Monday 5 November 2012

ခြိမ်းခြောက်မှု မပါသော မစိုခြားစေခြင်း ဖြစ်စဉ်တခု



ယနေ့ည ဆယ်နာရီ ထိုးခါနီးတွင် မင်္ဂလာတောင်ညွန့် ရဲစခန်းမှူး၊ တာမွေ ရဲစခန်းမှူးနှင့် နယ်ထိန်းများ ရဲအရာရှိများ ရောက်လာကြသည်။ မနက်ဖြန်တွင် တရားရုံးကို လာရောက်ပါမည့် အကြောင့် ဆင့်ခေါ်စာ ခံဝန် ကျပ် တ
စ်သိန်းတန်ဖြင့် လက်မှတ် လာထိုးခိုင်းခြင်းဖြစ်ပါသည်။

ရဲအရာရှိများက ယဉ်ယဉ်ကျေးကျေး ပျူပျူငှာငှာ ရှိပါသည်။ အပြောအဆို အလွန်သတိထားပြီး ဆက်ဆံသည်ကို တွေ့ရပါသည်။ အထက် အမိန့် အရ ဆင့်ခေါ်ရခြင်းဖြစ်ကြောင်းလည်း ပြောပါသည်။

ကျနော် လေးနက်သော ပြန်ကြားချက်သာ ပေးလိုက်ပါသည်။

ကျနော်တို့သည် နိုင်ငံတော် တည်ဆောက်ရေး၊ ပြည်သူ့ ဘ၀ မြင့်တင်ရေးများကို ပင်ကိုယ်အသိစိတ်ဖြင့် ပြည်သူလူထု အကူအညီဖြင့်ပင် ပြည်သူလူထုကို စောင့်ရှောက်ကူညီမြင့်တင်နေသူများဖြစ်ကြောင်း ။ အချိန်ပို အနားယူအားလပ်ချိန် ဆိုသည်ပင် မရှိကြောင်း ကျန်းမာရေး အရ နားသင့်သည့် အချိန်မှာပင် နားရန်မကြိုးစားပဲ ဆင်းရဲတွင်းထဲ အလွန်နက်နေသော ပြည်သူ့ဘ၀ တိုးတက်သာယာမြင့်မားရေးကို အားသွန်ခွန်စိုက် လုပ်နေကြသော တာဝန်သိသူများဖြစ်ကြောင်း။ မိမိတို့ ဧ။် တန်ဖိုး ရှိသော အချိန်ကို ယခုကဲ့သို့ တရားတဘောင် ရင်ဆိုင်ရေး အတွက် တရက်လျှင် တရားရုံးတခုကို လိုက်လံ ဖြေရှင်း ခြင်း မပြုနိုင်ပါကြောင်း။

ပထမ အချက်မှာ သွားလာဆက်သွယ်ရေး စရိတ် စက အလွန်ကြီးမြင့်သည့် အတွက် တရားရုံးတခုက
ဆင့်ခေါ်လျှင် လိုင်းကား တိုး မစီး နိုင်သည့် ခါးဆစ် ရောဂါသည် ကျနော့်အတွက် တက်ကစီ ငှားရမည်ဖြစ်သည်။ အသွားအပြန် အနည်းဆုံး ကျပ် ရှစ်ထောင်၊ နေ့လည် ထမင်း စရိတ်နှင့် အနည်းဆုံး ကျပ် တစ်သောင်း ကျသင့်မည့် တရက်တာ တရားရင်ဆိုင်ရေး စရိတ်ကို မိမိ မတတ်နိုင်ကြောင်း။ ဆင်းရဲမွဲတေမှု လျော့ချ ပပျောက်ရေး ဟု သတင်းစာတွေမှာ တွင်တွင်ပါပါလျှက်နှင့် ယခုကဲ့သို့ ပြည်သူလူထု နိုင်ငံသား တဦးကို တနေ့လျှင် ကျပ် တသောင်းနှုန်းဖြင့် တရားရုံးပေါင်းများစွာက နေ့စဉ်ခေါ်ဆို တရားရင်ဆိုင်ခိုင်းနေခြင်းသည် နိုင်ငံသားတို့ကို ဆင်းရဲတွင်း ပိုမို မနက်စေဘူးလားဟု မေးခွန်းထုတ်လိုက်ပါသည်။

