Friday, 15 February 2013

မြန်မာနိုင်ငံတွင် နောက်ကြောင်းပြန်လှည့်မှုများဖြစ်နိုင်ဟု လူ့အခွင့်အရေးလှုပ်ရှားသူများ သတိပေး



(Washington Times သတင်းစာမှ 13 Feb 2013 ရက်စွဲပါ Human rights advocates warn of backsliding in Myanmar ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်သည် နောက်ကြောင်းပြန်လှည့်နိုင်သောကြောင့် အမေရိကန်
ပြည်ထောင်စုအနေဖြင့် စစ်တပ်ကျောထောက်နောက်ခံ အစိုးရအပေါ် ပိတ်ဆို့အရေးယူမှုများဖယ်ရှားခြင်းကို အထူး
သတိပြုရန် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့များက တိုက်တွန်းပြောဆိုလိုက်သည်။

“မတောင်းဘဲကမ်းလှမ်းလိုတဲ့ ကျွန်တော့်ရဲ့ အကြံပြုချက်ကတော့ အမေရိကန်အစိုးရအနေနဲ့ မြန်မာ့အရေးကိစ္စအပေါ်
ဖြေးဖြေးချင်းကိုင်တွယ်သွားပြီး တတ်နိုင်သလောက် သြဇာအရှိန်အဝါတစ်ခုရယူထားဖို့ပါပဲ” ဟု Amnesty International ၏ ဝါရှင်တန်ရုံးမှ အကြီးအကဲ Frank Jannuzi ကပြောကြားသည်။

မြန်မာသမ္မတ ဦးသိန်းစိန် အစိုးရက နိုင်ငံရေးအကျဉ်းသားရာပေါင်းများစွာကိုလွှတ်ပေးခြင်း၊ အတိုက်အခံနိုင်ငံရေး
ပါတီများကို တရားဝင် မှတ်ပုံတင်ခွင့်ပြုခြင်း၊ မီဒီယာဆင်ဆာတည်းဖြတ်မှုများ ဖြေလျှော့ပေးခြင်း၊ အလုပ်သမားသမဂ္ဂများ ထူထောင်ခွင့်ပြုခြင်း အစရှိသည်တို့ကြောင့် အမေရိကန်ပြည်ထောင်စုနှင့် မြန်မာနှစ်နိုင်ငံဆက်ဆံရေးမှာ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်း ပြန်လည်နွေးထွေးလာခဲ့သည်။

အိုဘားမား အုပ်ချုပ်ရေးအဖွဲ့သည် သွင်းကုန်ပိတ်ပင်ကန့်သတ်မှုများကို ဖယ်ရှားပေးခြင်းဖြင့် မြန်မာအစိုးရကို အပြုသဘော တုန့်ပြန်ခဲ့သည်။  ၂၀၁၂ သြဂုတ်လတွင် ကွန်ဂရက်လွှတ်တော်က ပိတ်ဆို့အရေးယူမှုအချို့ကို တစ်နှစ်အထိ ထပ်မံတိုးမြှင့်
လိုက်သော်လည်း အိုဘားမားအနေဖြင့် သွင်းကုန်ပိတ်ပင်မှုများ ဖယ်ရှားပေးနိုင်သည့် အခွင့်အာဏာ ပေးထားသည်။

သမ္မတအိုဘားမားသည် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ရာ သမိုင်းတွင် ပထမဆုံး မြန်မာနိုင်ငံသို့
လာရောက်လည်ပတ်သူ အမေရိကန်သမ္မတဖြစ်သွားသည်။

“ကျွန်တော်တို့ တဖြည်းဖြည်းချင်းသွားရမှာဖြစ်ပါတယ်၊ မြန်မာ့နိုင်ငံရေးအပေါ် ဘယ်လိုတုံ့ပြန်တယ်၊ တိုးတက် ဖြစ်ထွန်းမှုတွေ
အပေါ် ဘယ်လိုချီးမြှောက်တယ်ဆိုတဲ့အချက်နဲ့လုပ်ကိုင်သွားကြရမှာဖြစ်ပါတယ်”ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့(HRW)
မှ ဒါရိုက်တာ Tom Malinowski ကပြောကြားသည်။

“ကျွန်တော်တို့ရဲ့ မူဝါဒတွေဟာ အင်မတန် ရှင်းရှင်းလင်းလင်းနဲ့ပြတ်ပြတ်သားသား ဖြစ်နေဖို့လိုအပ်ပါတယ်”

လူ့အခွင့်အရေးတက်ကြွစွာလှုပ်ရှားသူများကမူ မြန်မာခေါင်းဆောင်များ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ လုပ်ကိုင်လာအောင် ပိတ်ဆို့အရေးယူမှုများက တစ်စိတ်တစ်ပိုင်းအားဖြင့် အထောက်အကူပြုခဲ့ကြောင်း ပြောကြားသည်။

“ကျွန်တော်တို့ဟာ အခုဆိုရင် ပိတ်ဆို့အရေးယူမှုတွေကို ဖယ်ရှားပြီးနောက် လမ်းခုလတ်ကိုရောက်နေပါတယ်။ အဲဒီပိတ်ဆို့အရေးယူမှုတွေဟာ အခုဆိုရင် ပယ်ပျက်နေပြီဖြစ်ပါတယ်။ အဲဒီတော့ မေးစရာဖြစ်လာတာက မြန်မာ့ပြုပြင် ပြောင်းလဲရေး နောက်ကြောင်းပြန်မလှည့်ပါဘူးဆိုတာကို အသေအချာ
ဖြစ်အောင် အမေရိကန်ပြည်ထောင်စုက ဘယ်လို အနေအထားမျိုးနဲု့လုပ်ဆောင်သွားမှာလဲဆိုတာပါ” ဟု မစ္စတာ Jannuzi ကပြောကြားသည်။

“အမေရိကန်ပြည်ထောင်စုအနေဖြင့် သြဇာအရှိန်အဝါတစ်ခုခုကို ကြီးနိုင်သမျှကြီးအောင်လုပ်ပြီး မြန်မာအပေါ် ချုပ်ကိုင်ထားရမှာ
ဖြစ်ပါတယ်” ဟု ၎င်းကဆက်လက်ပြောဆိုသည်။

“ဒါဟာ ပေါ့တီးပေါ့ဆပေးရမယ့် လက်ဆောင်မျိုးမဟုတ်ပါဘူး၊ မြန်မာနိုင်ငံမှာ အရေးကိစ္စမှန်သမျှ တိုးတက် ဖြစ်ထွန်းမှုရှိတယ် ဆိုတာကို အမေရိကန်ပြည်ထောင်စုက အခိုင်အမာဖြစ်အောင် လုပ်ဆောင်သွားရမှာပါ”ဟု ပြောကြားသည်။



Photo Credit: washingtontimes
 
by Yangon Chronicle on Friday, February 15, 2013 at 6:58pm ·

No comments:

Post a Comment