အခုတလော သတိထားမိတဲ့ ကိစ္စကတော့ ..
ဟိုနိုင်ငံက ဟိုလိုလုပ်တယ်။ ဒီနိုင်ငံမှာ ဒီကိစ္စကို ဒီလို ကိုင်တွယ်တယ်။
ဒါတွေကို အတုယူလိုက်ပါလားလို့ ပြောဆိုကြတာ မကြာခဏ ကြားရပါတယ်။
ကောင်းပါတယ်။ ကောင်းတာတွေ ဖြစ်လာဖို့ ကောင်းတဲ့ လုပ်ရပ်ကို အတုယူဖို့ ပြောလာကြတာ။
အဲဒီမှာ ကြုံလာရနိုင်တဲ့ တွေးစရာ လေးတွေကို တင်ပြလိုပါတယ်။
ဥပမာ စင်္ကာပူလို စီးပွားရေး တိုးတတ်အောင် လုပ်မယ်။ ထိုင်းလို လယ်သမားတွေကို အကူအညီ ပေးမယ်။ အင်ဒိုနီးရှားလို ပါလီမန် လုပ်ထုံး လုပ်နည်းကို အတုယူသင့်တယ် ... အစရှိသဖြင့်ပေါ့။
အဲဒီလို ရလဒ်တွေကို ကြည့်ပြီး အတုယူတာ ကောင်းပါတယ်။ ဒါပေမယ့် ဒီမှာ အချက် ၂ ချက် စဉ်းစားစရာ ရှိပါတယ်။
ပထမ အချက်က တွဲပါလာမယ့် ကိစ္စတွေအတွက်ပါ။ မဆလလက်ထက်က သမဝါယမကို လှောင်ကြသလိုမျိုး ... ရွှေဝါ ဆပ်ပြာ တစ်တောင့် ရဖို့ .. အပ်ချဉ်လုံး အဆွေးကိုလည်း မယူမနေရ ယူရတယ် ဆိုတာမျိုး။ စီးပွားရေး တိုးတတ်မှု အပါအဝင် အခြား ကိစ္စတွေကို အတုယူမယ် ဆိုရင် အတူတူ တွဲပါလာနိုင်တဲ့ .. သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု၊ လူမူတန်ဖိုးတွေ လျော့ကျမှု၊ အကျင့်စာရိတ္တတွေ ယိုယွင်းမှု၊ ငွေကိုသာ ကိုးကွယ်မှု၊ အရင်းရှင် စီးပွားရေး အစွန်းရောက်မှု၊ အလုပ်သမားတွေ ခေါင်းပုံဖြတ်ခံရမှု .. စတာတွေကို သေချာ တွေးဖို့ လိုပါတယ်။
ဒုတိယ အချက်ကတော့ ... လိုတဲ့ အပိုင်းလေးကိုပဲ ဖြတ်ယူဖို့ စဉ်းစားပြီး အခြေခံသဘောတရားကို နားမလည်တဲ့အခါ ... အဲဒီ အပိုင်းကိုပဲ ဇွတ်ဖြစ်အောင် လုပ်ရင်း အမှားပေါ် အမှားဆင့်တဲ့ ပြဿနာပါပဲ။ ရှင်းရှင်း ပြောရရင် ပညာမဲ့မှု ပြဿနာပါ။ မဆလ၊ နဝတ၊ နအဖ စတဲ့ စစ်အာဏာရှင်တွေ တောက်လျှောက် မှားခဲ့တဲ့ အမှားတွေလို့ ပြောရမှာပါပဲ။ ဒီအမှားကို ဆက်ပြီး မကျူးလွန်မိဖို့ လိုပါတယ်။
ဥပမာ လယ်ယာ အထွက်တိုးရမယ်။ ဘယ်နိုင်ငံက အတွက်တိုးတယ်။ အဲဒီမှာ ဘယ်မြေသြဇာကို သုံးတယ်။ မြန်မာပြည်ကို ဒါတွေ တင်သွင်းလိုက်မယ်။ ဒါဆို အထွက်တိုးမယ် ... ဆိုတဲ့ လိုသလောက်ပဲ ဖြတ်တွေးတဲ့ အတွေးပါ။ ဒါကို ဖြစ်မလာတော့ ဇွတ်လုပ်တယ်။ နောက်ပိုင်း ဘယ်လိုမှ မရတော့ စာရင်း လိမ်ရတယ်။ ဒီလိုနဲ့ပညာမဲ့မှုကနေ တိုင်းပြည်ပျက်ဖို့ ဖြစ်လာတာပါပဲ။
