Wednesday, 17 October 2012

မျိုးဆက်သစ်တို့ရဲ့အားမာန်


မျိုးဆက်သစ်တို့ရဲ့အားမာန်
(မင်းကိုနိုင်ရွှေရတုမွေးနေ့သို့)

ရှစ်ဆယ့်ရှစ်မျိုးဆက်တဲ့
ထိုးထွက်လို့ပေါ်ထွန်းလာ

ဒို့များမြန်ပြည်မှာ
ခေတ်အခါ ချိန်ခါကောင်း
ပေါ်လာတဲ့ လူစွမ်းကောင်း…။

ခေတ်ကမွေး
သမိုင်းကရေးခဲ့တဲ့ ခေတ်မျိုးဆက်
ခေတ်အတွက် အံဝင်ဂွင်ကျလျက်…။

ပြည်သူ့ဒုက္ခ ပြည်သူ့ဆန္ဒ
တိတိကျကျ ဖေါ်ထုတ်ပြ
ဘ၀နဲ့ရင်း ဆန္ဒပြင်းပြ
အကျဉ်းချချ လက်မလျှော့ကြ
ထောင်ကထွက်လာ ခုချိန်မှာ
ပြည်သူ့တွက်တာ ဆက်လုပ်ရှာ
လိုတဲ့နေရာ အခါမရွေး
ဦးစားပေးပြီး လုပ်ကိုင်ပေး
လူမှုရေး နိုင်ငံရေး နဲ့ ငြိမ်းချမ်းရေး
ဘယ်အရေးပေါ်ပေါ် လမ်းကြောင်းဖေါ်
ရာထူးမမျှော် ငွေကြေးမမျှော်
တပျော်တပါး ပါဝင်လှုပ်ရှား
လေးစားထိုက်ပါတကား…။

ပြည်သူအများ ကောင်းစေသား
တိုင်းပြည်အပေါ်သစ္စာထား
အများအကျိုးဆောင် ကိုယ့်အကျိုးပြောင်
မထောင်မလွှား မယောင်မှား
စိန်သွားထက်ထက် ယုံကြည်ချက်
အသက်တည်တရွေ့ ဘယ်မရွေ့
မွေးနေ့ရောက်လာ ငါးဆယ်မှာ
မာပါစေလို့ ဆုတောင်းပို့ မင်းကိုနိုင်အဖို့
ရှေ့သို့အတည် ရဲရဲချီ
ရောင်နီမသွေလင်းစေဖို့
မိတ်ဆွေအားလုံးကြိုးစားစို့
ဒို့များပြည်ရေး သာယာအေး
မနှေးလျှောက်လှမ်း မကြောက်စတမ်း
ဒီမိုကရေစီပန်းတိုင်အရောက်လှမ်း…။

တက္ကသိုလ်ဘုန်းကြွယ်
(အောက်တိုဘာ ၁၆ ၂၀၁၂)

No comments:

Post a Comment