ဒေါ်အောင်ဆန်းစုကြည် Global Peace Forum ၌ မိန့်ခွန်းပြောကြားနေစဉ် (Photo - Alex Bitter/Ka Leo O hwaii)
မြန်မာနိုင်ငံအနေဖြင့် အမေရိကန်၊ တရုတ် နှစ်နိုင်ငံစလုံးနှင့်
မိတ်ဆွေဖြစ်ရန် လိုအပ်ကြောင်းနှင့် ငြိမ်းချမ်းရေးအတွက် သတ္တိနှင့်
ကရုဏာတရား လိုအပ်ကြောင်း အမေရိကန် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က
ပြောကြားခဲ့သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဒေါ်အောင်ဆန်းစုကြည်သည် ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေး၊
မြန်မာနိုင်ငံနှင့် ဟာဝိုင်ယီပြည်နယ်ရှိ ယဉ်ကျေးမှု ကွဲပြားခြားနားမှုများ၊
မြန်မာနိုင်ငံရှိ ကျန်းမာရေးစောင့် ရှောက်မှု အခြေအနေများ၊ ပညာရေး၏
အရေးပါပုံတို့ကို အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီတွင် ဇန်န၀ါရီလ ၂၆ ရက်က
ကျင်းပခဲ့သည့် ရိုထရီ အင်တာနေရှင်နယ် ကမ္ဘာ့ငြိမ်းချမ်းရေးဖိုရမ်တွင်
ပြောကြားခဲ့သည်။ ထို့ပြင် ဟာဝိုင်ယီ ငြိမ်းချမ်းရေးဆု (Hawaii Peace
Award) ကိုလည်း လက်ခံရယူခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဟာဝိုင်ယီရှိ အထက်တန်းကျောင်းသားများနှင့်
ဇန်န၀ါရီလ ၂၆ ရက်က တွေ့ဆုံရာတွင်လည်း ငြိမ်းချမ်းရေး ရရှိရန်အတွက်
သတ္တိနှင့် ကရုဏာတရား လိုအပ်ကြောင်း၊ သတ္တိဆိုသည်မှာ စစ်မြေပြင်တွင်
ပြသသည့်အရာသာ မဟုတ်ကြောင်း၊ အပေးအယူလုပ်ရန်လည်း သတ္တိရှိရမည်ဖြစ်ကြောင်း
အစရှိသည်တို့ကို ပြောကြားခဲ့သည်။ထို့ပြင် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ် ကျခံနေရစဉ်
အတွေ့အကြုံများကိုလည်း ပြောကြားခဲ့သည်။
နေအိမ်အကျယ်ချုပ်ဘ၀နှင့် နေရပြီးသည့်နောက်မှ ငြိမ်းချမ်းရေးနှင့်
နီးစပ်လာသည်ဟု ခံစားရကြောင်း၊ ငြိမ်းချမ်းရေး နိုဗယ်ဆုရ၍
ငြိမ်းချမ်းရေးနှင့် နီးစပ်လာခြင်း မဟုတ်ကြောင်း၊ ရိုးသားဖြောင့်မတ်ရန်
သတ္တိရှိဖို့ လိုသည်ဟု ထင်ကြောင်း၊ ငြိမ်းချမ်းရေးအတွက်
သတ္တိလိုအပ်ပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ရိုထရီအင်တာနေရှင်နယ် ကမ္ဘာ့ငြိမ်းချမ်းရေး
ဖိုရမ်အခမ်းအနား၌ မီဒီယာများနှင့် တွေ့ဆုံရာတွင် မြန်မာ-တရုတ်ဆက်ဆံရေးသည်
ပြောင်းလဲသွားမည်ဟု မထင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် တရုတ်နိုင်ငံတွင်
ကွန်မြူနစ်အစိုးရ အစောပိုင်းကာလမှ စ၍ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့်
ကောင်းမွန်သည့် ဆက်ဆံရေးများ အမြဲတမ်းရှိခဲ့ပါကြောင်း၊ အဆိုပါ
အချိန်ကာလများက မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေပါကြောင်း၊
သို့ရာတွင် ပြီးပြည့်စုံသည့် အရာမဟုတ်သော်လည်း ဒီမိုကရေ စီဆီသို့
ဦးတည်လျောက်လှမ်းနေပါကြောင်း၊ ထိုအချိန်တုန်း ကတည်းက တရုတ်နိုင်ငံအပါအ၀င်
အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးကောင်းများ ရှိခဲ့ပါကြောင်း၊
အမေရိကန်ပြည်ထောင်စုနှင့် သီးသန့်ဆက်ဆံရေး ရှိရန်လိုအပ်သည်ဟု
မထင်ပါကြောင်း၊ အမေရိကန်ပြည်ထောင်စု သို့မဟုတ် တရုတ်နိုင်ငံ
တစ်နိုင်ငံနှင့်သာ မိတ်ဆွေဖြစ်ရမည်ဟု မဆိုလိုပါကြောင်း၊ မိမိတို့အနေနှင့်
အမေရိကန်ပြည်ထောင်စု၊ တရုတ်နိုင်ငံ နှစ်နိုင်ငံစလုံးနှင့် မိတ်ဆွေဖြစ်ရန်
လိုအပ်ပါကြောင်း၊ တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံ ဖြစ်ပါကြောင်း၊
အမေရိကန်ပြည်ထောင်စုသည် ထွန်းသစ်စ ဒီမိုကရေစီနိုင်ငံကို ကူညီရန်
စိတ်အားထက်သန်နေသည့် အင်အားအလွန်ကြီးမားသည့် နိုင်ငံဖြစ်ပါကြောင်း
အစရှိသည်တို့ကို ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဆုတံဆိပ်လက်ခံရန်နှင့် မိန့်ခွန်းပြောကြားရန်
အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားနိုင်ငံများသို့ ဇန်န၀ါရီလ ၂၄
ရက်မှ ဖေဖော်ဝါရီလ ၁ ရက်ထိ သွားရောက်နေသည်။ ထိုသို့
အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားခရီးစဉ်များသည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၃ ခုနှစ်အတွင်း
ပထမဆုံး ပြည်ပခရီးစဉ်တစ်ခုလည်း ဖြစ်သည်။
eleven media group |
No comments:
Post a Comment