အလားတူ .. တံတားတွေ ဆောက်တယ်။ လမ်းတွေ ဖောက်တယ်။ ဒါဆိုရင် လမ်းပမ်း ဆက်သွယ်ရေး ကောင်းလာပြီး တိုင်းပြည်တိုးတတ်လာမယ် တွေးတယ်။ ဒီလိုနဲ့ မြစ်တွေ့ရင် တံတားဆောက်၊ ကိုယ်သွားချင်တဲ့ မြို့တွေကို လမ်းတွေ ဖောက်နဲ့ .. အရည်အသွေးလည်းမမှီ၊ ဘာအတွက် ဆောက်တာ၊ ဖောက်တာလည်းဆိုတာလည်း မသိနဲ့ ... နောက်ဆုံးတော့ .. ငွေကုန်၊ လူပမ်း၊ အသုံးမဝင် ... ပျက်စီးနဲ့ တိုင်းပြည် အကြွေးတွေ တင်ပါတော့တယ်။
တကယ်က လိုတဲ့ အပိုင်းပဲ ဖြတ်မယူဘဲ ... အခြေခံကိုသိအောင် ကြိုးစားပြီး .. သူတို့ လုပ်တာကို အတုယူ၊ ကိုယ့်ဆီမှာ သင့်တော်တောင် ပြုပြင် သုံးစွဲသင့်ပါတယ်။ လယ်အထွက်နှုန်း ကောင်းတာဟာ ...မြေသြဇာ တစ်ခုတည်း မဟုတ်ဘဲ .. အခြားသော အချက်အလက်၊ မျိုးစေ့၊ ရာသီဥတု၊ မြေသြဇာ၊ နည်းစနစ်၊ ပစ္စည်းကိရိယာ၊ ရာသီဥတု၊ ငွေကြေး၊ ပိုးသတ်ဆေး ... စတဲ့ မြင်သာ ထင်သာတဲ့ ကိစ္စတွေတင် မဟုတ်ဘဲ ... လယ်သမားတွေအတွက် နှစ်ရှည် ချေးငွေ၊ ဈေးနှုန်း အတက်အကျ ထိန်းမှု၊ ဈေးကွက် ရှာဖွေ ပေးမှု၊ လယ်ယာ စိုက်ပျိုးရေး နည်းပညာ သင်တန်း၊ သုတေသန လုပ်ဆောင်မှု၊ လယ်သမားတွေရဲ့ ကျန်းမာရေး၊ လယ်သမားတွေရဲ့ သားသမီးတွေရဲ့ ပညာရေး၊ လူမှုရေး ... စတာတွေကိုပါ အကုန်ကြည့်ရမှာ ဖြစ်ပါတယ်။ အဲဒီလို တစုံလုံးကို မကြည်ဘဲ ... တစ်ခုတည်း လုပ်ပြီး အထွက်နှုန်းတိုးဖို့ လုပ်နေမယ်ဆိုရင် မပြည့်စုံပါဘူး။
ဒီတော့ သူတို့ တိုးတတ်တာကို အခြေခံကနေ နားလည်အောင်လုပ်ပြီး ... ကိုယ့်ဒေသမှာ ဘာတွေ လုပ်သင့်တယ် ဆိုတာကို ပြုပြင် သုံးစွဲရမှာ ဖြစ်ပါတယ်။
လမ်းဖေါက် တံတား ဆောက်ရာမှာလဲ အတူတူပါပဲ။ တနိုင်ငံလုံး မြို့တွေကို အနှံ့ဖောက်ဖို့ စဉ်းစားတာထက် ... စစ်တမ်းတွေ ကောက်ယူပြီး လူဦးရေ အချိုးအစားအရ ဘယ်နေရာမှာ ဖေါက်သင့်၊ ဆောက်သင့်တယ်ဆိုတာကို အရင်တွက်ရပါမယ်။ နောက်ပြီး စီးပွားရေး အရလည်း တွက်ရပါမယ်။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုကို ထည့်စဉ်းစားရပါမယ်။ ယဉ်ကျေးမှု အမွေအနှစ်ကို ထည့်တွက်ရပါမယ်။ ပြီးရင် အရည်အသွေးကနေ စပြီး အင်ဂျင်နီယာပိုင်း ဆိုင်ရာကို ကျွမ်းကျင်သူတွေကို လုပ်ခွင့်ပေးရပါမယ်။ အဲဒီလို မစဉ်းစားဘဲ .. လမ်းဖေါက်တိုင်း ကောင်းတယ်၊ တံတားဆောက်တိုင်း ကောင်းတယ်ဆိုပြီး လုပ်ရင် ကောင်းကျိုးထက် ဆိုးကျိုးပဲ ပိုပါလိမ့်မယ်။
နိုင်ငံရေး ပုံစံကို အတုယူတာလည်း အတူတူပါပဲ။ နိုင်ငံရေး အခြေခံ သဘောတရား၊ ကမ္ဘာ့နိုင်ငံရေး၊ စီမံအုပ်ချုပ် ခန့်ခွဲ့မှု၊ လူထုအတွက် မှုဝါဒ၊ ယဉ်ကျေးမှု၊ အစဉ်အလာ၊ စီးပွားရေး၊ အတွေးအခေါ်၊ အယူဝါဒ၊ ဘာသာရေး၊ သမိုင်းဖြတ်သန်းမှု ... စတာတွေကို အရင်ဆုံး အခြေခံ ကျကျ နားလည်ဖို့ လိုပါတယ်။ ပြီးမှ .. အခြားနိုင်ငံတွေကို ကြည့်ပြီး ... သူတို့ လုပ်တာကို အတုယူပြီး ... ကိုယ့်နိုင်ငံမှာ အသုံးဝင်အောင် လိုအပ်တဲ့ ပြုပြင်မှုတွေ လုပ်ပြီးမှ အတုယူသင့်ပါတယ်။ နည်းနည်းလေး ဆင်တူတာနဲ့ အတုယူသင့်တယ်ဆိုပြီး ကောက်ချက် မစောစေလိုပါဘူး။
ဥပမာ မြန်မာလူမျိုးတွေရဲ့ အတွေးအခေါ်က လက်ဝဲစာပေ ထွန်းကားမှု၊ လွှမ်းမိုးမှု အောက်မှာ ရှိတာကြောင့် လက်ဝဲဆန်တဲ့ အယူဝါဒနဲ့ အခု တိုးတတ်နေတယ်ဆိုတဲ့ လက်ယာဝါဒရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပုံစံကို ဘယ်လို ပေါင်းစပ်မလဲ တွေးရပါမယ်။ စင်္ကာပူလို အမေရိကန်ဆန်ခြင်း (သို့) အနောက်ဆန်ခြင်း (Americanization or Westernization) လုပ်ဖို့ ၁၀၀% ဖြစ်နိုင်ပါ့မလား။ ဒါတွေကို တွေးနိုင်ဖို့ ... သုတေသန လုပ်ရပါမယ်။ စစ်တမ်းကောက်ဖို့ လိုပါတယ်။ ဒါ့အပြင် မူဝါဒ ဖေါ်ဆောင်မယ့် လူတွေဟာ လက်ဝဲ၊ လက်ယာ ဝါဒ၊ အနောက်နဲ့ အရှေ့အတွေးအခေါ်၊ လူမှုအသိုင်းအဝိုင်းဆိုင်ရာ ဘာသာရပ်၊ စီးပွားရေး ပညာရပ် ... စတာတွေရဲ့ အခြေခံတွေကို အနိမ့်ဆုံး သိထားဖို့ လိုပါတယ်။
ဒီလို အချက်တွေကို သေချာ စဉ်းစားပြီးမှ နားလည်အောင်ကြိုးစားပြီး အတုယူဖို့ လုပ်မယ်ဆိုရင် ... တိုင်းပြည်ဟာ တိုးတတ်ဖို့ မဝေးတော့ဘူးလို့ ယုံကြည်မိပါကြောင်း ....
(ကိုထိုက်)

No comments:
Post a Comment