Sunday, 4 November 2012

မင်းကြီးအနော်ရထာရဲ့  ပုဂံပြည်

အနော်ရထာကို ပုဂံဘုရင် ကွမ်းဆော်ကြောင်ဖြူမင်းနှင့် မိဖုရား မြောက်ပြင်သည်တို့မှ သက္ကရာဇ် (၃၇၆) ခုနှစ် (အေဒီ-၁၀၁၄) တွင် ဖွားမြင်ခဲ့သည်။ ကွမ်းဆော်ကြောင်ဖြူမင်းကို သားတော်နှစ်ပါးဖြစ်သည့် ကျဉ်စိုးနှင့် စုက္ကတေးတို့က အကောက်ကြံ နန်းချပြီး ကျဉ်စိုးမင်
းသား နန်းတက်လာခဲ့သည်။ ခြောက်နှစ်ကြာသောအခါ ညီတော် စုက္ကတေးက လုပ်ကြံသဖြင့် ကျဉ်စိုးမင်း သေဆုံးခဲ့ရပြီး ညီတော် စုက္ကတေးက နန်းတက်လာခဲ့ပြန်သည်။ စုက္ကတေး နန်းတက်သောအခါ အဖေတူ အမေကွဲဖြစ်သော အနော်ရထာ၏ မယ်တော်ကို သိမ်းပိုက်ခဲ့သည်။ နောင်အခါ စုက္ကတေး မင်းရဲ့ "ညီသားနောင်မယ်"မသင့်လျှော်သော စကားတွေကို အနော်ရထာ သိသောအခါ စုက္ကတေးမင်းကို မကျေမနပ်ဖြစ်ကာ နန်းတော်မှထွက်ပြီး ပုပ္ပားအရပ်သို့ ရှောင်တိမ်းခဲ့သည်။ ထိုအချိန်မှစ၍ အနော်ရထာသည် စစ်တိုက်ရန် လူစုဆောင်းခဲ့သည်။ နောက်ပိုင်း ပုဂံကို ပြန်လည်သိမ်းပိုက်ရန် ချီတက်လာပြီးနောက် စစ်ဖြစ်လျှင် လူအများအပြား သေကျေပျက်စီးမည်ကို မလိုလားသဖြင့် နောင်တော် စုက္ကတေးမင်းနှင့် မြင်းကပါအရပ်တွင် တစ်ဦးချင်းစီ တွေ့ဆုံတိုက်ခိုက် အနိုင်ယူ၍ ပုဂံနန်းတက်ခဲ့သည်။ အနော်ရထာမင်း နန်းတက်ပြီး မကြာခင်မှာပင် ဓမ္မဒဿီ (ခေါ်)အရှင်အရဟံမထေရ်မြတ်နှင့် တွေ့ဆုံ ဖူးမြင်ရ၍ အရှင်အရဟံ၏ အဆုံးအမကို ခံယူကာ ဗုဒ္ဓဘာသာဝင်ဖြစ်ခဲ့သည်။ နောက်ပိုင်း အနော်ရထာ မင်းသည် သထုံပြည်မှာ ပိဋကတ်တော်ရှိသည်ဟု သိရှိခဲ့သည်။ သက္ကရာဇ် (၄၉၁) ခုနှစ်တွင် အနော်ရထာမင်းသည် သထုံပြည်နှင့် တနင်္သာရီတို့ကို သိမ်းပိုက်ခဲ့သည်။ ထို့အပြင် သထုံပြည်မှာရှိသော ပိဋိကတ်အစုံ (၃၀) ကိုလည်း ပင့်ဆောင်ခဲ့သည်။ အဲဒီအချိန်မှ၍ အနော်ရထာမင်းသည် ကိုယ်တိုင်လည်း ပိဋကတ်တော်တို့ သင်ယူ ပြည်သူပြည်သားတို့ကိုလည်း ဗုဒ္ဓဘာသာ၏ အမွေအနှစ်ဖြစ်သော စာပေပိဋကတ်တော်တို့ကို သင်ယူစေခဲ့သည်။ အဲဒီအချိန်ကရင် သာသနာပြုမင်းမြတ် အနော်ရထာ၏ နန်းတည်ရာ ဖြစ်သော မြန်မာပြည် အလယ်ပိုင်းမှစ၍ ဗုဒ္ဓဘာသာ သာသနာထွန်းကားလာခဲ့သည်မှာ ယနေ့ထက်တိုင်ပင် ဖြစ်သည်။ ထို့အပြင် အနော်ရထာ နန်းတက်ချိန် အသက် (၃၀) ရှိပြီဖြစ်၍ သမိုင်းဝင် ဗုဒ္ဓဘာသာ သာသနာပြု မင်းမြတ် အနော်ရထာ၏ ချစ်သော ပုဂံပြည်ကို ထား၍ အသက် (၆၃) နှစ် နန်းသက် (၃၃) နှစ်တွင် နတ်ရွာစံ ကံတော်ကုန်ခဲ့လေပြီ တကား။

တက္ကသိုလ်မြတ်မင်း

No comments:

Post a Comment