Monday, 11 February 2013

ဂျပန် စစ်သင်္ဘော ရေဒါအား နှောင့်ယှက် ပိတ်ဆို့ မှုနှင့် စပ်လျဉ်း၍ တရုတ် နိုင်ငံမှ တောင်းပန် စကားပြောကြားရန် ဂျပန် ဝန်ကြီးချုပ် တောင်းဆို





နိုင်ငံတကာ ရေပိုင်နက် အတွင်းရှိ ဂျပန်ဖျက် သင်္ဘော တစ်စင်း၏ ရေဒါ လုပ်ဆောင်မှုကို တရုတ် ဖရီးဂိတ် စစ်သင်္ဘော တစ်စင်းက နှောင့်ယှက် ပိတ်ဆို့မှု နှင့်ပတ်သက်၍ ဝန်ခံရန်နှင့် တောင်းပန် စကားပြော ကြားရန် ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက တရုတ် အစိုးရကို ဖေဖော်ဝါရီ ၈ ရက်တွင် တောင်းဆို ခဲ့ကြောင်း ဂျီဂျီ သတင်းဌာန၏ ထုတ်ပြန်ချက် များအရ သိရသည်။

အရှေ့တရုတ် ပင်လယ် အတွင်းရှိ အငြင်းပွားဖွယ် ဖြစ်သော ကျွန်းများ အရေးနှင့် ပတ်သက်၍ တရုတ်နှင့် ဂျပန် နှစ်နိုင်ငံ အကြား အငြင်းပွားမှုသည် တင်းမာ လျက်ရှိနေချိန်တွင် ဂျပန် နိုင်ငံ၏ စွတ်စွဲချက် များကို တရုတ် နိုင်ငံက ငြင်းပယ် ခဲ့ပြီး နောက်ပိုင်းတွင်မှ အဘီ၏ တောင်းဆိုချက် ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သိရသည်။

တရုတ် နိုင်ငံသည် ၎င်းတို့၏ လုပ်ဆောင်မှု နှင့်စပ်လျဉ်း၍ ဝန်ချ တောင်းပန်စေ လိုကြောင်း၊ သို့မှသာ ထိုသို့ သော လုပ်ရပ်မျိုးကို ထပ်တလဲလဲ လုပ်ဆောင်ခြင်းမှ ဟန့်တား နိုင်ရန် မိမိတို့ ကြိုးပမ်း လုပ်ဆောင် သွားမည်ဟု ဝန်ကြီးချုပ် အာဘေး၏ ပြောကြားချက်ကို BS Fuji ရုပ်သံလွှင့် ဌာနနှင့် Jiji သတင်းဌာနတို့ သတင်း ထုတ်ပြန်ခဲ့သည်။

တရုတ် ဖရီဂိတ် စစ်သင်္ဘော၏ ရေဒါ ပိတ်ဆို့မှုနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များ မှတ် တမ်းတင် ဓာတ်ပုံများနှင့် မျက်မြင် သက်သေများကို အခိုင်အမာ ရရှိထားကြောင်း ဝန်ကြီးချုပ် အာဘေးက သက်သေ အထောက် အထားများဖြင့် ကိုးကား ပြောကြားခဲ့သည်။

ဂျပန် နိုင်ငံ၏ စွတ်စွဲချက်ကို တရုတ် နိုင်ငံက ငြင်းဆိုပြီး နောက်ပိုင်းတွင် တရုတ် သံအမတ် တစ်ဦးကို ဂျပန်နိုင်ငံ က ဖေဖော်ဝါရီ ၈ ရက်တွင် ဆင့်ခေါ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆင့်ခေါ်မှုသည် ယခုနှစ် အတွက် တတိယ မြောက် အကြိမ် ဖြစ်ကြောင်း သိရသည်။

တရုတ် နိုင်ငံဘက်မှ ယင်းကဲ့သို့ တုံ့ပြန်မှုသည် လုံးဝ လက်ခံနိုင်သည့် အနေအထား မရှိကြောင်း တရုတ်သံ အမတ် ချန်ယောင်ဟွာကို ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ချီကာဂို ခါဝိုင်အီက ပြောကြားခဲ့သည်။

No comments:

Post a Comment