Friday, 2 November 2012

တုန်လှုပ်ချောက်ခြားဖွယ်



အသက် ၂၃-နှစ်အရွယ်ရှိ မောင်ရဲထွဋ်သည် သူ့ဦးလေးဘုန်းကြီးနဲ့ မတွေ့ရသည်မှာ လတွေက တဖြုတ်ဖြုတ်ကြွေကျ၊ နှစ်တွေက တဖြည်းဖြည်း ဟောင်းနွမ်းသွားခဲ့လေပြီ။ မအားလပ်တာကတစ်ကြောင်း၊ အလှမ်းဝေးနေတာကတစ်ဖုံတို့ကြောင့် မတွေ့ဖြစ်ကြခြင်း ဖြစ်သည်။အားအားရားရားရှိမှ သွားမည်ဟုဆုံးဖြတ်လျှင် ဘယ်တော့မှသွားဖြစ်မှာ မဟုတ်တော့။

 ဆွေမျိုးဆိုတဲ့အသိ၊ သတိရခြင်းဆိုတဲ့ စိတ်တွေက သွားဖြစ်အောင် တိုက်တွန်းနှိုးဆော် လေသည်။ တစ်ရက်မှာတော့ သွားဖြစ်ဖို့ ဆုံးဖြတ်လိုက်သည်။ ထိုနေ့ သည် မိုးတွင်းကာလ မကုန်ဆုံးသေးတဲ့ နေ့တစ်နေ့။ ဦးလေးဘုန်းကြီးဆီသွားဖို့ လမ်းနှစ်သွယ်ရှိသည်။ တစ်ခုက ရှည်လျားပြီး အန္တရာယ်မရှိတတ်။ တစ်ခုက ဖြတ်လမ်းဖြစ်ပြီး အန္တရာယ်တစ်စုံတစ်ရာနှင့် ကြုံနိုင် သည့်လမ်း ဖြစ်သည်။
သူ ဖြတ်လမ်းကို ရွေးလိုက်သည်။ သွားမယ်လို့ဆုံးဖြတ်လိုက်ချိန်တွင် ရာသီဥတုက သူ့ဘက်ပါခဲ့ပေမယ့် လမ်းခုလပ်တွင် မိုးက သူ့အပေါ် သစ္စာဖောက်နေပြန်သည်။ လမ်းခုလပ်တွင် တဖြည်းဖြည်းနှင့် အရှိန်
ရလာကာ သဲကြီးမဲကြီး ရွာချလာသည်။ သည်မိုးနှင့် ခေတ္တရပ်နားမှဖြစ်မည်ဟု ဆုံးဖြတ်လျက် ဆိုင်ကယ်ကို ရပ်လိုက်ပြီး သစ်ပင်တစ်ပင်အောက်တွင် ၀င်နားခိုလိုက်သည်။ ကိုယ်ပေါ်မှ မိုးရေကို သပ်ချပစ်သည်။ လမ်းတွင် ၀ယ်လာခဲ့သော စီးကရက်အသစ်တစ်ဗူးကို ဖေါက်လိုက်ပြီး တစ်လိပ်ကို မီးငြှိသည်။ တုန်တုန် ယင်ယင်နဲ့ သူ စီးကရက်ကို သောက်ပြီးအနားယူနေသည်။ ထိုနေ့ ရာသီဥတုကြောင့် ဖြတ်လမ်းတွင် လူအသွားအလာ မရှိသလောက် ရှားပါး၏။ မိုးက တော်တော်နဲ့မစဲ ဆက်လက်သွန်းဖြိုးရင်း လေကိုတောင် အဖော်အဖြစ် ခေါ်ခဲ့သေးသည်။ ဆေးလိပ်တစ်လိပ်ကုန်သွား သည်။ နောက်တစ်လိပ် မီးငြှိရန် လုပ်နေစဉ်မှာ သူနားခိုတဲ့ သစ်ပင်နဲ့မလှမ်းမကမ်းမှာရှိတဲ့ ချုံပုတ်ကြီး အတွင်းမှာ… “အူဝဲ အူဝဲ၊ အူဝဲ အူဝဲ…” ကလေးငိုသံကို သူ ကြားနေရသည်။ ဆေးလိပ်ကို ဗူးထဲပြန်ထဲ့ထားပြီး ဗူးကို