Monday, 7 January 2013

မြောက်ပိုင်းသတ်ဖြတ်မှု သမိုင်းမှန်ဖော်ထုတ်ရှင်းလင်းခြင်းက ABSDF ကျောင်းသားတပ်မတော်ရဲ့ တော်လှန်ရေး အကျိုးစီးပွားကို မထိခိုက်နိုင်



Sunday, 06 January 2013

မြန်မာပြည်မြောက်ပိုင်းကျောင်းသားတပ်မတော်ကိစ္စ၌ သေဆုံးခဲ့သော
ကျောင်းသားရဲဘော်များ၏ သမိုင်းနှင့်သိက္ခာ၊ မျိုးဆက်သစ်များနှင့်မြန်မာ့
နိုင်ငံရေးသမိုင်းအတွက် သင်ခန်းစာများရရှိစေရန် ရည်ရွယ်ပြီး ထိုသမိုင်းမှန်ဖော်ထုတ်ခြင်းက ABSDF ကျောင်းသားတပ်မတော်ရဲ့
တော်လှန်ရေး အကျိုးစီးပွားကို မထိခိုက်နိုင်ဟု မြန်မာပြည် မြောက်ပိုင်း
ကျောင်းသားတပ်မတော် ရဲဘော်ဟောင်းများမှ (ABSDF-NB) မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားသည်။

“မြောက်ပိုင်းကိစ္စနဲ့ ဖြေရှင်းရမယ်ဆိုရင် အခြေခံမူသုံးခုထည့်ပြီး စဉ်းစားပါတယ်။ သေဆုံးသွားတဲ့ ရဲဘော်တွေရဲ့သမိုင်း ဂုဏ်သိက္ခာ၊ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုကို နောင်မျိုးဆက်သစ်တို့အတွက် သမိုင်းသင်ခန်းစာပေးစေလိုခြင်း၊ အနာဂတ်မြန်မာနိုင်ငံရေးဖြစ်စဉ်မှာ
တော်လှန်ရေးအရေခြုံ ထားသူတွေ၊ မရိုးသားတဲ့သူတွေဟာ
မြန်မာနိုင့်ငံရေးဖြစ်စဉ်မှာ ပါဝင်သင့်၊ မပါဝင်သင့်ကိစ္စကို အများပြည်သူကို တင်ပြဖို့အတွက် ကျွန်တော်တို့ အဲဒီလို ရည်မှန်းချက်မျိုးထားပါတယ်။
ဒါတွေကတော့ ABSDF ကျောင်းသားတပ်မတော်ရဲ့ တော်လှန်ရေး အကျိုးစီးပွားကို မထိခိုက်နိုင်ပါဘူး”ဟု ကျောင်းသားရဲဘော်
ဟောင်းတစ်ဦးဖြစ်သူ အဖြူရောင်တွဲလက်များမှ ဦးဆောင်သူ ကိုဘိုဘိုကပြောသည်။

အဆိုပါ ကျောင်းသားရဲဘော်များနှင့် မီဒီယာတွေ့ဆုံပွဲအား ဇန်န၀ါရီလ (၅)ရက်နေ့ နေ့လည် (၂) နာရီဝန်းကျင်က တော်ဝင်နှင်းဆီခန်းမ၌
ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

စစ်မှန်သော ကျောင်းသားရဲဘော်များ၏ ဂုဏ်သိက္ခာအား ပြန်လည်
ဖော်ထုတ်ပေးရန်၊ ကျောင်းသား တပ်မတော်အတွင်း ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်နှင့် ပတ်သက်၍ သမိုင်းအစစ်မှန်များကို သိရှိစေပြီးနောက် ၎င်းတို့ ပေးဆပ်ခဲ့ရမှုများအတွက် နောင်မျိုးဆက်များအား သင်ခန်းစာ
ရရှိစေရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထိုအဖြစ်အပျက်များအား ပြန်လည်ဖော်ထုတ်ရသောကြောင့် ABSDF၏ တော်လှန်ရေး အကျိုး စီးပွားအား ထိခိုက်မှု့မရှိနိုင်ဟု ယူဆကြောင်း အကျိုးဆက်အနေဖြင့် လက်ရှိတိုက်ပွဲဝင်နေသော
တော်လှန်ရေး ရဲဘော်များအနေနှင့် ထိုကဲ့သို့အဖြစ်အပျက်မျိုးအား လွယ်ကူစွာ မကျုးလွန်နိုင်တော့ ကြောင်းကိုလည်း ၄င်းက ဆက်ပြောသည်။

