သို့ ရောက်စေရေး သဘောထား၃ ရပ်ပေါ်အခြေခံဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အခြေခံဥပဒေအား ပြင်ဆင်ရာတွင် ဥပဒေတစ်ရပ်လုံးကို
လွှမ်းခြုံသည့် လမ်းညွှန်မူများဖြစ်သော ဥပဒေအခန်း (၁)ပါ
အခြေခံမူများမှ စတင်၍ စိစစ်သုံးသပ်ပြင်ဆင်ခဲ့ကြောင်းသိရသည်။

ပါတီက ပြင်ဆင်ရန်သဘောထားထုတ်ပြန်လိုက်သည့်
ဥပဒေအခန်း (၁) ပါ ပြင်ဆင်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

အခန်း (၁)
ပုဒ်မ ၄ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည်
နိုင်ငံသားများကပိုင်ဆိုင်၍
နိုင်ငံသားများထံမှ တိုက်ရိုက်ဆင်းသက်ပြီး
နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်။

ပုဒ်မ ၆(ဃ) အမျိုးသားနိုင်ငံရေး ဆောင်ရွက်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပြည်သူ့ဆန္ဒနှင့်အညီ ပါဝင်ရမည်။

ပုဒ်မ ၉(က) ရှိရင်းစွဲတိုင်း(၇)တိုင်းနှင့် ပြည်နယ်(၇)ပြည်နယ်တို့ကို
ပြည်နယ်(၁၄)ပြည်နယ်အဖြစ် ပိုင်းခြား သတ်မှတ်သည်။

ပုဒ်မ ၁၄ တိုင်းစစ်ဌာနချုပ်အလိုက် “ရွေးကောက်တင်မြောက်ထားသော တပ်မတော်သား”အမည် စာရင်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တင်သွင်းရန်နှင့် အနာဂတ် လွှတ်တော်အသီး သီး၌ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များပါဝင်မှုကို အဆင့်ဆင့်လျော့ချ သတ် မှတ် ပေးရမည်။

ပုဒ်မ ၁၅ ထို့အတူ နိုင်ငံတော်သမ္မတသည် စစ်သေနာပတိချုပ် လည်း ဖြစ်သည်။

ပုဒ်မ ၁၉ မည်သည့် နိုင်ငံသားပြည်သူမဆို စာချွန်တော်အမိန့်များအရ တရားလွှတ်တော်ချုပ်သို့ တိုက်ရိုက်လျှောက်ထားနိုင်ခွင့် ရှိစေရမည်။

ပုဒ်မ ၃၇(ခ) နိုင်ငံပိုင်သယံဇာတပစ္စည်းများအား ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရတို့အကြား ဥပဒေပါ သဘောတူခွဲဝေ ကျင့်သုံးရေးမူနှင့်အညီ စီးပွားရေးအင်အားစုများက ထုတ်ယူ
သုံးစွဲခြင်းကို ကြီးကြပ်ကွပ်ကဲရမည်။

ပုဒ်မ ၄၀ နိုင်ငံတော်သမ္မတ၏ ခွင့်ပြုချက်ဖြင့် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတော် အာဏာကို ဤ ဖွဲ့စည်းပုံဥပဒေပါပြဌာန်းချက်များနှင့်အညီ ရယူသုံးစွဲရမည်။

အခန်း (၂)
ပုဒ်မ ၄၉ နိုင်ငံတော်ကို ပြည်နယ်(၁၄)ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေများဖြင့် ပိုင်းခြားသတ်မှတ် သည်။

အခန်း (၃)
ပုဒ်မ ၅၉(စ) မြန်မာနိုင်ငံ၏ ယခင်ကျင့်သုံးခဲ့ဖူးသော အခြေခံဥပဒေပါ သမ္မတနှင့်ဒုသမ္မတတို့၏ အရည် အချင်းသတ်မှတ်မှုထက် လွန်ကဲခြင်း မဖြစ်သင့်ဟု ယူဆသည်။ ထို့ကြောင့် သမ္မတနှင့် ဒုသမ္မတတို့ကို ရာထူးနေရာအတွက် အရည်အချင်းသတ်မှတ်ရာတွင် လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကို ပစ်မှတ်ထား ပိတ်ပင်သည့်ဥပဒေ ကန့်သတ်ချက်မျိုး မဖြစ်စေရ။ ထို့အတူ နိုင်ငံသားမဟုတ်သူများနှင့် သမ္မတ၊ ဒုသမ္မတတို့ အိမ်ထောင်ရေးအရ အနီးကပ်တရားဝင် ဆက်နွယ်မှုမျိုးကို ဥပဒေဖြင့် ခွင့်ပြုပေးခြင်း မဖြစ်စေရ။ ထို့ကြောင့် ဤပုဒ်မ ၅၉(စ)တွင် ခြွင်းချက် အဖြစ် ဤသို့ ထည့်သွင်းသည်။

