ထိုင်းနိုင်ငံရောက် မြန်မာအကျဉ်းသားတွေကို ဘယ်သူကယ်တင်မှာလဲ . . .( ဇော်သက်ထွေး )
Posted by EMG
လွန်ခဲ့သော နှစ်နှစ်တာ ကာလအတွင်း မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုအရွေ့တွင် ထူးခြားသော အဖြစ်အပျက်များ ရှိခဲ့ပါသည်။
ပထမဦးစွာ နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ထောင်သွင်း အကျဉ်းချထားသော နိုင်ငံရေးအကျဉ်းသား
အများစု လွတ်မြောက်ခဲ့ခြင်း ဖြစ်ပါသည်။ ဒုတိယအဖြစ်အပျက်မှာ ဒီမိုကရေစီအင်အားစု ကိုယ်စားပြုပါတီ ဖြစ်သော
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီသည် လွှတ်တော်နိုင်ငံရေး ဖြစ်စဉ်တွင် ပါဝင်သွားခြင်း ဖြစ်ပါသည်။ တတိယအဖြစ်အပျက်မှာ သတင်းမီဒီယာ
နယ်ပယ်တွင်ရှိနေသော တင်းကျပ်သည့် ဆင်ဆာမူဝါဒများကို ဖြေလျှော့ပေးခဲ့ခြင်း ဖြစ်ပါသည်။ လက်ရှိအခြေအနေတွင် နိုင်ငံတော်အစိုးရသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အာရုံစိုက်လုပ်ကိုင်နေပြီး ထောင်ထဲတွင် ကျန်ရှိနေသေးသော ယုံကြည်ချက် အကျဉ်းသားများကိုလည်း
သတိကြီးကြီးထား၍ ဆက်လက်လွှတ်ပေးလျက်ရှိပါသည်။ ထောင်ထဲတွင် ကျန်ရှိနေသေးသည့် အကျဉ်းသားများကိုလည်း
စောင့်ကြည့်ဝေဖန်မှုများကြောင့် ဆက်လက်လွှတ်ပေးမည့် အရိပ်အယောင်များကို တွေ့မြင်နေရပါသည်။
၂၃ နှစ်ကြာ စစ်အုပ်ချုပ်ရေး ကာလတစ်လျှောက် အရှေ့တောင်အာရှ အင်အားကြီးနိုင်ငံဖြစ်သော မြန်မာနိုင်ငံ၏
စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး အခြေအနေများမှာ ပြိုကွဲကျဆင်း သွားခဲ့ရသည်။ အမည်မျိုးစုံ ပေးထားသော တက္ကသိုလ်များမှ ဘွဲ့အသီးသီးရရှိခဲ့သော မြန်မာလူငယ်များမှာ နိုင်ငံတကာနှင့် ယှဉ်ပြိုင်ရသောအခါ များစွာနိမ့်ကျသွားခဲ့ပြီး မည်သည့်ပညာရပ်ကိုမှ
ကျွမ်းကျွမ်းကျင်ကျင် မတတ်။ နှစ်ပေါင်းများစွာ ပညာရေးအတွက် ရင်းနှီးမြှုပ်နှံ အချိန်ကုန်ခဲ့သော်လည်း ကျောင်းပြီးသောအခါ ဘာလုပ်ရမှန်းမသိ။
ပြည်တွင်းတွင် လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်း လုံးဝမရှိ။ အနာဂတ် ပျောက်နေသော လူငယ်တွေအတွက်
ထွက်ပေါက်ကတော့ တစ်ခုတည်းသာ ရှိပါသည်။ ယင်းထွက်ပေါက်မှာ ခေတ်မီတိုးတက် ပြောင်းလဲနေသော အိမ်နီးချင်းနိုင်ငံများသို့