“တခြားတော်လှန်ရေးနယ်ပယ်မှာ ဆင်နွဲနေခဲ့တဲ့သူတွေက ဥပဒေရဲ့ပြင်ပမှာ ရောက်နေတာ မှန်တယ်။ သို့သော် ဒီလို လက်လွတ်စပယ်လုပ်လို့ မရဘူးဆိုတဲ့ အသိတစ်ခုကို ပေးနိုင်တာ ဒါ လတ်တလော အကျိုးကျေးဇူးပါပဲ။ ကျွန်တော်တို့တွေ စုပေါင်းပြီးတော့မှ အမှန်တရားတစ်ခုကို နောင် မျိုးဆက်အတွက် စေတနာထားပြီးတော့ လက်ဆင့်ကမ်းအနေနဲ့ ပေးလို့ရတယ်၊ အဲဒါက တော်လှန်ရေး အကျိုးစီးပွားပဲ။ ဘာကြောင့်လည်းဆိုတော့ ဒီအဖြစ်အပျက်မျိုးတွေ ကျွန်တော်တို့ ဖြစ်ခဲ့တယ်။ ဒါပေမယ့် မနာသွားဘူး။ ကျွန်တော်တို့တွေ ကျေနပ်တယ်။”ဟု ကိုဘိုဘို မှပြောသည်။

ဆက်လက်၍ ကျောင်းသားရဲဘော်များအနေဖြင့် ဖြစ်စဉ်များအတွက် ခံစားခဲ့ရသော်လည်း အမှန်တရားအတွက် ဖော်ထုတ်နေခြင်း
ဖြစ်ကြောင်းကိုလည်း ၄င်းကဆက်ပြောသည်။

“ကျွန်တော်တို့ ဒီစကားကို အမြဲ ပြောခဲ့ပါတယ်။ ကျွန်တော်တို့တွေ ခံစားခဲ့ရတာမှန်တယ်။ သို့သော် ကျွန်တော်တိုကတွေ သူတို့ကို ပြန်ပြီး ကလဲစားချေမယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ ဒီကိစ္စတွေ ပြန်ပြော နေတာမဟုတ်ဘူး။ အမှန်တရားအတွက်၊ တရားမျှတမှု့အတွက် သွားနေတာဖြစ်တယ်။” ဟု ကိုဘိုဘိုမှ ၄င်းတို့၏ ရည်ရွယ်ချက်အား ပြောကြားခဲ့သည်။

၁၉၉၁/၁၉၉၂ နှစ်တွင်း ABSDF မြောက်ပိုင်းရှိ ကျောင်းသားတပ်မတော်တွင်
ကျောင်းသား ၁၀၀ကျော်အား စစ်ထောက်လှမ်းရေးအဖြစ် စွပ်စွဲကာ ဖမ်းဆီး နှိပ်စက်ခံရပြီး ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုထွန်းအောင်ကျော် အပါအ၀င် ၃၈ ဦး သေဆုံးခဲ့ရသည့် ဖြစ်ရပ်များအတွက် သမိုင်းမှန်
ပေါ်ပေါက်စေရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ABSDF ၏ တိုက်ပွဲဝင်မူမှာ ဒီမိုကရေစီနှင့် လူအခွင့်အရေးအတွက်
ဖြစ်ကြောင်း၊ ၄င်းတို့အနေဖြင့် အဖွဲ့အစည်းအား တိုက်ခိုက်နေခြင်း မဟုတ်ကြောင်းကျောင်းသားဟောင်းတစ်ဦးဖြစ်သည့် ကိုညီညီကျော်မှ ယခုကဲ့သို့ ဆိုသည်။

