Tuesday 9 October 2012

လက်တွေ လေထဲ မြောက်ထားလိုက်








ဂျပန် နိုင်ငံ ဟာ လူဦးရေ ထူထပ် သိပ်သည်းမူ များပြား လှသလို  ရထား နဲ့ ကားတွေ ကလည်း များပြား လှပါတယ်။ နယ်မြို့လေးတွေ မှာ ရထားရော ကားပါ မျှတစွာ သုံးစွဲ နေကြပေမယ့်  လူဦးရေ အထူထပ်ဆုံး တိုကျို မြို့တော်လို နေရာမျိုး မှာတော့ ကားကို လုပ်ငန်း နဲ့ ပတ်သက်တဲ့ သယ်ယူ ပို့ဆောင်ရေး တွေလောက် နဲ့ ရုံးပိတ်ရက် လို နေ့မျိုးတွေ လောက်မှာ မိသားစု နဲ့ အပျော် ထွက်လည်ကြတဲ့ အခါတွေ လောက်ဘဲ အသုံးပြုကြတာ များပါတယ်။


သာမာန် ရုံးဖွင့်ရက် နေ့တွေရဲ့၊ အလုပ်သွားချိန်နဲ့၊ အလုပ်ဆင်းချိန်တွေမှာ၊ ကိုယ်ပိုင်ကားကို အသုံးပြုကြမယ် ဆိုရင် လမ်းမပေါ် တလျှောက်က မဆုံးနိုင်တဲ့ ကားတန်းကြီးတွေနဲ့ စီတန်း ပိတ်ဆို့နေမှာ ဖြစ်သလို၊ သတ်မှတ်ချိန်အတွင်း၊ ရုးံတက်ချိန် အမှီရောက်နိုင်ဖို့ မရောက်နိုင်ဖို့ ဆိုတာ မသေချာ မရေရာလှသလို၊ ကားရပ်ဖို့ နေရာ အခက်အခဲတွေနဲ့၊ ရပ်နားခတွေက အဆမတန် ဈေးကြီး မြင့်နေမှု တွေကြောင့် ၊ မြို့နေ လူတန်းစားတွေနဲ့ မြို့နဲ့ နီးတဲ့ ယိုကိုဟားမား၊ ဆိုက်တမ နဲ့ ချီးဘား တို့လို နယ်မြို့တွေက တိုကျိုကို အလုပ်သွား အလုပ်ပြန်တွေ၊ ကျောင်းသူ၊ ကျောင်းသားတွေဟာ အချိန်မှန်ပြီး ဈေးနှုန်းချိုသာလှတဲ့ ဂျပန်က ရထားကိုဘဲ အဓိက အားကိုးလို့ စီးကြတာမို့ ရုံးတက် ရုံးဆင်းချိန်တွေဟာ ဘူတာရုံတွေမှာ အလုပ်သမား၊ ကုမ္မဏီဝန်ထမ်း နဲ့ ကျောင်းသူ၊ ကျောင်းသားတွေဟာ ကြိတ်ကြိတ်တိုး စီတန်းနေကြပြီး။ အချိန်မီ လုပ်ငန်းခွင် ၀င်နိုင်ဖို့အရေး၊ ကျောင်းတက်ချိန်မီရေး အတွက် အလုအယက် တိုးဝှေ့လို့ နင်လား ငါလား စီးနင်းကြတာ ရထားပါဘဲ။

