Wednesday 30 January 2013

“Together we can” ဒေါ်အောင်ဆန်းစုကြည်၏မိန့် ခွန်း.......

ဒေါ်အောင်ဆန်းစုကြည်၏မိန့် ခွန်း.......

“Together we can” ဆိုတာကနေ ကျမတို့တွေဟာ အခွဲခြားခံရသူတွေ၊ အားနည်းအောင် လုပ်ထားခြင်းခံရသူတွေကို တကမ္ဘာလုံးသိအောင် လှိုက်လှိုက်လှဲလှဲနဲ့
တညီတညွတ်ထဲ အကူအညီပေးနေကြတာ၊ ဂုဏ်ပြုနေကြတာ ဖြစ်ပါတယ်။

ကျမ ပါဝင်ခဲ့တဲ့ အခမ်းအနားတွေ အားလုံးထဲမှာ ဒီအခမ်းအနားကတော့ စိတ်ကို အလှုပ်ခတ်နိုင်ဆုံးနဲ့ အားတက်စရာအကောင်းဆုံးပါဘဲ။ ဘာကြောင့်လည်းဆိုတော့ အားကစားသက်သက်ကိုသာ ကျင်းပနေတာ
မဟုတ်ဘဲ အရာအားလုံးထက် ပိုအရေးပါတဲ့ လူသားရဲ့ စိတ်ဓါတ်ခွန်အား ကြီးကျယ်မှုစွမ်းအား (supremacy of human spirit)ကိုပါ အသိအမှတ်ပြု ကျင်းပပေးနေလို့ပါဘဲ။

အဲဒီစိတ်ဓါတ်ခွန်အားဟာ ဗဟုသုတပညာ၊ စိတ်ခံစားမှု၊ စီးပွားရေး စတာတွေထက် ပိုပြီး အရေးကြီးတယ်ဆိုတာရယ်၊ “မသန်စွမ်းသူဆိုတာ တကယ့် တကယ် ကိုယ်ခန္ဓာချွတ်ယွင်းနေသူတွေကိုသာ ခေါ်တာ မဟုတ်ဘဲ အဲလို ချွတ်ယွင်းနေသူတွေကို ကရုဏာမေတ္တာ မထားနိုင် သူတွေကိုပါ
ခေါ်ပါတယ်” ဆိုတာရယ်ကို လူကြီးမင်းတို့က ဒီကနေ ပြလိုက်တာပါဘဲ။

မသန်းစွမ်းသူတွေနဲ့ ပတ်သက်ပြီး ခွဲခြားဆက်ဆံမှုတွေ၊ နားလည်မှု မရှိတာတွေကို ကျမတို့အားလုံး အတူတကွ ကျော်လွှားနိုင်တယ်လို့ ဒီအခမ်းအနားကနေ သက်သေပြနိုင်မယ်လို့ မျှော်လင့်ပါတယ်။ မသန်းစွမ်းမှုဆိုတာ ထာဝရ မကျော်လွှားနိုင်တဲ့ကိစ္စ မဟုတ်ပါဘူး။ စိတ်ဓါတ်ဟာ ဘယ်လို မသန်စွမ်းမှုကိုမဆို ကျော်လွှားနိုင်စွမ်း ရှိပါတယ်။

ဒီနေ့ ကျမတို့တတွေဟာ လူသားတွေရဲ့ စိတ်ဓါတ်ခွန်အား ဘယ်လောက် ကြီးကျယ်တယ်ဆိုတာကိုသာ အသိအမှတ်ပြုကျင်းပတာ မဟုတ်ဘဲ လူသားတွေရဲ့စည်းလုံးမှု ဘယ်လောက်ကြီးမားတယ် (The Supremacy
of Human Solidarity) ဆိုတာကိုလည်း အသိအမှတ်ပြုကျင်းပနေကြတာ
ဖြစ်ပါတယ်။

ဒါကြောင့်ဘဲ ဒီအခမ်းအနားရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “Together we can” ဆိုတာကနေ ကျမတို့တွေဟာ အခွဲခြားခံရသူတွေ၊ အားနည်းအောင် လုပ်ထားခြင်းခံရသူတွေကို တကမ္ဘာလုံးသိအောင် လှိုက်လှိုက်လှဲလှဲနဲ့
တညီတညွတ်ထဲ အကူအညီပေးနေကြတာ၊ ဂုဏ်ပြုနေကြတာ ဖြစ်ပါတယ်။ တကယ်တော့ ဒီလူတွေကို သဘာဝတရားကြီးက အားနည်းအောင် လုပ်တာ မဟုတ်ဘဲ လူ့အဖွဲ့အစည်းကိုယ်တိုင်က ခွဲခြားဆက်ဆံအားဖြင့် အားနည်း သိမ်ငယ်အောင် လုပ်ထားတာပါ။ သူတို့ကို အားနည်းသူအဖြစ် သတ်မှတ် ထားကြတယ်၊ သူတို့ရဲ့ အားသာချက်ကို အရေးမပေးဘဲ သူတို့ရဲ့ အားနည်းချက်အပေါ် အာရုံထားခြင်းအားဖြင့် အားနည်းအောင်
လုပ်ထားကြတာ ဖြစ်ပါတယ်။

ဒီအိုလံပစ်ပွဲတော်ရဲ့ အခမ်းအနားမှုးက နိုင်တဲ့သူတွေထက် ရှုံးတဲ့သူတွေကို ဂုဏ်ပြုပေးမယ်ဆိုတော့ ကျမတစ်ခုကို သတိရမိပါတယ် ...... တခါတုန်းက လူကြီးတွေနဲ့ ယှဉ်ပြိုင်ပြေးပြီး နောက်ဆုံးမှ ပန်းဝင်တဲ့ကလေးတစ်ယောက်က “ကျနော် နောက်ဆုံးက နိုင်တယ်”လို့ ပြုံးပြုံးလေး ပြောလိုက်တာကိုပါ။ ကျမကတော့ အဲဒါကို ကောင်းလိုက်တာလို့ဘဲ တွေးမိပါတယ်၊ ရှေ့ဆုံးက ရှုံးရှုံး၊ နောက်ဆုံးကဘဲ နိုင်နိုင် အရေးမကြီးလှပါဘူး။ အဓိကကတော့ စိတ်ဓါတ်ပါဘဲ။

လူကြီးမင်းတို့တွေ အခက်အခဲ အမျိုးမျိုးကို ဘယ်လိုကျော်လွှား
အောင်မြင်ခဲ့တယ်ဆိုတာကို လမ်းညွှန်ပြသခြင်းအားဖြင့် ကျမတို့ တိုင်းပြည်မှာလည်း လူကြီးမင်းတို့ အများကြီး လာရောက် ကူညီပေး ကြလိမ့်မယ်လို့ ကျမ မျှော်လင့်ယုံကြည်ပါတယ်။ ဒါကြောင့်ဘဲ လူကြီးမင်းတို့ကို ကျမ ကျေးဇူးတင်စကားပြောလိုပါတယ်။ ကျမတို့ ဘ၀လမ်းမှာ တွေ့မယ့် အခက်အခဲတိုင်း၊ ဒုက္ခတိုင်းဟာ ကျော်လွှားလို့ ရတယ်ဆိုတာကို နားလည်စေတဲ့ အတွက်ပါ။

ကျေးဇူးအထူးတင်ပါတယ်။
မူရင်း  ဘာသာပြန်သူ  Spring Flowers

No comments:

Post a Comment