ခြွင်းချက်။ အထက်ဖော်ပြပါ နိုင်ငံတော်သမ္မတ၊ ဒုသမ္မတများ၏ အရည်အချင်းများတွင်-

(၁) နိုင်ငံတော်သမ္မတ၊ ဒုသမ္မတရာထူးနေရာခန့်အပ်ခံရမည့် ပုဂ္ဂိုလ်တို့၏
ဇနီး (သို့မဟုတ်) ခင်ပွန်းဖြစ်သူတို့သည် အဆိုပါ ပုဂ္ဂိုလ်များ၊
သမ္မတရာထူး၊ ဒုသမ္မတရာထူးနေရာ ခန့်အပ် ခံရချိန်တွင် နိုင်ငံသားအဖြစ် ရောက်ရှိနေလျှင်လည်းကောင်း၊ သို့တည်းမဟုတ် ကွယ်လွန်ပြီး သူများ ဖြစ်နေလျှင်လည်းကောင်း၊
အထက် ပုဒ်မ(စ)ပါ သတ်မှတ်ချက်နှင့် အကျုံးဝင် သက်ဆိုင်ခြင်းမရှိစေရ။

အခန်း (၄)
ပုဒ်မ ၁၂၁ (ည) ခြွင်းချက်။ ယင်းစကားရပ်သည် -
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားသော လွှတ်တော်များနှင့် အဖွဲ့အစည်းများတွင် သက်ဆိုင်ရာ လွှတ်တော်သက်တမ်း (၅)နှစ်အတွက် တိုင်းစစ်ဌာနချုပ်အသီးသီးမှ “ရွေးကောက် တင်မြှောက်ခြင်းခံရသည့် တပ်မတော်သားများ” အပါအ၀င် နိုင်ငံဝန်ထမ်းများနှင့် မသက်ဆိုင် စေရ။

ပုဒ်မ ၁၇၂ (က) ကို လုံးဝဖြုတ်ပယ်ရန်။

အခန်း (၅)
ပုဒ်မ ၂၀၄(ခ) နိုင်ငံတော်လုံခြုံရေးကို မထိပါးနိုင်ဟု သမ္မတက
ယုံကြည်လျှင် သို့မဟုတ် ခိုင်လုံသည့် အထောက်အထားရှိလျှင်
သမ္မတသည် လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိသည်။

ပုဒ်မ ၂၆၁(ခ-၁) နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များထဲမှ လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဦးအား ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်တို့မှ ရွေးချယ်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဦး၏ အမည်စာရင်းကို
တင်သွင်းလာပါက အတည်ပြုပေးရမည်။

(ခ-၂) ယင်းကဲ့သို့ အမည်စာရင်းတင်သွင်းခြင်းအပေါ် သမ္မတ၏ အတည်ပြုချက် မရရှိပါက သက်ဆိုင် ရာ လွှတ်တော်တို့မှ
(၃)ကြိမ်အထိ ထပ်မံရွေးချယ်၍ အမည်စာရင်းကို ထပ်မံ တင်သွင်းရမည်။

(ခ-၃) သမ္မတသည် ပြည်နယ်လွှတ်တော်တို့မှ (၃)ကြိမ်အထိ ထပ်မံရွေးချယ်၍ ပြန်လည် တင်ပြလာ ပါက ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရမည်။

ပုဒ်မ ၂၈၈ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်တို့၏ အုပ်ချုပ်ရေးကို ၀န်ထမ်းများ၊ အများပြည်သူ လေးစား ကြည်ညို၍ သိက္ခာသမာ ဓိနှင့်ပြည့်စုံသည့် သက်ဆိုင်ရာခရိုင်မြို့နယ်အဆင့် ကိုယ်စားလှယ်အစု များနှင့် ဥပဒေအရ ပြည်သူတို့က ရွေးချယ်တင်မြှောက်ထားသည့် ပုဂ္ဂိုလ်များဖြင့် ဒေသန္တရ လူထုအုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးဖော်ဆောင်စေရမည်။

အခန်း (၆)
ပုဒ်မ ၂၉၅(စ) ဤအခြေခံဥပဒေက ပေးအပ်ထားသော တရားစီရင်ရေးအခွင့်အာဏာကို ပြည်ထောင်စု တရား လွှတ်တော်ချုပ်က ပိုမိုထိရောက်စွာ သုံးစွဲနိုင်စေရန် အလို့ငှာ လိုအပ်သည် သို့တည်းမဟုတ် ပေးအပ်ထိုက်သည်ဟု ထင်မြင်ယူဆလျှင် ဤအခြေခံဥပဒေနှင့်အညီ “ထပ်ဖြည့်အာဏာ” များကို ပြည်ထောင်စု လွှတ်တော်မှ ပြည်ထောင်စုတရားလွှတ်တော်ချုပ်အား ဥပဒေဖြင့် ပြဌာန်း ပေးနိုင်သည်။