ဒုတိယ အချက် အနေဖြင့် မိမိတို့သည် ယနေ့ လူငယ်ထုကို အရာရာ စံနမူနာပြနိုင်အောင် ကျင့်ကြံနေထိုင်သူများဖြစ်ကြောင်း။ နောက်လာမည့် သားစဉ်မြေးဆက် အဆက်ဆက် အတွက် ဖြစ်သင့်သော လမ်းကို ဖြစ်အောင်ခင်းရန် ကြိုးစားသကဲ့သို့ မဖြစ်သင့်သော လမ်းကိုလည်း ဖျက်သိမ်းပိတ်ဆို့ နိုင်ရန် ကြိုးစားဖို့ တာဝန်ရှိကြောင်း။

ယခုကဲ့သို့ဖြစ်စဉ် အတူတူ အချင်းချင်း တရားစွဲချင်သူကို စွဲကာ။ တရားရုံးပေါင်းများစွာက မကြာခန ဆင့်ခေါ် တရားရင်ဆိုင်ခိုင်းနေခြင်းသည် လက်ရှိ တရားစီရင်ရေး စနစ်ကို ရင်ဆိုင်နေကြရသည့် နိုင်ငံသားတို့အားလုံး အတွက် သက်သက် အချိန် ငွေ အင်အား ဖြုန်းတီးခိုင်းနေခြင်းဖြစ်ကြောင်း ။ မဖြစ်သင့်သည့် လမ်းကြောင်းကို ပြတ်ပြတ်သားသား ကန့်ကွက် ပယ်ဖျက်ရမည့် တာဝန်ရှိပါကြောင်း

ပြီးတော့ ကျနော်တို့သည် တည်ကြည်ဖြောင့်မတ်မှု ဆိုစကား တည်မှုဖြင့် လူထု ကို ဦးဆောင်မှု တခုခု ပြသကာ နိုင်ငံတော် တည်ဆောက်ရေးတွင် တပိုင်တနိုင်ပါဝင် ထမ်းဆောင်နေသူများဖြစ်သောကြောင့် ဆိုစကားများသည် ဆိုခဲစေ မြဲစေဖြစ်ရမည်ဖြစ်ကြောင်း။ ထို့ကြောင့် မိမိပြောခဲ့သည့် အတိုင်း တရားစွဲမည့် မြို့နယ် အားလုံး စုပေါင်းပြီး တရားရုံးတခုခုတွင် တချိန်တည်း တနေရာတည်း တပြိုင်တည်း စွဲချက်တင် ရင်ဆိုင်ဖြေရှင်းရန် ဆင့်ခေါ်သည့် အချိန်ဆိုလျှင် မိနစ် ပိုင်းမျှ ပင် နောက်ကျ မခံပဲ လာရောက်ရင်ဆိုင်မည်ဖြစ်ပါကြောင်း

ယခုကဲ့သို့ တနေ့ကို တရုံးနှုန်းဖြင့် အလီလီ ဆင့်ခေါ်ခြင်းကို ပြတ်သားစွာ ငြင်းပယ်ပါကြောင်း၊ တရားခံပြေး ကြေငြာပြီး မဖြစ်မနေ ဖမ်းဆီးဆင့်ခေါ် ရင်ဆိုင်ရန် အမိန့်ပါလာသည်ဆိုပါကလည်း လက်ထိပ်ခတ် ဖမ်းဆီးထိန်းသိမ်းရန် ယခု ခေါ်ဆောင်သွားနိုင်ပါကြောင်း။ ကျနော့် သဘော တခုထဲနှင့်ကတော့ တရုံးကို တရက်စီ ဆင့်ခေါ်ခြင်းအား ဘယ်လိုမှ လိုက်လံ အချိန်ဖြုန်းပေးရန် သဘောမတူနိုင်ပါကြောင်း။ ငြင်းဆိုလိုက်သည်။

တရားဥပဒေပါ စကားရပ် တခုနှင့်ပင် အထွန့်တက်ရဦးမည်။

မည်သို့ပင် ဆိုစေကာမူ ဆိုသော စွပ်စွဲချက်ဖြင့် ထောင်ဆယ်နှစ်ဆိုသော စီရင်ချက်ကို ကြားခဲ့ဖူးသူအဖို့ ယနေ့ မည်သည့် ခြိမ်းခြောက်ဖိစီးမှုကို မဆို ဖြုံတော့မည် မဟုတ်ပါ။