ပြန်သိမ်းထားလိုက်သည်။ “ကလေးငိုသံ ကြားနေသလိုပဲ”လို့ စဉ်းစားရင်း သေချာအောင် ထပ်မံနားစွင့်ကြည့်လိုက်သည်။ “အူဝဲ၊ အူဝဲ…အူဝဲ…အူဝဲ”။ ကလေးငိုသံသည် ပိုမိုကျယ်လာသည်။ တုတ်တစ်ချောင်းကို ကောက်ယူပြီး ထိုငိုသံရှိရာ သို့ တဖြည်းဖြည်းချင်း ချဉ်းကပ်ပြီး ရှာဖွေကြည့်လိုက်သည်။ ဘာမျှ မတွေ့ရ။ သူ့မှာ ကြောက်စိတ်တွေ ၀င်လာသည်။ မိုးအစဲကို စောင့်နေလို့ မဖြစ်တော့ ပြေးမှဖြစ်မည်ဟု ဆုံးဖြတ်လိုက်သည်။ သူ ဆိုင်ကယ်ကို စက်နှိုးလိုက်သည်။ တော်တော်နဲ့ နှိုးမရ။ ကလေးငိုသံရှိရာ ခြုံပုတ်ဖက်ကို လှည့်ကြည့် လိုက်၊ နှိုးလိုက်နှင့် လုပ်နေရင်း နောက်ဆုံးတော့ နှိုးလို့ရသွားပြီး သူရှေ့ဆက်သည်။ “သွားမယ်ဆိုလည်း ခပ်စောစောသာ သွားလိုက်၊ လမ်းခုလတ်မှာ မိုးမချုပ်စေနဲ့”ဆိုတဲ့ အိမ်က လူကြီးမိဘများရဲ့ သတိပေးဆုံးမ စကားကို သူ ပြန်ကြားယောင်နေသည်။ မှန်၏၊ တကယ်လို့ သူစထွက်လာတုန်းကလိုမျိုး မိုးမရွာခဲ့ရင်တော့ သူ့ဦးလေးဘုန်းကြီးဆီကို အချိန်ကောင်းလေး ရောက်သွားမှာ သေချာသည်။ စောစော မထွက်ခဲ့တာ သူ့အမှားလေလား။ သူ့ဦးလေးဘုန်းကြီးကျောင်းရှိရာ နယ်မြို့လေးသို့ ရောက်ခါနီးတော့မှ သူ သက်ပြင်းချနိုင်တော့သည်။ လမ်း သွားလမ်းလာအချို့ကို သူသွားမည့်ဘုန်းကြီးကျောင်း ဘယ်နားလောက်မှာ ရှိတယ်ဆိုတာကို မေးလိုက် သည်။ ကျောင်းမုခ်ဦးနားရောက်တော့မှ နာရီကို တစ်ချက်ကြည့်လိုက်သည်။ ည ၈-နာရီခွဲတော့မည်။ ညနေ ၆-နာရီထိုးလျှင် ကျောင်းခြံဝင်းတံခါးကို နေ့စဉ်ပိတ်နေကြ။ ကျောင်းထဲတွင် မီးလင်းနေပေ မယ့် ကျောင်းအပြင်ဘက်တွင် တံခါးလာဖွင့်ပေးဖို့ ကိုရင်၊ ကျောင်းသားတစ်ယောက်မျှ မတွေ့ရ။ တံခါးတွင် ချိတ်ဆွဲထားသော ခေါင်းလောင်းလေးကို တီးလိုက်သည်။ ခေါင်းလောင်းသံကို ကြားနေရသော ဘုန်းဘုန်း တစ်ပါးက ပြူတင်းပေါက်ကို ဖွင့်လိုက်ပြီး မီးလင်းနေသောဆိုင်ကယ်နားက ဒကာတစ်ယောက်ကို တွေ့ လိုက်သည်။ ကိုရင်လေးတစ်ပါးကို တံခါးသွားဖွင့်ခိုင်းလိုက်သည်။ ကိုရင်လေးက… “ဘယ်သူနဲ့တွေ့ချင်လို့လဲ ဒကာကြီး” “ကျောင်းထိုင်ဆရာတော်ကြီး ရှိလားဘုရား” “ရှိပါတယ် ဒကာကြီး” “တပည့်တော်က ဆရာတော်ကြီးရဲ့တူပါဘုရား၊ ရွာက လာတာပါ၊ ဆရာတော်ကြီးကော ကျိန်းနေပြီလား ဘုရား” “မကျိန်းသေးပါဘူး၊ ဆရာတော်ကြီးက ၉း၃၀ လောက်မှ ကျိန်းတာ၊ အထဲဝင်လေ၊ ဒီည ဒီမှာ အိပ်မှာမလား” “တင်ပါ့” “ဒါဆို ဆရာတော်ကြီးဆီ သွားရအောင်လေ” “တင်ပါ့” ကိုရင်လေးက ထိုဒကာလေးကို ဆရာတော်ကြီးဆီကို ခေါ်သွားလိုက်သည်။ ဆရာတော်ကြီးက သူ့ကို မမှတ်မိတော့။ သူ ငယ်စဉ်တုန်းကပဲ ဆရာတော်ကြီး သူ့ကို တွေ့ဖူး၊ မြင်ဖူးခဲ့သည်။ ဒကာလေးက မည်သူ မည်ဝါဖြစ်ကြောင်း၊ ဘယ်ရွာကလာကြောင်း လျှောက်တော့မှ ဆရာတော်ကြီး သိရှိသွားသည်။ ဆရာတော် ကြီးက သာကြောင်းမာကြောင်း မေးပြီး အနီးနားမှာ ချထားသော ခေါင်းလောင်းကို တီးလိုက် သည်။ ခေါင်းလောင်းသံကို ကြားရသောကြောင့် ကျောင်းသားတစ်ယောက် ဆရာတော့်အနား ခပ်သုတ် သုတ် ရောက်ချလာသည်။ ဆရာတော်ကြီးက… “ထမင်းကျန်သေးလား” ကျောင်းသားက ရဲထွဋ်ကို ကြည့်ပြီး… “မှန်ပါ့ တစ်ယောက်စာတော့ ရှိပါသေးတယ်ဘုရား” “ဟင်းကောရှိရဲ့လား” “ဟင်းပေါင်းပဲ ရှိတော့တယ်ဘုရား” “ကြက်ဥနှစ်လုံးလောက် ထပ်ကြော်လိုက်ဦး၊ ပြီးရင် ဟင်းပေါင်းလေးနဲ့ ကြက်ဥကြော်လေးနဲ့ ဒီဒကာလေးကို ထမင်းခေါ်စားလိုက်ဦး” “တင်ပါ့” ဆရာတော်ကြီးသည် ထိုင်ရာမှ ထလိုက်ပြီး တိုင်တစ်တိုင်မှာချိတ်ထားသော သော့တွဲတစ်တွဲကို ဆွဲယူ လိုက်ပြီး… “ကဲ ငါ့တူလေး ဘုန်းဘုန်းနဲ့လိုက်ခဲ့၊ အိပ်ဖို့နေရာ လိုက်ပြမယ်” “တင်ပါ့” ဆရာတော်ကြီးသည် အခန်းနှစ်ခန်းသာရှိတဲ့ အဆောင်ခပ်သေးသေးတစ်ဆောင်သို့ ဒကာလေးကို ခေါ်သွား လိုက်သည်။ တစ်ခန်းက ပစ္စည်းတွေနဲ့ ပြည့်ကျပ်နေပြီး၊ တစ်ခန်းက အခန်းလွတ်ဖြစ်သည်။ ထိုအခန်း လွတ်ထဲတွင် မည်သူမျှမနေ။ ကုဋင်အလွတ်တစ်လုံးနှင့် ကြေးခွက်၊ ပန်းချီကားချပ်စတဲ့ ရှေးဟောင်းပစ္စည်း အချို့ ရှိသည်။ ဆရာတော်ကြီးက သော့ဖွင့်လိုက်ပြီး မီးဖွင့်လိုက်သည်။ ထိုမီးသည် မီးဖန်ချောင်းမဟုတ် အရောင်ဝါဖျော့ဖျော့ မီးလုံးလေး