“ကျွန်တော်တို့သဘောထားကို ပြောရရင်တော့ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်ခွဲခြားမြင်ပါတယ်။ ဒိတိုက်ပွဲ ၀င်ခြင်းဟာ ကိုယ့်ကိုကိုယ် ခုခံကာကွယ်တာလား၊ KIA က အကူအညီတောင်းလို့လား၊ အမှန်တိုင်းပြောရရင် ကျွန်တော် မသိပါဘူး။ ကျွန်တော်တို့ ABSDF အမှန်တကယ် တိုက်ပွဲဝင်မှု့ကတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး
အတွက် ဖြစ်ပါတယ်။” ဟု ကိုညီညီကျော်မှ မှတ်ချက်ပေးခဲ့သည်။

ထိုပွဲသို့ မနန်းအောင်ထွေးကြည်၊ ကိုရဲလင်း၊ ကိုဘိုဘို၊ ကိုညီညီကျော် အစရှိသော ကျောင်းသားရဲဘော်ဟောင်းများမှ ၎င်းတို့၏ တော်လှန်ရေး
ကာလအတွင်း တွေကြုံခံစားခဲ့ရသည့် အဖြစ်အပျက်များနှင့် ပတ်သက်၍ ၎င်းတို့၏သဘောထားအမြင်များကို ရှင်းလင်းသွားခဲ့ပြီး အချက်
(၅)ချက်ပါ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

၎င်းကြေညာချက်၌ နှစ်ပေါင်း(၂၀)ကျော်ကြာမြင့်သည့်တိုင် ပါဂျောင်ဒေသ၌ သတ်ဖြတ်ခံခဲ့ရသော ကျောင်းသားရဲဘော်များအား လက်ရှိ ABSDF အနေနှင့် ပြတ်သားစွာ ရပ်တည်ပေးနိုင်ခြင်း မရှိသည့် အပေါ် ၀မ်းနည်းကြောင်း၊ သတ်ခံရသည့် ကျောင်းသားရဲဘော်များအား
ABSDF ၏ ကျဆုံး ရဲဘော်စာရင်းတွင် ဂုဏ်ပြုမှတ်တမ်းတင်မည့်ဆိုပါက ကြိုဆိုကြောင်း မြောက်ပိုင်းဖြစ်စဉ်များ နှင့် ပတ်သက်၍ တရားမျှတမှုနှင့် အချက်အလက်အမှန်များ ပေါ်ပေါက်ရေးအတွက် ABSDF နှင့် ညှိနှိင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသည်တို့ပါဝင်သည်။

လက်ရှိ ABSDF (ဗဟို)၏ ပြန်ကြားရေးတာဝန်ရှိသူ ကိုကျော်သူရအား
မြောက်ပိုင်းသတ်ဖြတ်မှု သမိုင်းမှန်ဖော်ထုတ်ရှင်းလင်းခြင်းက ABSDF ကျောင်းသားတပ်မတော်ရဲ့ တော်လှန်ရေး အကျိုးစီးပွားကို မထိခိုက်နိုင်ဆက်သွယ်မေးမြန်းရာတွင် ၎င်းတို့အနေဖြင့် မည်သည့်သဘောထားမှတ်ချက်မှ မပေးလိုကြောင်း ဖြေကြားခဲ့သည်။

၁၉၈၈ အရေးအခင်းပြီးနောက် ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) အား ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး မြန်မာပြည်မြောက်ပိုင်းတွင် အဆိုပါ ကျောင်းသား ၁၀၀ ကျော်အား ဖမ်းဆီး နှိပ်စက်ခဲ့ပြီး ၃၈ ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ကျောင်းသားများအား ဦးဆောင်ဖမ်းဆီးခဲ့သူများမှာABSDF -NB မှ ရဲဘော်မျိုးဝင်း၊ ရဲဘော်သံချောင်း၊ရဲဘော် အောင်နိုင်အပါအ၀င် ၄င်းတို့ဖွဲ့စည်းထားသော
ကျောင်းသားတပ်မတော် ထောက်လှမ်းရေး အဖွဲ့က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မိုးမြင့်ကျော် (မြစ်မခ)
Shwe Myitmakha Media Group

No comments:

Post a Comment