မည်သို့ပင် ဆိုစေကာမူ လူမှုနိုင်ငံရေး ပြည်သူ့ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန် အဟုန်ဖြင့် ဆောင်ရွက်စီစဉ် ဆင့်ကာဆက်ကာ သွားနေသော ကျနော့် လှုပ်ရှားမှုများ အတွက်တော့ ယနေ့ တရားဥပဒေ နှင့် ပြည်ထဲရေး ၀န်ကြီးဌာန လုပ်ဆောငိချက်သည် အတော်ပင် ထိခိုက်မှု ရှိသည်ကိုတွေ့ရသည်။

လူထု အပေါ်တွင်လည်း ခြိမ်းခြောက်မှု ၊ ဖိစီးမှု တစုံတရာဖြစ်ပေါ် နေစေသည်ကိုလည်း လက်တွေ့ လေ့လာသိရှိရသည်။ တရားခံပြေး ကြေငြာခံရသော ကျနော်နှင့် အတူ လက်တွဲပြီး လုပ်လာသူ အချို့ကလည်း ဆက်ပြီး လူမှု ရေး အလုပ်များ လုပ်ရန် ရှောင်ဖယ်ခြင်း တချို့တွေ့လာရသည်။ လူထုအကြားမှာလည်း ငြိမ်းချမ်းရေး သီချင်းဆိုတာတောင် တရားစွဲခံရတယ် ကြောက်စရာ ခေတ်ဆိုးက မကုန်သေးဘူး ဟု ထင်မြင် ယူဆ သူများ လာသည်။

ကျနော်တို့သည် ခေတ်ကို ပြင်ရန် အားထုတ်နေသူများဖြစ်သည်။

ခေတ် အလျင် အတိုင်း မျောပါစီးဆင်းရန် ပကာသန၊ ဟန်ပြဂုဏ်ရောင်၊ အာဏာငွေကြေးဖြင့်ဖြစ်စေ၊ အကြောက်တရား၊ ခြောက်ခြား ထိတ်လန့်ဖွယ် ဖိစီးမှုဖြင့် ဖြစ်စေ တွန်းတိုက်ကျူံးသွင်းမှု မှန်သမျှကို သတိရှိစွာ၊ ပြတ်သားစွာဖြင့် ဖြတ်ကျော် ရင်ဆိုင် အတိုက်အခံ လုပ်ရမည့်သူများဖြစ်သည်။ ခေတ် အလျင် ကောင်းခြင်း ဆိုးခြင်းကို ခေတ်လူသားတို့နည်းတူ ကျနော်တို့ တည်းဖြတ် အကဲဆတ် ရပါမည်။

ယနေ့ ကျနော့်အိမ်ထံယာရောက် ဆင့်ခေါ်လာသော ပြည်သူ့ရဲ ၀န်ထမ်းများကို ပျူငှာဖေါ်ရွေ ယဉ်ကျေးမှု အတွက် လေးစားပါသော်လည်း တရက်ကို တရုံး ဆင့်ခေါ် ရင်ဆိုင်ခိုင်းသည့် ပြည်သူအပေါ် ဖိစီးနှိပ်စက်မှု ဖြစ်နေစေသည့် တရားစွဲဆိုခြင်း အမိန့်အား ၀မ်းနည်းစွာပင် ပယ်ရှားဆန့်ကျင်လိုက်ရပါသည်။

တရားရုံးအားလုံး ပေါင်းပြီး စစ်မည် ဆိုသောနေ့တွင်မှ ကျနော် သွားရောက်ပါမည်။ ဒီကြားထဲ မဖြစ်မနေ မရမနေ လာရောက်ရမည်ဆိုလျှင် ............. သူတို့ကို ကျနော် ပြုံးပြုံးပဲ ပြောလိုက်ပါသည်။

သံတိုင်နောက် ရောက်ခဲ့လျင်လည်း ဆက်ပြုံးနေအုံးမည့်သူဖြစ်ပါသည်။

ှ ဗိုလ်ကြီးဟောင်း နေမျိုးဇင် (မြန်မာ့လူမှု့ဘ၀ဖဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်)

No comments:

Post a Comment