Sunday 9 December 2012

အနာဂတ်ဟာ သိမ်းဆည်းခံ လယ်မြေလို ပျောက်ဆုံးနေပြီ



မျက်နှာပျက်စေတဲ့ အကျင့်ဆိုး ၀တ်လစ်စလစ် သိက္ခာမဲ့နေ့ များ
မျက်နှာပြောင်တိုက်ကာ တဆင့်တိုး တပတ်ရစ် အတွေးအခေါ်ဟောင်းတွေ ၀တ်ဆင်ရင်း
ဘ၀ပျက်ကို မိုက်မိုက်မဲမဲ သွေးဆောင်ဖျားယောင်
နာကျင် ခံစားချက်များရဲ့ ပဲ့တင်သံ မရပ်မနား ပူလောင်တယ်..။

မငြိမ်မသက် ပုံသေကားချပ်က သီအိုရမ်တစ်ခုလို
ထပ်တူမကျတော့တဲ့ အတွေးများ မီးလောင်
အနာဂတ်ဟာ သိမ်းဆည်းခံ လယ်မြေလို ပျောက်ဆုံး

တောင်ကတုံးပေါ် မျှော်လင့်ခြင်း ပန်းတခင်းလုံး အဆိပ်သင့်နေပြီ..။

ရေထဲဆင်းပြီး ရေချိုးပျင်းတဲ့ မြစ်လို
လက်ညှိုးထိုး မလွဲတဲ့ ဘုရားမြေမှာ သစ္စာတရားပျောက်နေပုံများ
ရေရှည် အရောင်းအစားခံထားပြီး သက္ကရာဇ်များအား ကျွန်ဇာတ်သွင်း
လုံခြုံစိတ်ချရအောင် အတိတ်ကို ထောင်ချထားတယ်..။



မပြောင်းမလဲ အရူးအမူး အမှောင်မှာ ကြိုးတုပ်ခံထားရတဲ့ စိတ်
မူးလို့ တောင် ရှုစရာမရှိတဲ့ ငြိမ်းချမ်းခြင်း လရောင်ကို ဖမ်းဆုပ်မရ
သိုက်တူးစဲ ကောင်းကင်တပြင်လုံး အရေပြား ပြိုကျလာသလို
လောကတောထဲ မင်းသားခေါင်းစွပ် မျက်နှာဖုံးများ နောက်မှ ကွာကျ
ရှေ့ မှာ လက်ညှိုးထောင် ခေါင်းညိတ် အဆိုးများ ၊ ထိုးထိုးထောင်ထောင် မြင်နေရတယ်..။

အလင်းရ ကြယ်တွေ ကြွေမကျအောင် ပန်းကုံးများလို ကြိုးနဲ့ သီပြီး
အဆင်းလှ အမြဲတမ်း ပြုံးနေတဲ့ ကောင်းကင်ရဲ့ ဦးခေါင်းမှာ ပန်ဆင်
အခင်းအကျင်းအစ ကောင်းမွန် မြင့်မြတ်တဲ့ကမ္ဘာမြေကို ဘိုးဘွားပိုင် အမွေပေးချင်တယ်..။

အိပ်ကောင်းချင်း မအိပ်ရတဲ့ နေ့ ရက်များ ကျေးလက်မှာ ဖုံလို ထူထပ်လာတယ် ...။
ဝမ်းမီးတောက်အား ဖြေရှင်းဖို့  မြို့ ပြဟာ အမိုက်ပုံမှာ ပစ္စုန်ပ္ပန်ကို ရှာနေတယ် ..။
လေကောင်းလေသန့် ရဖို့ အချင်းမများပဲ ပြတင်းတံခါးများကို ဖွင့်ပါ...။
နေ့ ကောင်းရက်မြတ်မှာ အမှန်တရား ကျန်းမာပါစေ..။


အောင်ခိုင်မြင့်
၀၉ ဒီဇင်ဘာ ၂၀၁၂

No comments:

Post a Comment