လူအပြည့် အသိပ် တင်ဆောင်ထားတဲ့၊ ရထားကြီးကို စီးနင်းလို့၊ အတွေးကိုယ်စီနဲ့ စီးမျှော လိုက်ပါကြသူတွေ ရှိသလို၊ ရထားပေါ်မှာ စာအုပ်ဖတ်သူ၊ သတင်းစာဖတ်သူ၊ လက်ကိုင်ဖုန်းကနေ တီဗွီကြည့်သူ၊ ဂိမ်းဆော့သူ တွေ၊ အင်တာနက် ကြည့်သူ တွေနဲ့မို့ ၊ရထားစီးနေတဲ့ အချိန်လေးဟာ မြို့ပြ ကိုယ်ပိုင် အားလပ်ချိန်လို့တောင် တင်စား ပြောရမလိုပါဘဲ။ ရုံးချိန် ရထားစီးပြီဆိုမှတော့၊ လူတစ်ယောက်နဲ့ တစ်ယောက် ထပ်ရပ်ကြ၊ တိုးကြ ဝှေ့ကြနဲ့ပေါ့ အမျိုးသမီး ခရီးသည်တွေလည်း ယောကျာင်္းသားတွေနဲ့ ယှဉ်ပြီး လူဗျောက်သောက် ရုံးနဲ့ ကျောင်းအချိန်မီဖို့ အရေး တိုးကာဝှေ့ကာ စီးနင်းကြရတာမို့ ရထားပေါ်မှာ အကြီးမားဆုံး ပြဿနာတခုက ရှိနေခဲ့ပါတယ်။

အဲဒါကတော့၊ ချိကန်း (Chikan) လို့ခေါ်တဲ့ အမျိုးသမီးတွေကို ရထားပေါ်မှာ မဖွယ်မရာ လုပ်ဆောင်ခံရမှု တွေပဲ ဖြစ်ပါတယ်။ သာမာန် ဖြစ်ရိုးဖြစ်စဉ် တခုလို့ သဘောထားချင်ယင် ထားနိုင်ပေမယ့် အခုတလော ရထားစီးနင်းရာမှာ အမြဲလိုလို၊ ချိကန်း (Chikan) ကိစ္စတွေဟာ ကြုံတွေ့ ကြားသိနေရသလို ၊ လူကြပ်တဲ့ အချိန်တွေမှာ ရထားစောင့်ရဲတွေ၊ ရထားတွဲထဲက ကြော်ငြာချက်တွေက ၊(Chikan) ချိကန်းကို သတိပြုဖို့နဲ့ မိမိကို မဖွယ်မရာ အလုပ် ခံရမယ်ဆိုရင် နီးစပ်ရာ ရထားရုံးခန်းနဲ့ ၀န်ထမ်းတွေကို အကူအညီ တောင်းခံ တိုင်ကြားနိုင်သလို၊ နီးစပ်ရာ ရဲစခန်းတွေကိုလည်း တိုင်ကြားနိုင်တယ်လို့ အဆက်မပြတ် ကြော်ငြာပေးနေတာတွေကြောင့်  ချိကန်းပြသနာဟာ သာမာန် အသေးအဖွဲ ပြဿနာ မဟုတ်မှန်း၊ သိသာ ထင်ရှားလာပါတယ်၊ ချိကန်း ဆိုတာ လူမြင်ကွင်းမှာ အခွင့်ကောင်းယူပြီး မဖွယ်မရာပြုတာပါ၊ ဟုတ်လို့ကျော်၊ ပုပ်လို့ပေါ်၊ ဆိုတဲ့ စကားအတိုင်း၊ ချိကန်း (Chikan) ဆိုတဲ့ စကားလုံးဟာ ပြည်ပနိုင်ငံ တော်တော်များများ မှာလည်း ပြန့်နှံ့သိရှိနေကြ အောင်ကို နာမည်ကြီးပါ ရောလား။

ချိကန်း ဆိုတာ ဘာလည်း?

