Thursday 24 January 2013

ငပုတောတွင် တောဆင်များ သတ်ဖြတ်ခံနေရ


 
ဆင်မုဆိုးများ သတ်ဖြတ်ထားသည့် ဆင်သေကို ဤသို့တွေ့ရသည် (ဓာတ်ပုံ – စိုးမိုး (ပုသိမ်))
ဧရာဝတီတိုင်း ဒေသကြီး ငပုတောမြို့နယ်အတွင်း ဆင်စွယ်မုဆိုးများ၏ သတ်ဖြတ်မှုကြောင့် တောဆင်ရိုင်းများ သေဆုံးနေရ ပြီး ၇ လ အတွင်း ဆင် ၅ ကောင် အသတ်ခံခဲ့ရကြောင်း ငပုတော လွှတ်တော်ကိုယ်စားလှယ်နှင့် ဒေသခံတွေက ပြောသည်။

ယခုလ ၃ ရက်နေ့က ငပုတောမြို့နယ် ငရုတ်ကောင်းမြို့နယ်ခွဲရှိ ဆင်မှုံ သစ်တောကြိုးဝိုင်းထဲတွင် ခေါင်းပြတ်နေသည့် ဆင်သေ တကောင်ကို သစ်တောအရာရှိများ တွေ့ရှိခဲ့ခြင်းသည် ၇ လအတွင်း အစွယ်ဖြတ် အသတ်ခံလိုက်ရသည့် ၅ ကောင်မြောက် တောဆင် ဖြစ်ကြောင်း သိရသည်။
“ဆင်က တောနက်ကြီးထဲမှာ စားဖို့ သောက်ဖို့မရှိတော့ လို့ အစာရှာရင်း ကားလမ်းဘေးတွေ ရောက်လာတာ။ တချို့ ဆင်စွယ် လိုချင်တဲ့ သူတွေက ဒေသခံတွေကို ပိုက်ဆံပေးပြီး လိုက်ပြခိုင်းတယ်။ ပြီးတော့မှ ဆင်ကိုသတ် အစွယ်ဖြတ်ပေါ့။ လုပ်တာတော့ တနယ်တကျေးက လူတွေပဲ။ အစုလိုက်အဖွဲ့လိုက်နဲ့ လာလုပ်ကြတာပေါ့။ ဒေသခံတွေ ပြောတာဆိုရင် ပါဂျဲရိုးနဲ့တောင် လာကြတယ်ပြောတယ်”ဟု ငပုတောမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအေးကြည်က ပြောပါတယ်။
ဆင်စွယ် အရောင်းအ၀ယ် ဈေးကွက်တွင် ဆင်စွယ်ကို ပိဿာချိန်နဲ့ ရောင်းဝယ်ကြပြီး ဆင်စွယ် ၁ ပိဿာလျှင် မြန်မာ ကျပ်ငွေ ၆ သိန်း မှ ၁၀ သိန်း အထိ ပေါက်ဈေးရှိကြောင်း သိရသည်။
ဆင်စွယ် တချောင်းသည် အနည်းဆုံး ၁၀ ပိဿာ မှ ၁၅ ပိဿာအထိ အလေးချိန် ရှိသည့်အတွက် ဆင်စွယ်တချောင်း တန်ဖိုးသည် တရားမ၀င် မှောင်ခိုဈေးကွက်၌ အနည်းဆုံး ကျပ်သိန်း ၆၀ မှ သိန်း ၁၀၀ ကျော်အထိ ရှိသည်။
ငပုတောမြို့နယ်ထဲတွင် ဆင်များ အဓိက အသတ်ခံနေရသည့် သစ်တောကြိုးဝိုင်းမှာ မြစ်တရာ ကြိုးဝိုင်းဖြစ်ပြီး ယင်း ကြိုးဝိုင်းအနီးရှိ တောကြီး၊ စမ်းကြီး၊ တောင်ချောင်းနဲ့ ပိုးလောင်း စသည့် ရွာများတွင် ခေါင်းပြတ်နေသည့် ဆင်သေများကို တွေ့ရှိရခြင်း ဖြစ်သည်။
တောဆင်များ အသတ်ခံရမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ရဲဌာနအနေဖြင့် ဆင်စွယ်ခိုး ဂိုဏ်းများကို သက်သေခံ ပစ္စည်းနှင့်တကွ ဖမ်းမိခြင်းမျိုး မရှိသေးဘဲ လမ်းပြသူ၊ အဖော်လိုက်ပါသူ ဒေသခံတချို့ကို ဖမ်းဆီး စစ်ဆေးခြင်းမျိုးသာ ရှိကြောင်း သိရသည်။
“ဖမ်းမိတဲ့ ဒေသခံတွေကလည်း ဒီမြို့နယ်ထဲက သစ်ခုတ်၊ ၀ါးခုတ်တဲ့လူတွေပါ။ သူတို့ ကူညီလိုက်တဲ့လူဟာ ဘယ်သူ ဘယ်ဝါ ဘယ်မှာ နေတယ်ဆိုတာ မပြောနိုင်ကြဘူး” ဟု ငပုတောမြို့နယ်မှ ရဲဝန်ထမ်းတဦးက ပြောသည်။
တောဆင်များ ယခုကဲ့သို့ စည်းမဲ့ကမ်းမဲ့ သတ်ဖြတ်ခံနေရမှုများကို ထိထိရောက်ရောက် မနှိမ်နှင်း အရေးမယူပါက တောဆင်ရိုင်းများ မျိုးသုဉ်းပျောက်ကွယ် သွားနိုင်ကြောင်း သာပေါင်းမြို့နယ်အခြေစိုက် Beautiful Land (လှပသောမြေ) သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးအဖွဲ့ခေါင်းဆောင် ဦးမြင့်အောင်က ဆိုသည်။
“ဆင်တွေကို သတ်တဲ့အခါမှာ သူတို့က ခေါင်းပိုင်းကိုပဲ သေနတ်နဲ့ပစ်ကြတယ်။ ပစ်ပြီးတော့ ခေါင်းကို ဖြတ်ပြီးတော့ ယူလိုက်တဲ့အခါ ကျတော့ ဒဏ်ရာဒဏ်ချက်နဲ့ လက်စလက်န မကျန်ခဲ့တော့ဘူးပေါ့။ တောရဲ့သဘောက ဇီဝမျိုးစုံ မျိုးကွဲ တွေကို ထိမ်းသိမ်းဖို့ လိုပါတယ်။ ခုလိုတွေ စည်းမဲ့ကမ်းမဲ့ အသတ်ခံနေရရင် နောင် ဆင်တွေ မျိုးသုဉ်းပျောက်ကွယ် သွားမှာ စိုးရိမ်မိတယ်” ဟု ၎င်းက ဆက်ပြောသည်။
မြန်မာ တနိုင်ငံလုံးတွင် ဆင်ကောင်ရေ စုစုပေါင်း ၅၀၀၀ ကျော် ရှိနေပြီး ငပုတောမြို့နယ်တွင် ဆင်ကောင်ရေ ၈၀၀ ခန့် ရှိနေကြောင်း သစ်တောဝန်ထမ်းများ အဆိုအရ သိရသည်။

No comments:

Post a Comment