အလုပ်သွားရောက် လုပ်ကိုင်ရေးပင်ဖြစ်ပါသည်။
တစ်ချိန်တစ်ခါက အုပ်ချုပ်ရေးပုံစံ၊ လူနေမှုစနစ်တွင် မြန်မာနိုင်ငံနှင့် မတိမ်းမယိမ်းရှိခဲ့သော အိမ်နီးချင်း နိုင်ငံများမှာ မြန်မာနိုင်ငံသားများထက်
အဆများစွာ ရှေ့ကိုရောက်သွား ခဲ့ပြီဖြစ်ပါသည်။ နိုင်ငံရေးစနစ် ပြောင်းလဲနိုင်မှုကြောင့် ကမ္ဘာနှင့်ပိုမို ပူးပေါင်းဆောင်ရွက်ခွင့်
ရသည့်အတွက် ခေတ်မီတိုးတက်သွားခြင်း ဖြစ်သည်။ စီးပွားရေး တိုးတက်လာသည်နှင့်အမျှ အလုပ်အကိုင် အခွင့်အလမ်းများလည်း
ပေါများလာသည်။ လူနေမှု အဆင့်အတန်း မြင့်မားလာသည့်အတွက် အလုပ်ကြမ်းများ လုပ်ကိုင်မည့်သူ ရှားပါးလာသည်။ အထူးသဖြင့်
စင်ကာပူ၊ မလေးရှား၊ ထိုင်းနိုင်ငံများတွင် အခြေခံအလုပ်သမား လိုအပ်ချက် များပြားလာကြသည်။ ထိုအခြေအနေသည် အနာဂတ်ပျောက်နေသော
မြန်မာလူငယ်များအတွက် ထွက်ရပ်လမ်း တစ်ခုဖြစ်လာခဲ့သည်။ စင်ကာပူနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းများ၊ မလေးရှားနိုင်ငံရှိ ရော်ဘာစိုက်ခင်းများ၊
ထိုင်းနိုင်ငံရှိ ငါးဖမ်းစက်လှေ လုပ်ငန်းများတွင် မြန်မာလူငယ် ယောက်ျား၊ မိန်းမများဖြင့် ပြည့်ကျပ်သွားခဲ့သည်။
မြန်မာမိသားစုတစ်စုတွင်အရွယ်ရောက်လာပါက "ထိုင်းဖြစ်ဖြစ်၊ မလေးရှားဖြစ်ဖြစ် အလုပ်သွားလုပ်ပါလား" ဟု ပြောလာကြသည်။
ပဲစိုက်သည့် အသက် ၆၀ အရွယ်ယာသူမကြီးက "သားသုံးယောက်လုံး မလေးရောက်နေလို့ ကိုယ်တိုင် လုပ်နေရတုန်းပါပဲတော်" ဟု
ညည်းတွားသည်။ ကျောက်ပန်းတောင်း၊ မိတ္ထီလာတစ်ကျောရှိ ရွာများတွင် လူငယ်လူရွယ်များ မရှိတော့။ အားလုံး မလေးရှား ရောက်နေကြသည်။
အညာရွာတွေမှာ ယောက်ျားလေးတွေ ရှားပါးသွားသလို ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်မှာလည်း တောင်ယာထွန်ယက်
စပါးပျိုးကြဲ၊ ပဲပျိုးကြဲမည့် သူတွေမရှိတော့ပါ။ ရခိုင်ပြည်နယ်က လူငယ်အားလုံးလည်း ပြည်ပကိုထွက်ခွာပြီး အလုပ်လုပ်နေကြရသည်။
လောလောဆယ် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော ထိုင်းနိုင်ငံတွင် မြန်မာသုံးသန်း ရှိနေသည်။
မလေးရှားနိုင်ငံတွင် မြန်မာတစ်သန်းရှိနေသည်။ စင်ကာပူတွင် မြန်မာတစ်သိန်းခန့် ရှိနေသည်။ သူတို့အားလုံး တိုင်းပြည်ကို ချစ်ပါသည်။