ချိကန်း ဆိုတာကတော့၊ ရထားပေါ်၊ ကားပေါ်တွေမှာ၊ အမျိုသမီးတွေကို မဖွယ်မရာလုပ်တာ ပြုတာ အမျိုးသမီးတွေရဲ့ ရင်သားနဲ့၊ တင်ပါးတွေကို ကိုင်တွယ်တာလို့ သိရှိသူ တော်တော်များများပေမယ့် ညလူပြတ်တဲ့ နေရာမျိုးတွေမှာ၊ အမျိုးသမီးတွေကို မဖွယ်မရာ လုပ်တာဟာလည်း ချိကန်းလို့ သတ်မှတ်နိုင်ပါတယ်။ လူပြတ်တဲ့ နေရာမျိုးတွေမှာ၊ စက်ဘီး ရပ်နားရာ ရုံတွေရဲ့ အ၀င်အ၀မှာ၊ ချိကန်း အလုပ်ခံရမယ်ဆို အရေးပေါ် ဖုန်းနံပါတ်တွေကို ဆက်ဖို့၊ သတိပေး ရေးသားထားတွေကို တွေ့မြင်ရမှာပါ။
အထူးအဖြင့် ဆိုက်တမ၊ ယိုကိုဟားမား နဲ့ ချိဘား လို နယ်မြို့တွေ အတော်တော်များများ သတိပေး ဆိုင်းဘုတ်တွေ နေရာ တော်တော်များများမှာ ရေးသားထားတာ တွေ့မြင် ရနိုင်ပါတယ်၊ အားနွဲ့သူတွေ မဖွယ်မရာ လုပ်ခံရတာတွေဟာ အများအားဖြင့် အ၀တ်အစားနဲ့လည်း သက်ဆိုင်နေတယ်လို့ ထင်မြင်မိပါတယ်။ ပုရိသ ယောကျာင်္းတွေရဲ့ စိတ်(ကာမစိတ်) ကို ထကြွ သောင်းကျန်းစေနိုင်တာဟာ အမျိုးသမီးတွေရဲ့ ၀တ်တဲ့ အ၀တ်အစားနဲ့လည်း သက်ဆိုင် နေတတ်ပြီး ခေတ်ဆန်ဆန် Sexy ဖြစ်တဲ့ ၀တ်စား ဆင်ယင်မူတွေဟာ အမျိုးသမီးတွေ အတွက်၊ အန္တရာယ် ရှိစေနိုင်လှပေမယ့် ၊ ဂျပန်လို ခေတ်မှီတိုးတက်နေတဲ့ နိုင်ငံက sexy ဆန်ဆန် ၀တ်စားဆင်ယင်မှု တွေက ဖက်ရှင်တခု ဖြစ်နေတော့လည်း ပြောရတော့ အခက်သားပါ။

ဂျပန်မှာ အ၀တ်အစား နှစ်ကြိမ်လှဲလယ်မူရှိပြီး ဂျွန်လ၁ရက်နေ့ မှစပြီး အေးတဲ့ ရာသီဥတုမှာဝတ်တဲ့ အ၀တ်အစား အထူတွေ အစား နွေရာသီဝတ်တွေကို ကုမ္မဏီတွေ၊ ကျောင်းတွေမှာ လှဲလယ်ဝတ်ဆင် လာကြပါပြီ။ု နွေရာသီ ၀တ်တွေကို အောက်တိုဘာလ အထိ ၀တ်ဆင်ကြပြီး အောက်တိုဘာလ မှစ၍ ဆောင်းရာသီဝတ် ထူထဲထဲ အ၀တ်အစားတွေကို ပြန်ပြောင်း ၀တ်ကြ ရပြန်ပါတယ်။

 ပူအိုက် စပ်ဖျင်းဖျင်း နိုင်လှတဲ့ ဂျပန်ရဲ့ နွေရာသီမှာ ပေါ့ပါးပြီး ၀တ်ရလွယ်တဲ့ အ၀တ်အစားတွေ ၀တ်ဆင်ကြတာမို့ ဂျပန် အမျိုးသမီးငယ်လေးတွေရဲ့ တိုနှံ့နှံ့ စကဒ်တွေနဲ့ ပါးလွှာတဲ့ အ၀တ်အစား တွေဟာလည်း ပုရိသတွေ အတွက် လှိုက်ဖိုရင်မော အပူပေါ် အပူဆင့်တယ် ခေါ်ရမလားဘဲ ချိကန်း ပြဿနာတွေလည်း နှစ်စဉ် ကြုံတွေ့နေရတဲ့ အတိုင်း ဂျပန်မှာ မနေ့ကလိုပဲ ဒီနေ့ ချိကန်းတွေ ကြုံတွေ့ မြင်တွေ့ရအုံးမှာ ပါဘဲ။

