Tuesday 28 May 2013

အေအိုင်ဒီအက်စ် ဝေဒနာရှင်များကို ခွဲခြားဆက်ဆံခြင်း မပြုရန်နှင့် အားပေးကူညီရန် ဒေါ်အောင်ဆန်းစုကြည် ပြောကြား



အေအိုင်ဒီအက်စ် ဝေဒနာရှင်များကို ခွဲခြားဆက်ဆံခြင်း မပြုရန်နှင့် အားပေးကူညီမှုများ ပေးကြရန် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့တွင် မေ ၂၆ ရက်က ပြုလုပ်သော အဋ္ဌမအကြိမ်မြောက် အေအိုင်ဒီအက်စ်ဖြင့် ကွယ်လွန်သွားကြသူများအား မီးထွန်းဆုတောင်းသည့် အခမ်းအနားတွင် ပြောကြားသည်။

အဆိုပါ မီးထွန်းဆုတောင်းပွဲကို အိပ်ခ်ျအိုင်ဗွီလုပ်ငန်းများ ဆောင်ရွက်နေသော လူထုအခြေပြု ကွန်ရက်ခုနစ်ခုဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည့် လူမှုကွန်ရက် ပေါင်းစပ်အဖွဲ့ (အိပ်ခ်ျအိုင်ဗွီ) က အင်းလျားလိတ် ဟိုတယ်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က ယင်းကဲ့သို့ အေအိုင်ဒီအက်စ် ဝေဒနာရှင်များအား ခွဲခြားဆက်ဆံမှု ပြုလုပ်ခြင်းသည် ခွဲခြားဆက်ဆံခံရသူတွင် အရှက်ရသည်သာမက ခွဲခြားဆက်ဆံသူသည်ပင်လည်း အရှက်ရစရာ ဖြစ်ကြောင်း၊ ခွဲခြားဆက်ဆံသူမှာ ပိုမို၍ ရှက်စရာပင် ဖြစ်ကြောင်း၊ ခွဲခြားဆက်ဆံမှုများ ပြုလုပ်ခြင်းသည် ကူးစက်ခံရမည်ကို စိုးရိမ်သောကြောင့် လည်းကောင်း၊ ကူးစက်ခံရမည့် နည်းလမ်းမှာ နည်းသော်လည်း ထိုကဲ့သို့ စိုးရိမ်မှုများ ရှိနေခြင်းသည် ဗဟုသုတ အားနည်းမှုကြောင့် ဖြစ်နိုင်ပြီး အစိုးရပိုင်းနှင့် လူ့အသိုင်းအ၀ိုင်း ၀န်းကျင်တို့တွင်လည်း တာဝန်ရှိကြောင်း ပြောကြားသည်။

''ဒီရောဂါကို စာရိတ္တနဲ့ ဆိုင်တယ်လို့ သတ်မှတ်ကြပါတယ်။ အဲဒါဆိုရင် ပိုက်ဆံရှိလို့၊ အာဏာရှိလို့၊ သြဇာရှိလို့ မတော်မတရား လုပ်နေတဲ့သူတွေ မမှန်မကန် လုပ်နေတဲ့သူတွေရော စာရိတ္တထဲမှာ ရှက်စရာကြီးလို့ မသတ်မှတ်ဘူးလား။ အဲဒီလိုလူမျိုးတွေကျတော့ မျက်နှာသာပေးနေတာတွေ မျက်နှာချိုသွေးနေတာတွေ အများကြီးပဲ။ ဒါကိုကျတော့ စာရိတ္တအမှားကြီးလို့ မသတ်မှတ်ကြပဲနဲ့ ဝေဒနာရှင်တွေကိုမှ သတ်မှတ်တာ ကျွန်မတို့လူတွေရဲ့အားနည်းချက်ပါ'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ယင်းဆုတောင်းပွဲသို့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အိပ်ခ်ျအိုင်ဗွီလုပ်ငန်းများ ဆောင်ရွက်နေသော လူထုအခြေပြုကွန်ရက် ခုနစ်ခုမှ တာဝန်ရှိသူများ၊ သရုပ်ဆောင် ချစ်သုဝေနှင့် အေအိုင်ဒီအက်စ် ရောဂါဝေဒနာရှင်များ တက်ရောက်ခဲ့ကြပြီး သက်ဆိုင်ရာ တာဝန်ရှိသူတို့က အေအာရ်တီဆေး လက်လှမ်းမီစွာ ရရှိရေး၊ ခွဲခြားဆက်ဆံခံရမှုတို့မှ ကင်းလွတ်ရေး၊ ဝေဒနာရှင်များအား အလုပ်အကိုင် အခွင့်အလမ်းနှင့် ပတ်သက်၍လည်း အခွင့်အရေးပေးရေး၊ လိင်ဆက်ဆံရာတွင် အကာအကွယ်ဖြစ်သော ကွန်ဒုံးကို ဆောင်လျှင်လည်း မြန်မာနိုင်ငံရှိ ဥပဒေနှင့် လုပ်ထုံးလုပ်နည်း အချို့တို့မှာ အဟန့်အတား ဖြစ်နေသည့်အတွက် ပယ်ဖျက်ပေးရန်တို့ကို အဓိကထား ဟောပြောဆွေးနွေး ခဲ့ကြသည်။

ဝေဒနာရှင်များအား ခွဲခြားဆက်ဆံခြင်း မပြုရန် ဒေါ်အောင်ဆန်းစုကြည်က ဟောပြောနေစဉ် (ဓာတ်ပုံ-သက်မျိုးမင်း)

EMG
ပြန်လည်မျှဝေပါတယ်။
28.5.2013

No comments:

Post a Comment