သို့ရာတွင် ဘ၀ပေး အခြေအနေအရ သူတစ်ပါးနိုင်ငံတွင် ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ကိုင်နေရခြင်း ဖြစ်ပါသည်။
ကိုယ့်နိုင်ငံ ကိုယ့်ရေမြေ မဟုတ်တော့ အနှိမ်ခံရသည်။ အနိုင်ကျင့် ဗိုလ်ကျတာခံရသည်။ ခေါင်းပုံဖြတ်တာ ခံရသည်။ ရွေးချယ်စရာလမ်းက များများစားစားမရှိ။
အဆုံးမှာတော့ မတရားမှုများ၊ အလိုမကျသည်များကို ကြံ့ကြံ့ခံကာ ရပ်တည်လှုပ်ရှားနေကြရသည်။
ထိုသူတွေထဲမှာထိုင်းနိုင်ငံရောက် မြန်မာလူမျိုးများသည် ဒုက္ခအရောက်ဆုံးဖြစ်သည်။ လုပ်ခခေါင်းပုံ ဖြတ်ခံရသည်။
တရားမ၀င်နေထိုင်မှုဖြင့် အဖမ်းခံရသည်။ အလုပ်ခွင်တွင် ကိုယ်အင်္ဂါ ပျက်စီးဆုံးရှုံးမှုများအတွက် လျော်ကြေးမရ။ နစ်နာမှုများအတွက်လည်း
မည်သူ့ထံ တိုင်ကြားရမှန်းမသိ။ သေချာတာတစ်ခုတော့ ရှိပါသည်။ ထိုင်းနိုင်ငံ၏ တည်ဆဲဥပဒေ တစ်ရပ်ရပ်ကို ချိုးဖောက်လျှင်တော့
အဖမ်းခံရမည်ဖြစ်သည်။ ကျူးလွန်ခဲ့သော ပြစ်မှုအတိမ်အနက်ကိုကြည့်၍ ထောင်ဒဏ်အပြစ်ပေးသည်။
အကြောင်းအမျိုးမျိုးကြောင့် ဥပဒေချိုးဖောက်မိ၍ ထိုင်းနိုင်ငံ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျနေသော မြန်မာနိုင်ငံသားများမှာ
တစ်သောင်းဝန်းကျင်ခန့် ရှိသည်ဟုဆိုပါသည်။ တချို့ကတော့ အမှန်တကယ် အပြစ်ကျူးလွန်၍ အဖမ်းခံရခြင်းဖြစ်ပြီး တချို့မှာ အပြစ်မရှိဘဲ
အဖမ်းခံရခြင်းများလည်း ရှိပါသည်။ မြန်မာနိုင်ငံသား အများစုမှာ ထိုင်းနိုင်ငံ၏ အခြေခံဥပဒေကို သေသေချာချာ နားလည်ထားခြင်း
မရှိသလို ဒုက္ခရောက်လျှင်လည်း မည်သူ့ထံ အကူအညီတောင်းခံရမှန်း မသိကြပေ။
ထိုင်းနိုင်ငံရှိ အကျဉ်းထောင်များအနက်စွန်ထဘူရီခရိုင် စွန်ထဘူရီမြို့ရှိ ဘန်းစွမ်ဗဟို အကျဉ်းထောင်တွင် မြန်မာအကျဉ်းသား ၃၀၀ ခန့်ရှိသည်။
ဘန်ကောက်မြို့ ချတ်တူချတ်ပန်းခြံဝမ်ဝေါလမ်းရှိကလောင်းပရင်းစ် ဗဟိုအကျဉ်းထောင်တွင် မြန်မာအကျဉ်းသား အကျဉ်းသူ ၂၅၀ ခန့်ရှိသည်။
ရာချာဘူရီခရိုင် ခေါင်ဘင်ဗဟို အကျဉ်းထောင်တွင် မြန်မာနှစ်ကြီး အကျဉ်းသား ၁၈၀ ခန့်ရှိသည်။
ချင်းမိုင်ဗဟို အကျဉ်းထောင်တွင် မြန်မာနှစ်ကြီး အကျဉ်းသား အကျဉ်းသူ ၁၅၀ ခန့်ရှိသည်။