ချိကန်းလို့ ခေါ်တဲ့ မဖွယ်မရာ လုပ်ဆောင်သူတွေဟာ ရထားပေါ် လူကြပ်မှုအပေါ် အခွင့်ကောင်းယူပြီး အမျိုးသမီးတွေရဲ့ စကဒ်တိုမှသည် အတွင်းပိုင်း အထိ အတင့်ရဲတဲ့ လက်နဲ့ ထိကိုင်မူတွေ ရှိနေပြီး တခါတရံ ကြုံတွေ့ ရမူရှိသလို နေ့စဉ် ပုံမှန်အလုပ်သွား တတ်ချိန်၊ ရထားတွဲနေရာ ပြောင်းလဲမှု မရှိဘဲ နေ့စဉ် ရက်ဆက် အချိန်မှန်စီးသူတွေကို သားကောင်အဖြစ် ပစ်မှတ် ထားတတ်ကြပါတယ်။ ဒီလို ပြုမူခံရဖို့ အန္တရာယ် ရနံ့ရယင် နီးစပ်ရာ ရဲစခန်းကို တိုင်ကြားထားမယ် ဆိုရင် ရဲအကူအညီနဲ့ အချိန်နာရီနဲ့ တွဲနံပါတ်တွေ အတိုင်း တာဝန်ရှိ ရဲတွေပါ လိုက်ပါ စီးနင်းပြီး တရားခံကို ဖမ်းဆီးမှုတွေ ရှိသလို၊ မိမိကို မဖွယ်မရာ ပြုမူပြီဆိုတာနဲ့ တရားခံကို လက်ကို အမိအရ ဖမ်းဆုပ်ပြီး ဒီလူဟာ မဖွယ်မရာ ပြုမူသူလို့ အားလုံးကြားအောင် အော်ဟစ် အကူအညီ တောင်းခံတာတွေ ကြောင့်လည်း အဖမ်းခံရတာတွေ ရှိပါတယ်။



ရထားတောက်ဆုံးတွဲတွေမှာ အမျိုးသမီးသီးသန့် စီးရန် သတ်မှတ်ထားသည့် ဆိုင်းဘုတ်

ချိကန်း အန္တရာယ် ဘေးကင်းဝေးစေဖို့ အတွက် တိုကျိုက ရထားလိုင်း တော်တော်များများမှာ နောက်ဆုံးတွဲ တတွဲကို အမျီုးသမီး သီးသန့်တွဲ အဖြစ်ထားရှိ ပေးထားပြီး ရထားစထွက်တဲ့ နံနက်ခင်း အချိန်က စလို့ ရုံးချိန် ကိုးနာရီ အထိနဲ့၊ ညနေ ၅ နာရီမှ ညကိုးနာရီ အထိတွေကို အမျိုးသမီးတွေ အတွက် သီးသန့် စီစဉ် ထားရှိပေးထားသလို ရထားလိုင်းတွေ အပေါ်မှာလည်း တာဝန်ကျ အရပ်ဝတ်ရဲတွေနဲ့ ရဲမေတွေပါ စီးနင်းလိုက်ပါရင်း စောင့်ကြည့်နေတာ တွေလည်း ရှိနေပါပြီ။

အများအားဖြင့် အလယ်တန်း ကျောင်းသူနဲ့ အထက်တန်း ကျောင်းသူလေးတွေက ပြုမူခံရတာ များနေတဲ့အတွက် သက်ဆိုင်ရာကျောင်းတွေက တာဝန်ရှိ ဆရာ၊ ဆရာမတွေက sexy ဆန်ဆန် ဝတ်ဆင်တာနဲ့ ပတ်သက်လို့ ကြိုတင် ကာကွယ်မူတွေနဲ့ တရားခံ ဖမ်းဆီးပုံတွေကိုပါ သင်ကြား ပြောပြ ထားတတ်ကြပါတယ်။

 မဖွယ်မရာ လုပ်ဆောင်သူတွေက ဘယ်သူတွေလည်း သာမာန် လက်လုပ်လက်စားတွေတင် မကပါဘူး ကုတ်အကျီင်္ စတိုင်လ်ကျကျနဲ့ ကုမ္မဏီဝန်ထမ်းတွေ၊ အစိုးရ အရာရှိကြီးတွေ အပါအ၀င် တက္ကသိုလ် ပါမောက္ခတွေတောင် ပါဝင်နေတာ ဂျပန်သတင်းတွေမှာ မြင်တွေ့နေရပြီး ပြီးခဲ့တဲ့ နှစ်ပိုင်းလောက်ကဘဲ တီဗွီသတင်းမှာ ဟိုးလေးတကျော် ဖြစ်ခဲ့ရတဲ့ ဂျပန်စစ်တပ်က အရာရှိကြီး တစ်ယောက် အမျိုးသမီး ကျောင်းသူလေးကို မဖွယ်မရာပြုမူ လုပ်ဆောင်မူကြောင့် အရှက်တကွဲ အကျိုးနည်းဖြစ်ရသလို၊ အလုပ်ကပါ ထုတ်ပယ်ခံရပါ တယ်။