ဖြစ်သည်။ ဆရာတော်ကြီးက… “ဒကာလေး ဒီမှာအိပ်လိုက်ပေါ့နော်၊ ဗီရိုထဲမှာ ခြင်ထောင်တွေ၊ ခေါင်းအုံးတွေလည်းရှိတယ်၊ ဗီရိုကို သော့ ခတ်မထားဘူး” “တင်ပါ့” “ရေမိုးချိုးပြီးရင် ထမင်းစား၊ ခရီးပန်းလာတယ်ဆိုတော့ ထမင်းစားပြီးရင် အိပ်လိုက်တော့ပေါ့၊ မနက်ဖန်ကျ မှ အေးဆေးပြောကြမယ်လေ” “တင်ပါ့” ရဲထွဋ်သည် ရေမိုးချိုးခြင်းကိစ္စ၊ ထမင်းစားခြင်းကိစ္စအပြီးမှာ ကုဋင်ပေါ်တွင် လှဲနေလိုက်သည်။ ခရီးပန်း လာပေမယ့် နေရာအသစ်မို့ တော်တော်နဲ့ အိပ်မပျော်မှာကို သူ စိုးရိမ်နေမိသည်။ သူ ခေါင်းရင်းဘက်ကို ဦးသုံးကြိမ်ချပြီး မီးမပိတ်ဘဲ အိပ်လိုက်သည်။ စက္ကန့်တွေ၊ မိနစ်တွေ တစ်ရွေ့ရွေ့ကုန်ဆုံးသွား သည်။ တော်တော်နဲ့ အိပ်မပျော်သေး။ ဟိုလိမ့်၊ ဒီလိမ့်ရင်း လမ်းတွင် ကြားခဲ့ရသော ကလေးငိုသံကို ပြန်လည်ကြားယောင်နေမိသည်။ သည်လို အဆောင်မျိုးထဲမှာ တစ်ယောက်တည်း မအိပ်ရဲတဲ့အကြောင်းကို ဆရာတော့်ကိုလည်း မလျှောက် ရဲ။ တော်ကြာ ဆရာတော်ကြီးက “နင် ယောက်ျားမဟုတ်ဘူးလား”လို့ ပြောရင် ဒုက္ခ။ အဲဒီလိုလည်း အပြော မခံချင်။ တစ်နာရီခွဲခန့်ကြာအောင် ကုဋင်ပေါ်တွင် လူးလိမ့်နေရပြီး နောက်ဆုံးတော့ သူအိပ်ပျော်သွားသည်။ ……………………………. သန်းခေါင်ယံအချိန်တွင် ကုဋင်ကြီး အနည်းငယ် လှုပ်လာတာကြောင့် သူနိုးလာသည်။ “ကုဋင်ကြီးလှုပ်နေ သလိုလိုပဲ၊ အို ငါ့ဘာသာ ငါလျှောက်ထင်တာနေမှာ”လို့ တွေးပြီး မျက်စိပြန်မှိတ်လိုက်သည်။ အတန်ငယ် ကြာပြီး ကုဋင်ကြီး ဒုတိယအကြိမ် လှုပ်နေပြန်သည်။ ပိုပြီး ကြမ်းတမ်းလာသည်။ “ဟင့် ဒါဆို ဟုတ်ပြီ၊ ကုဋင်ကြီးလှုပ်နေတယ်၊ ငါ ထကြည့်ရင် ကောင်းမလား၊ ငြိမ်ငြိမ်စိမ်စိမ်လေးပဲ နေရင်ကောင်းမလား”လို့ စဉ်းစားရင်း ပုဆိုးကိုဆွဲယူပြီး တစ်ကိုယ်လုံးကို ခြုံထားလိုက်သည်။ ကုဋင်ကြီးပြင်းပြင်းထန်ထန် လှုပ်လာပြန် သည်။ မီးမပိတ်ဘဲ အိပ်ခဲ့တယ်ဆိုတာကို သူ တွေးတောစဉ်းစားချိန်မရှိတော့။ သူ အလျှင် အမြန်ထပြီး မီးဖွင့်ဖို့လုပ်တော့ မီးက ဖွင့်ထားပြီးသား။ မီးပြတ်နေသည်။ ကျောချမ်းလျက် တံခါးမကြီးနားကို လက်နှင့်စမ်းပြီး သွားသည်။ ပြူတင်းပေါက်ကို အလျင်စမ်းမိ သည်။ နောက်တော့မှ တံခါးမကြီး၏လက်ကိုင်ဖုကို ကိုင်မိသည်။ တံခါးကို ဖွင့်လိုက်သည်။ ဟိုကြည့်ဒီကြည့် ရင်း သူ့ရှေ့တည့်တည့် မကမ်းမလှမ်းမှာရှိတဲ့ ကျောင်းနှစ်ဆောင်ကြားမှာ အရိပ်မဲကြီးတစ်ခု တရွေ့ရွေ့ သွားနေတာကို တွေ့လိုက်ရတော့ ကြောက်စိတ်ကို မထိန်းနိုင်တော့ဘဲ ငယ်သံပါအောင် အော်လိုက်မိသည်။ အရိပ်ကြီးက “ဘာဖြစ်တာလဲ”လို့ မေးလိုက်ပြီး သူ့ဆီတည့်တည့်လာနေသည်။ သူ့နားရောက်ခါနီးမှ ဘုန်းဘုန်းတစ်ပါးမှန်း သိလိုက်ရတော့မှ သူစိတ်သက်သာရာ ရသွားသည်။ ထိုဘုန်းဘုန်းသည် တရေး အနိုးမှာ ကုဋီတက်ချင်တာကြောင့် ဓာတ်မီးမပါဘဲ ကုဋီတက်ဖို့ သွားခြင်း ဖြစ်သည်။ အကျိုးအကြောင်း ကို ပြောပြလိုက်တော့ ထိုဘုန်းဘုန်းက ဒကာလေးကို သူ့ကုဋင်ဘေးနားမှာ အိပ်ခိုင်းလိုက်သည်။ ……………………………. “အောက် အီး အီး အွတ်” “အောက် အီး အီး အွတ်” ထိုအသံသည် ရပ်ကွက်ထဲက ကြက်တွန်သံဖြစ်ပြီး မိုးလင်းဖို့ သင်္ကေတစ်ခုပေါ့။ မိုးလင်းပါတော့မည်။ နံနက် ၅း၀၀ ရှိပြီမို့ ကျောင်းရှိသံဃာတော်များအားလုံး ဘုရားဝတ်တက်ကြသည်။ ဘုရားဝတ်တက်အပြီး ၅း၃၀ အချိန်တွင် သံဃာတော်များ ဆွမ်းဘုဉ်းပေးကြသည်။ ဒကာလေးလည်း ကျောင်းသားတွေနဲ့ဝိုင်းပြီး မနက် စာစားသည်။ မနက်စာအပြီးတွင် ဒကာလေးက အချိုပွဲဘုဉ်းပေးနေသော ဆရာတော်ကြီးအား ညတုန်း က ဖြစ်ပျက်ခဲ့သမျှကို လျှောက်သည်။ ဆရာတော်ကြီးက… “ဟုတ်ပါ့မလား ငါ့တူရာ၊ မင်းစိတ်နဲ့မင်း ပြန်ကြောက်နေတာ ဖြစ်မှာပါဟ” “ဟာ ဘုန်းဘုန်းကလည်း ဟုတ်ပါတယ်ဆို” ဆရာတော်ကြီး ဖြစ်နိုင်ချေရှိ၊ မရှိ အတန်ငယ် စဉ်းစားကြည့်လိုက်တော့ ဖြစ်နိုင်ဖွယ်ရှိကြောင်းကို သတိရ လိုက်သည်။ အဘယ့်ကြောင့်ဆိုသော် ဒကာလေး အိပ်ခဲ့တဲ့ကုဋင်သည် လွန်ခဲ့သည့်နှစ်လလောက်က လာလှူထားသည့် ကုဋင်ဖြစ်သည်။ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတဲ့ ဒကာတစ်ဦး၏ ကုဋင်ဖြစ်သည်။ မှန်၏၊ ဘုန်းကြီးကျောင်းဟူသည် “မကောင်းကျောင်းပို့”လို့ သဘောမထားဘဲ လာလှူသမျှသော ပစ္စည်းပစ္စယ တို့ကို လက်ခံထားရသည် မဟုတ်ပါလား။ ဆရာတော်ကြီးက ထိုအကြောင်းအရာကို ဒကာလေး အား ပြောပြရန်မသင့်ဟု ယူဆပြီး မပြောပြဘဲ စကားလမ်းကြောင်းလွဲကာ တခြားအကြောင်း ကို ပြောနေတော့သည်။ ၄၅-မိနစ်ခန့်ကြာအောင် အလ္လာပသလ္လာပတွေ ပြောကြပြီး ဒကာလေးက… “ဒါဆို တပည့်တော် ပြန်လိုက်ပါဦးမယ်ဘုရား” “ဟောဗျာ မနေ့ညမှရောက်တာ ဒီနေ့ပြန်တော့မယ် ရွာမှာ ဘာများစိတ်မချစရာ ရှိလို့တုန်း” “မရှိပါဘူးဘုရား” “မရှိရင်ဗ တစ်ညလောက် အိပ်ပါဦးလား” “နောက်မှပဲ လာခဲ့တော့မယ်ဘုရား” ဆရာတော်ကြီးသည် နောက်ထပ် နေမှာမဟုတ်ဘူးဆိုတာကိုလည်း သိနေလျက်နဲ့ တာဝန်အရ၊ စကားအရ သာ တားဆီးရသည်။ သူ့လို မကြောက်တတ်တဲ့သူတွေအဖို့တော့ ဘာမှမဟုတ်သလို ထင်ရပေ မယ့် ကြောက်တတ်တဲ့သူတွေအဖို့တော့ တကယ်မလွယ်တဲ့ကိစ္စပါလားဆိုတာ ဆရာတော်ကြီး ကိုယ်ချင်း စာမိသည်။ “မလာစဖူး၊ အလာထူးသည့် ဒီတူလေးနဲ့ကြမှ ဒီလို အဖြစ်မျိုးတွေ ကြုံရလေတယ်ကွယ်၊ အင့် ဖြစ်ပြီးမှတော့ ဘာတတ်နိုင်မှာလဲလေ”ဟု တွေးပြီး စိတ်မကောင်း ဖြစ်နေရှာသည်။ စိတ်မကောင်း စွာဖြင့်… “အေး အေး ဒါဆိုလည်း နောက်မှ လာခဲ့ဦးပေါ့ကွာ၊ ပစ္စည်းတွေ အကုန်ထည့်ထားပြီလား” “တင်ပါ့၊ အကုန်ထည့်ထားပြီးပြီဘုရား” ရဲထွဋ်သည် ဘုရားရုပ်ပွားတော်ကို ကျကျနနရှိခိုးပြီး ဆရာတော်ကြီးကိုလည်း သေသေချာချာ အရိုအသေပြု ကာ အထုပ်အပိုးကို ယူပြီး ဆိုင်ကယ်ထားခဲ့တဲ့နေရာကို ဆင်းသွားလိုက်သည်။ ဘောင်းဘီအိတ်ကပ်ထဲက ဆိုင်ကယ်သော့ကို နှိုက်ယူပြီး စက်နှိုးသည်။ အနီးနားတွင် ၀ိုင်းကြည့်နေသော ကိုရင်လေးအချို့ကို လက်ယမ်းပြကာ နှုတ်ဆက်ပြီး လမ်းနှစ်သွယ်အနက် ရှည်လျားတဲ့လမ်းကို ဦးတည်ပြီး မောင်းထွက် သွားတော့သည်။ 

 ပြီး…

 (ဘ၀ခရီးလမ်း အရွေးမှန်ကြပါစေ...စကားမစပ် ဟင်းပေါင်းစားဖူးလား၊ ကောင်းတယ်ဗျ၊ ဘုန်းဘုန်းတောင် မစားရတာ ကြာပေါ့) ပုံကို "လိုတရရွာကြီး"ထဲက ယူသုံးသည်။

No comments:

Post a Comment