ကလောင်းပိုင် ဗဟိုအကျဉ်းထောင်တွင် မြန်မာအကျဉ်းသား ၁၀၀ ခန့်ရှိသည်။
ချင်းရိုင်ဗဟို အကျဉ်းထောင်တွင် မြန်မာအကျဉ်းသား ၂၀၀ ခန့်ရှိသည်။
ပထုန်ဌာနီ အကျဉ်းထောင်တွင် မြန်မာအကျဉ်းသား ၅၀၊ ရယောင် အကျဉ်းထောင်တွင် မြန်မာ ၅၀၊
နခေါ်စီထမရတ်ထောင်တွင် မြန်မာ ၅၀၊ စုန်ခလောင်ထောင်တွင် မြန်မာ ၅၀၊
ဖိစနူလတ် အကျဉ်းထောင်တွင် မြန်မာလူမျိုး ၁၅၀ ခန့် ရှိကြသည်။
ဤစာရင်းမှာ လက်လှမ်းမီသမျှ စာရင်းဖြစ်ပါသည်။ စာရင်းအတိအကျ မရသေးသော အကျဉ်းထောင်များ ကျန်ရှိနေပါသေးသည်။
ထိုင်းနိုင်ငံရောက် မြန်မာအကျဉ်းသား တစ်သောင်းဝန်းကျင်အနက် ၂၀ ရာခိုင်နှုန်းမှာ နှစ်ကြီးသမားများ ဖြစ်ကြသည်။
နှစ်ကြီးသမားဆိုသည်မှာ ထောင်ဒဏ်နှစ် ၃၀ မှ သေဒဏ်အထိ ချမှတ်ခံထားရသူများ ဖြစ်ကြသည်။ မြန်မာအကျဉ်းသားများကို
ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ နှစ်နှစ်၊ သုံးနှစ်မှ တစ်ကြိမ်ခန့် ၀တ္တရားကျေ လာရောက်တွေ့ဆုံသည် ကလွဲ၍ ထိရောက်သော
ကူညီမှုမျိုး မပေးနိုင်ခဲ့ပေ။ လွတ်မြောက်ရန် ဝေးစွ။ မိသားစုလာရောက် တွေ့ဆုံနိုင်ခွင့်သည်ပင်လျှင် ခဲယဉ်းသော ကိစ္စဖြစ်နေသည်။
နှစ်ကြီးပြစ်ဒဏ် ကျခံနေရသော မြန်မာအများစုမှာ ထောင်ထဲ၌ အနည်းဆုံး ၁၀ နှစ် ထောင်နေသားရှိပြီး သူများဖြစ်သည်။
တချို့ဆိုလျှင် ထောင်သက် ၁၇ နှစ်၊ ၁၈ နှစ်ရှိသူများဖြစ်သည်။ အဓိက ပြဿနာမှာ ထိုင်းနှင့်မြန်မာတွင် အကျဉ်းသားလဲလှယ်ရေး စာချုပ်ချုပ်ဆိုထားခြင်းမရှိသည့် ပြဿနာပင်ဖြစ်သည်။
ထိုင်းနိုင်ငံနှင့် အကျဉ်းသား လဲလှယ်ရေး စာချုပ်ချုပ်ဆိုထားသည့် နိုင်ငံများမှာ အမေရိကန် ပြည်ထောင်စု၊ ကနေဒါ၊ အင်္ဂလန်၊ ပြင်သစ်၊
ဂျာမနီ၊ နယ်သာလန်၊ ဆွီဒင်၊ ဒိန်းမတ်၊ နော်ဝေ၊ အိုင်ယာလန်၊ သြစတြေးလျ၊ အစ္စရေး၊ နိုက်ဂျီးရီးယား၊ မာလီ၊ လာအို၊ ကမ္ဘောဒီးယား၊
ပါကစ္စတန်တို့ ဖြစ်ကြသည်။ ယင်းနိုင်ငံများမှ ထိုင်းတွင် ထောင်ကျသူများရှိခဲ့လျှင် နှစ်ကြီးသမားဖြစ်ပါက ထောင်နေသား ရှစ်နှစ်၊
နှစ်ငယ်ပါက ထောင်နေသား လေးနှစ်နေပြီး အပြစ်ကင်းရှင်းပါလျှင် မိမိနိုင်ငံသို့ စာချုပ်အရ ပြန်နိုင်ပါသည်။ မြန်မာအစိုးရသည်
မိမိနိုင်ငံတွင် ပြစ်မှုကျူးလွန်၍ အကျဉ်းကျနေသော ထိုင်းအကျဉ်းသားများကို ထိုင်းနိုင်ငံ၏ တောင်းဆိုချက်အရ လွှတ်ပေးခဲ့ရသည့်အကြိမ်ပေါင်း