ကိုယ့်ဘက်က အရှံး
မဖွယ်မရာ လုပ်ဆောင်တယ်တဲ့ တကယ်ဘဲ လုပ်တာလား၊ တကယ် မလုပ်ဘဲ လုပ်တယ်လို့ စွပ်စွဲခံရတာလည်း ဒီပြဿနာတွေ ကြားမှာ တော်တော်ရှုတ်ထွေး လှပါတယ်။ တချို့က တကယ်လုပ်ဆောင်လို့ မိတယ်၊ တချို့က ကိုယ်မလုပ်ဘဲ လူမှားပြီး လက်ဆွဲ အဖမ်းခံရတာတွေ ရှိသလို၊ ငွေညစ်ချင်လို့ အုပ်စုနဲ့ ရထားပေါ်မှာ လုပ်စားနေကြသူတွေလည်း အများသား၊ ဘာကြောင့်ဘဲဖြစ်ဖြစ် ကိုယ်မလုပ်လည်း လုပ်တယ်လို့ စွပ်စွဲခံလာရပြီဆို၊ အစွပ်စွဲခံရ သူဟာ သူ့ ပတ်ဝန်းကျင် အသိုင်းအ၀န်းမှာ လူ့ကျင့်ဝတ် သိက္ခာမစောင့်ထိမ်းတဲ့ လူတစ်ယောက်အဖြစ် အမြင်ခံရမှာ ဖြစ်သလို မလုပ်ပါဘူးလို့ ဇွတ်ငြင်းရင်လည်း တရားရုံးတော် တက်ရမှာဖြစ်သလို တရားစွဲဆိုချိန် အချိန်ကြာမြင့်မှု ကလည်း တနှစ်နီးပါး ကြာမြင့်တတ်သလို လောလောဆယ်လည်း အချုပ်ခံရမှာ ဖြစ်တာမို့ မလုပ်လည်း ရဲစခန်းမှာ ကိုယ်က ၀န်ခံလိုက်ရင် ပထမဦးဆုံးအကြိမ် ကျုးလွန်တာမို့ ယန်း၅သောင်းကနေ သောင်း၅၀လောက် အထိ ဒဏ်ခတ် ခံရမှာဖြစ်တာမို့ ပြဿနာ အရှည်ရှည် မဖြစ်လိုတာမို့ မလုပ်လည်း ၀န်ခံ၊ လုပ်လည်း ၀န်ခံရတော့တာပါဘဲ။

ဝန်မခံလည်း ကိုယ့်ဘက်က တရားရုံးတော်မှာ အနိုင်ရဖို့ဆိုတာ ရာခိုင်နှုန်း မရှိသလောက် နည်းပါးနေပြီး အမျိုးသမီးတွေ ဘက်က ၉၉.၉ ရာခိုင်နှုန်းကျော်က အသာစီး ရနေတာဆိုတော့လည်း ဒီပျော့ကွက်နင်း ဒီအချက်တွေကို သိနေတဲ့ လုပ်စားနေကြတဲ့ အမျိုးသမီးတွေ ကတော့ အမျိုးသား သုံးလေးယောက် လောက်နဲ့ အုပ်စုဖွဲ့ကာ လုပ်စားကြသလို တချို့ကလည်း ငွေလိုလို့ တစ်ယောက်တည်း လုပ်စားသွားကြသူတွေ အများသားပေါ့။