အခန်း (၇)
ပုဒ်မ ၃၄၃(ခ) တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်သည်။ သို့ရာတွင် တပ်မတော်သားများ အပါအ၀င် နိုင်ငံသားများ၏ ပိုင်ခွင့်ဖြစ်သည့် စာချွန်တော်လျှောက်ထားမှုကို ပိတ်ပင်ခြင်းမရှိစေရ။

ပုဒ်မ ၃၆၁ “ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့်” စကားရပ်ကို ပယ်ဖျက်ရန်။

အခန်း (၈)
ပုဒ်မ ၃၆၅ (ခ)အဖြစ် နိုင်ငံတော်သည် လူမျိုးကြီးတစ်မျိုးမျိုးက အခြားလူမျိုးတစ်မျိုးမျိုးအပေါ် သို့မဟုတ် အခြားတိုင်းရင်းသား လူမျိုးများအပေါ် လူမျိုးကြီးဝါဒကိုင်စွဲကြိုးပမ်းမှုကို တားမြစ်သည်။

ထို့အတူ လူမျိုးစွဲဝါဒနှင့် ကျဉ်းမြောင်းသော လူမျိုးရေးစိတ်ထား တို့ ဖြစ်ပေါ်လာနိုင်မှုကိုလည်း လူမျိုးတိုင်း တန်းတူညီမျှရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးတို့ကို ရှေ့ရှု၍တားမြစ်သည် ကို ထပ်ဖြည့်ရန်။

ပုဒ်မ ၃၈၄ နိုင်ငံသားတိုင်းသည် ဤ ဖွဲ့စည်းပုံအခြေခံဥပဒေ ပါ ပြဌာန်းချက်တို့ကို လိုက်နာစောင့်ထိန်းရန် တာဝန်ရှိသည်။

ထို့အတူ ဤွဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများကိုလည်း တရားဥပဒေ ဘောင်အတွင်းမှ ရယူတောင်းဆိုပိုင်ခွင့်ရှိသည်။

အခန်း (၁၂)
ပုဒ်မ ၄၃၆ (က) ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပရန်မလိုဘဲ လွှတ်တော် ကိုယ်စားလှယ်အများစုထောက်ခံမဲ ၇၅%ဖြင့် ဆုံးဖြတ်ရမည်။

ပြည်သူ့ဆန္ဒခံယူပွဲကျင်းပခြင်းကို ပယ်ဖျက်ရန်။
(ခ) အပိုဒ်(က)ပါ ကြွင်းကျန်ပုဒ်မများကို လွှတ်တော်ကိုယ်
စားလှယ်များ၏ သုံးပုံနှစ်ပုံ ထောက်ခံမဲအရေအတွက်ဖြင့်
ပြင်ဆင်ရမည်။

အခန်း (၁၃)
ပုဒ်မ ၄၃၇(က) နိုင်ငံတော်အလံကို ပြည်ထောင်စုလက္ခဏာ ထင်ဟပ်သည့် အလံတော်ပုံသဏ္ဍာန်သို့ သင့်တော် သောကာလတွင် ပြောင်းလဲ ရမည်။

အခန်း (၁၄)
ပုဒ်မ ၄၅၀ မြန်မာစာသည်ရုံးသုံးစာဖြစ်သည်။ ပြည်နယ်အစိုးရအဖွဲ့များ သည် မြန်မာဘာသာအပြင် သက်ဆိုင်ရာလူမျိုးကြီး တစ်မျိုးမျိုး၏ ဘာသာစာပေကိုပါ ရုံးသုံးစာအဖြစ် ပူးတွဲအသုံး ပြုခွင့်ရှိသည်။

NLA

Photo: NDF က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ
 ပြင်ရေးနှင့်စပ်လျဉ်းသည့် သဘောထားတစ်ရပ်ထုတ်ပြန်

ရန်ကုန် မေ ၂၃

အမျိုးသားဒီမိုကရေစီအင်အားစုပါတီက
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရေးနှင့်စပ်လျဉ်းသည့် သဘောထားတစ်ရပ်ကို ယနေ့ မေလ ၂၃ ရက်စွဲဖြင့်ထုတ်ပြန်လိုက်ကြောင်းသိရသည်။

No comments:

Post a Comment