မနည်းတော့ပေ။ သို့သော် ထိုင်းနိုင်ငံရှိ ထောင်အသီးသီးတွင် အကျဉ်းကျခံနေရသော မိမိနိုင်ငံသားများကို ပြန်လည်တောင်းဆိုခြင်း မရှိသည်မှာ အလွန်ဝမ်းနည်းစရာ ကောင်းပါသည်။
ဘန်ကောက်ရှိ ဗဟိုအကျဉ်းထောင် အပါအ၀င် တခြားအကျဉ်းထောင်များတွင် အကျဉ်းသားများအတွက် တစ်ပတ်လျှင်နှစ်ကြိမ်
မိသားစုနှင့် ဖုန်းပြောခွင့် ပေးထားပါသည်။ သို့သော် စကားပြောခွင့်ရသည့် အကျဉ်းသားများထဲတွင် မြန်မာအကျဉ်းသားများ မပါဝင်ပါ။ အကြောင်းရင်းကတော့ မြန်မာသံရုံးမှ ထောက်ခံချက် ထုတ်မပေးသောကြောင့်ဟု ဆိုပါသည်။ ထိုင်းအကျဉ်းထောင်အတွင်း၌
သက်ဆိုင်ရာ နိုင်ငံသံရုံးမှ ထောက်ခံချက်မပေးသော မည်သည့်နိုင်ငံသားမဆို ဖုန်းအသုံးပြုခွင့်မပေး။ ထို့ပြင် မြန်မာတွေအပေါ်
လူမျိုးရေးအရ ခွဲခြားဖိနှိပ် ထားချင်ပုံလည်းရပါသည်။ ဥရောပနိုင်ငံတွေမှ အကျဉ်းသားများဆိုလျှင် မိသားစုနှင့်သာမက ဘာသာရေး၊
လူမှုရေးမစ်ရှင်အဖွဲ့များကပါ တစ်လတစ်ကြိမ် လာရောက်တွေ့ဆုံပြီး စိတ်ဓာတ်ရေးရာအရ အားပေးမြှင့်တင် ပေးလေ့ရှိသည်။
မြန်မာအကျဉ်းသားတွေကတော့ ကူသူမဲ့၊ ကယ်သူမဲ့ဘ၀။ ကျန်းမာရေးချို့တဲ့၍ ဖျားနာနေသော မြန်မာအကျဉ်းသားအများစုမှာ
ဆေးကုသစရိတ် မတတ်နိုင်သည့်အတွက် ထောင်ထဲမှာပဲ သေဆုံးသွားတာမျိုးလည်း ရှိသေးသည်။
လူဆိုသည်မှာ အမှားကင်းသူမရှိ။ တစ်ကြိမ်တစ်ခါ ကျူးလွန်မိသောအမှားကြောင့် အကျဉ်းထောင်တွင်း ရောက်ရှိသွားသူများ
အတွက် ဘ၀ကို ပြင်ဆင်ခွင့်ပေးသင့်ပါသည်။ ဤသို့ဆိုရလျှင် ထိုင်းအကျဉ်းထောင်အတွင်းရှိ မြန်မာအကျဉ်းသားတွေမှာရော ပြင်ဆင်ခွင့် မရှိသင့်ဘူးလားဟု မေးခွန်းထုတ်စရာရှိပါသည်။ သူတို့တွေသည် မြန်မာလူမျိုး မြန်မာနိုင်ငံသားများ ဖြစ်ကြပါသည်။
နိုင်ငံရပ်ခြား အုတ်ရိုးလေးဘက် ကာရံထားသော အကျဉ်းထောင်တွင် ကယ်တင်ရှင်ကို မျှော်နေကြသူများလည်း ဖြစ်ပါသည်။
ထိုမြန်မာအကျဉ်းသားများ လွတ်မြောက်စေရန် ကယ်တင်နိုင်မည့်သူမှာ လောကတွင် များများစားစားမရှိ။
တစ်ဦးတည်းသော ကယ်တင်ရှင်မှာ မြန်မာအစိုးရသာလျှင် ဖြစ်ပါသည်။
သတင်း by Kyaw Swar Myint on Saturday, November 3, 2012 at 10:12pm ·

No comments:
Post a Comment