ကိုယ်တွေ့ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်တခု ကတော့ ညဘက်အလုပ်ပြီးလို့ သူငယ်ချင်းတစ်ယောက် အိမ် ခေတ္တ၀င်ရင်း အပြန်နောက်ကျတဲ့ တညမှာ ည၁၁နာရီလောက်မှ တိုကျိုကနေ မနီးမဝေးရှိတဲ့နယ်မြို့လေးကို အပြန် ခရီးတခုမှာ လခစား ၀န်ထမ်းကုတ် အကျီင်္နဲ့ အိတ်တဖက်ကိုင်ပြီး နဲနဲမူးနေတဲ့ လူက အမျိုးသမီး တစ်ယောက် အနားမှာ ရပ်နေပြီး သူတို့ နောက်နားမှာ ကျွန်တော်က ရှိနေပါတယ်။

ဒီအမျိုးသမီးက အိခဲဘုခုရို ဘူတာကနေ တက်လာတာဖြစ်ပြီး သူနဲ့ပါလာတဲ့ အမျိုးသားနှစ်ယောက်က ခပ်လှမ်းလှမ်းမှာ ရပ်နေတာကို တွေ့မြင်ရပြီး သူတို့ပုံစံက မသင်္ကာစရာမို့ သတိထား ကြည့်နေခိုက် ငါးဘူတာလောက် အရောက်မှာ မူးနေတဲ့ လူလက်ကို လက်ဆွဲဖမ်းပြီး ဒီလူ(Chikan)ပါလို့ စွပ်စွဲတော့တာပါပဲ။ အဲဒီအချိန် ဇါတ်တိုက်ထားသလို အဲဒီ အမျိုးသမီးနဲ့ အတူပါလာသူ နှစ်ယောက်က ချက်ခြင်း အနားရောက်လာပြီး သူတို့ကပါ စွပ်စွဲပြီး ဖမ်းဖို့လုပ်တာမို့ တရားခံမှာ ကြောက်အားလန့်အား မူးမူးနဲ့ ရထားပလက်ဖောင်း အတိုင်း ပြေးရင်း အရှိန်နဲ့ ရထားသံလမ်းပေါ်ကို ပြုတ်ကျပြီး အပေါ်ဆွဲတင်နေချိန်မှာ မျက်နှာတခုလုံး သွေးတွေက မြင်မကောင်းတော့တာမို့ ကိုယ်နဲ့မဆိုင်ပေမယ့် မြန်မာပီပီ မတရားတာ ကြည့်မနေနိုင်တာမို့ ၀င်ဖြေရှင်း ပေးခဲ့မိပါသေးတယ်။

သူတို့ တက်လာချိန်က စလို့ နောက်ဆုံးအခင်း ဖြစ်တဲ့အချိန်ထိ မြင်တွေ့နေတာကို မြင်တွေ့တယ် ဆိုတဲ့အကြောင်း မင်းတို့ အကြံအဖန်လုပ်တာ ငါကြည့်နေမှာ မဟုတ်ဘူး ပြောလိုက်တော့ ငတိနှစ်ယောက်နဲနဲ လန့်သွားပုံရပြီး နောက်ကိုရှဲ သွားကြပြီး မကြာမီမှာဘဲ ဘူတာ တာဝန်ကျ ၀န်ထမ်းနဲ့ ရဲနှစ်ယောက် ရောက်လာလို့ အကျိုးအကြောင်း ၀င်ရှင်းပြပေးလို့ ကိုယ့်ကိုပါ ရဲစခမ်း ခေါ်နေပေမယ့် အချိန်လင့်နေပြီမို့ ကိုယ့်အိမ် လိပ်စာ၊ ဖုန်းနံပတ်နဲ့ အလုပ်တွေကို ပြောပြပြီး ပြန်လာခဲ့ပေမယ့် မကြေမချမ်းနဲ့ အကြောင်းမရွေးတဲ့ နဂါးမျက်စောင်းခဲလိုက်တဲ့ အမျိုးသမီးကတော့ သူတို့အကြံ ၀င်ဖျက်တဲ့ ကောင်မို့ အမဲဖျက်ချင် နေပုံရပါတယ်။

နောက်တနေ့ ရဲစခန်းက ဖုန်းဆက်လာလို့ အဲဒီလူကို ပြန်လွှတ်ပေးမှာ ဖြစ်ကြောင်း ၊ ဒါပေမယ့် အမျိုးသမီးက လျှော်ကြေးတောင်းနေတာမို့ တရားခံက ပေးဆောင်ရမယ် ဆိုတာတွေနဲ့ ကျေးဇူးတင်ရှိတဲ့ အကြောင်းပြောလာလို့ လျှော်ကြေး ဘယ်လောက်လည်းလို့တော့ မေးလို့ မကောင်းတာမို့ မမေးမိ လိုက်တော့ပါဘူး။

ချိကန်း လုပ်ဆောင်တဲ့ လူအပေါ် ဂျပန်ဥပေအရ ငွေသားရော ထောင်ဒဏ်ပါ ချမှတ်နိုင်သလို ယန်း၅သောင်းမှ သောင်း၅၀အထိနဲ့ ထောင်ဒဏ်အမြင့်ဆုံး ၃နှစ်အထိ ချမှတ်လို့ရပြီး၊ တရားခံဟာ ဂျပန်အသိုင်းအ၀န်းမှာ လူအထင်သေးစရာ အဖြစ် ဆက်ဆံခံရပြီး လုပ်ကိုင်နေတဲ့ အလုပ်က ရပ်စဲခံရမူတွေ အပြင် လခစား ၀န်ထမ်းအလုပ်ကို လုပ်ဆောင်နိုင်ဖို့ အတွက်လည်း အရမ်းကို ခက်ခဲသွား နိုင်ပါတယ်။ ချိကန်းနဲ့ ပတ်သက်လို့ စွပ်စွဲခံရလာမယ်ဆိုရင် ယောကျာင်္းသားတွေ ဘက်က ၉၉.၉ ရာခိုင်နုန်းက အရှုံးဘက်မှာရှိနေတယ်ဆိုတဲ့အကြောင်းနဲ့ ဂျပန်ဥပဒေရဲ့ မှားယွင်းနေမူတချို့ကို မီးမောင်းထိုးပြလိုက်တဲ့ ဒါရိုက်တာ Masayuki Suo ရိုက်ကူးတဲ့ I Just Didn't Do It (sore demo boku way ate nai) ဆိုတဲ့ ဗွီဒီယိုကား ကတော့ တကယ့် အဖြစ်ပျက်ကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပြီး ရထားတွဲတံခါးနဲ့ ကုတ်အင်္ကျီစ ညှပ်နေတာကို ဆွဲထုတ်ရင်း အလယ်တန်း ကျောင်းသူလေးတစ်ယောက်ကို သွားရောက်ထိမိပြီး (Chikan) ပါလို့ အစွပ်စွဲ ခံရပေမယ့် ကိုယ်က ဘာမှမလုပ်တာ ဖြစ်တဲ့အတွက် အမှန်တရားအတွက် တရားဥပဒေ အတိုင်းရင်ဆိုင်ရင်း နောက်ဆုံး ထောင်ကျ ခံလိုက်ရတဲ့ ဖြစ်ရပ်မှန် အခြေခံဗွီဒီယို ဇါတ်လမ်းတစ်ပုဒ် ဟာလည်း ဂျပန်ပြည်သူတွေကြားမှာ တော်တော်လေးကို ရေပန်းစား နာမည်ကြီး သွားခဲ့သလို ပြည်ပနိုင်ငံ တော်တော်များများ ဟာလည်း အင်္ဂလိပ်စာတမ်း ထိုးပြီးပြတဲ့ ဒီဇါတ်ကားကြောင့် (Chikan)ဆိုတာ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုသိရှိ နားလည် လာကြရပါတော့တယ်။



့ I Just Didn't Do It (sore demo boku way ate nai) ဗီဒီယို

မင်းတို့ လက်တွေ လေထဲ မြှောက်ထားလိုက်
ချိကန်း လုပ်ဆောင်သူတွေက ဂျပန်တင်မက နိုင်ငံခြားသားတွေလည်း ပါဝင် နေတတ်ကြသလို၊ မြန်မာတွေ ထဲမှာလည်း (Chikan) လုပ်ဆောင်မူကြောင့် လုပ်ဆောင်သူရော မလုပ်ဘဲ အစွပ်စွဲခံရပြီး ဖမ်းခံရသူတွေ ရှိခဲ့ဖူးပါတယ်။

 လွန်ခဲ့တဲ့ နှစ်တွေမှာလဲ စင်္ကာပူမှာ မြန်မာတယောက် ချိကန်းလုပ်တာ ကြာလိုက်ရပါသေးတယ်၊ ဒီအမှုဖြစ်လို့ ရက်ကျော်ဗွီဇာနဲ့ နေသူဆိုရင်တော့ ပြည်တော်ပြန်ရမှာ ဖြစ်သလို၊ တခြား အလုပ်ဗီဇာသမား ဆိုရင်တော့ အလုပ်ပါပြုတ်ပြီး ပြည်တော် ပြန်ရကိန်း ရှိတာမို့ သတိထားနိုင်မှ တော်ရုံကျ ပါလိမ့်မယ်။

ဂျပန်မှာကတော့ အလုပ်အဆင်း အလုပ်ပြန်နဲ့ ရထားကြပ်ချိန်တွေ မှာတော့ ရထားစီး အမျိုးသားတွေက ဘန်ဇိုင်းလို့ အဓိပ္ပါယ်ရတဲ့ လက်နှစ်ဘက်ကို ရထားလက်ကိုင်တန်း နှစ်ခုမှာ မြှောက်တင်ထားခြင်းဖြင့် အန္တရာယ်ကင်း ဘေးရှင်းတယ်လို့ ပြောဆိုနေကြတာမို့ စာရေးသူလဲ ရထားစီးနေရင်းက မြန်မာပြည်က နာမည်ကြီးနေတဲ့ ရက်ပါအဆိုတော် စိုင်းစိုင်းခမ်းလှိုင်ရဲ့ သီချင်းဟောင်းလေး တစ်ပုဒ်က အမ်ပီသရီး နားကြပ်ကနေ လွင့်ပြန့် စီးမျှောလာတာမို့ ဇတ်ကနဲ ဘန်ဇိုင်း သဏ္ဍာန် လက်ကိုကောက်ခါ ငင်ကာမြှောက်ထား လိုက်မိပါတော့တယ်။
ဝမ်းတူးxxxxxxx ၀မ်းတူး အားလုံး စိတ်တူကိုယ်တူ ဘာတွေ ညာတွေမသိဘူး xxxxxxx အမှားတွေချန်ထား xxxxxxx ငါပြန်လာပြီး မင်းတို့ နားထောင်ကြည့် မင်းတို့ လက်တွေ လေထဲမြှောက်ထားလိုက် xxxxxxx မင်းတို့ လက်တွေ လေထဲမြှောက်ထားလိုက် xxxxxxx ရင်မှာဆူနေပြီ Xxxxxxx မြုနေပြီxxxxxxx မြူနေပြီ Xxxxxxx ကြည့်လိုက်ကြ. xxxxxxx မင်းတို့ရဲ့ လက်တွေကို လေထဲကို ၀ဲပျံကာချ xxxxxxx
စိုင်းစိုင်း သီချင်းသံက နားစည်ထဲ တိုးဝှေ့ ၀င်ရောက်ပြီး မှတ်ဥာဏ်ထဲကို အန်အန် ချနေလို့ ....... ကြောက်ချွေးများ ပြန်ရင်း လက်နှစ်ဖက်ကို လူမြင်အောင် ရထားစီး၊ ကားစီးတိုင်း အပေါ်တန်းဆီ မြဲမြံစွာ ခပ်တင်းတင်း ဆုပ်ကိုင် ထားပြနေဆဲပါ......။
ကမာနီလာ
ဒီဆောင်းပါးက ၂၀၀၉ခုနှစ်က ရေးခဲ့တာဖြစ်ပြီး popular news ဂျာနယ်မှာ ကိုနိုင်အမည်နဲ့ ရေးခဲ့ပြီးသားပါ။  ဒီမှာလည်းတင်ထားပါတယ်။ http://www.shwedaungtaung.com/article/38-articles/179-2011-08-26-07-33-59.html မဖတ်ရသေးသူတွေအတွက်  ပြန်တင်ပေးလိုက်တာပါ။
 Kamar Nilar
on Tuesday, October 9, 2012 at 2:37pm ·

No comments:

Post a Comment