မြန်မာနိုင်ငံ၏ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က Harvard တက္ကသိုလ်တွင် ကြာသပတေးနေ့ကပြောကြားသော မိန့်ခွန်း၌ မြန်မာနိုင်ငံသားများအနေဖြင့် လွတလပ်သောလူ့အဖွဲ့အစည်းအတွက် တာဝန်ယူမှုရှိသော နိုင်ငံသားများဖြစ်ရေးပြင်ဆင်ရန် ထည့်သွင်းပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် သူ၏မှတ်တိုင်ဖြစ်သော အမေရိကန်ခရီးစဉ်တွင်
Harvard နှင့် Yale တက္ကသိုလ်တို့တွင် မိန့်ခွန်းပြောကြားခဲ့သည်။ သူ၏ Ivy League တွင်ပြောကြားသောမိန့်ခွန်းသည် သမ္မတဦးသိန်းစိန်က ကုလသမဂ္ဂအထွေထွေညီလာခံ၌ သူ့အားဂုဏ်ပြုသည့် အကြောင်းပါဝင်သော မိန့်ခွန်းပြောသည့်နေ့တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ရာတွင် သူနှင့် NLD အဖွဲ့ဝင်များသည် အာဏာရှင် လက်အောက်တွင် မသိနားမလည်သေးသော ကလေးများသဖွယ် ပြုမူခံရသည့် ပြည်သူများအား မဲဆန္ဒပေးခြင်း၏အရေးကြီးပုံနှင့် ဒီမိုကရေစီ၏ အဓိပ္ပါယ်ကို ပညာပေးခဲ့ရသည်။ ပြည်သူများသည် မိမိတို့လူအဖွဲ့အစည်းကို ပြောင်းလဲနိုင်သည့် ပါဝါရှိသည်ဆိုသည်ကို နားလည်ရန်လိုအပ်ကြောင်း သူကပြောခဲ့သည်။
“ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာတော့၊ ပြည်သူတစ်ဦးချင်းဟာ သမ္မတနဲ့တန်းတူပါပဲ။ သူလဲ မဲတစ်မဲပေးခွင့်ရှိသလို၊ ရှင်တို့လည်း မဲတစ်မဲပေးခွင့် ရှိပါတယ်။ ဒါကိုအသုံးချပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က မဲဆန္ဒရှင်များအား နှိုးဆော်ခဲ့သည်။
သူက ပြောကြားရာတွင် ပြည်သူများက သူ့အားအထင်ကရပုဂ္ဂိုလ်တစ်ဦး(icon)သာဖြစ်ပြီး နိုင်ငံရေးအတွေ့အကြုံမရှိဟု ပြောကြားမှုကို ကြားရသောအခါ အံ့ဩမိကြောင်းဆိုသည်။
“လွန်ခဲ့တဲ့(၂၄)နှစ်လုံးလုံး ကျွန်မဘာတွေလုပ်နေတယ်လို့ ထင်ပါသလဲ”ဟု သူကဆိုသည်။ သူသည် NLD တည်ထောင်ခဲ့သူတစ်ဦးတွင် ပါဝင်ခဲ့ပြီး၊ နေအိမ်အကျယ်ချုပ်ကာလတွင် ပြန်လွှတ်သည့်အခါ အလုပ်လုပ်ရန်ပြင်ဆင်နေခဲ့သည်ဟု ဖြည့်စွက်ပြောသည်။
ထိုနေ့ အစောပိုင်း Yale တက္ကသိုလ်တွင် ထုတ်ပြန်ချက်၌လည်း သူက စစ်မှန်သောဒီမိုကရေစီ တည်ထောင်နိုင်ရန် လွတ်လပ်သောတရားစီရင်မှု လိုအပ်ကြောင်း အလေးအနက်ထားပြောကြားခဲ့သည်။
“တရားဥပဒေစိုးမိုးရေးကို ပြန်လည်တည်ထောင်နိုင်ပြီဆိုရင်တော့၊ ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းစဉ် အောင်မြင်ပြီလို့  ပြောလို့ရပါတယ်။ ဒီပွိုင့်ကိုမရောက်မချင်းတော့ ဒီမိုကရေစီဖော်ဆောင်ရေး လုပ်ငန်းစဉ်အောင်မြင်ပြီလို့ မထင်ပါဘူး”ဟု ဆိုသည်။
လက်တွေ့တွင် တရားစီရင်ရေးစနစ်မရှိဟု သူကပြောသည်။ “ဒါကြောင့် အားကောင်းတဲ့၊ လွတ်လပ်တဲ့၊ သန့်ရှင်းတဲ့တရားစီရင်ရေးစနစ် မရှိမချင်းတော့ မြန်မာနိုင်င်ငံဟာ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ရှိနေပြီလို့မပြောနိုင်ပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
သို့သော်သူက မြန်မာနိုင်ငံသည် ဒီမိုကရေစီစင်မြင့်သို့ နောက်ကျမှဝင်ခဲ့ရသော်လည်း အကျိုးကျေးဇူးခံစားရမည်ဟု ပြောခဲ့သည်။
“နောက်ကျပေမယ့် အခြားသူများရဲ့အမှားများကို သင်ခန်းစာယူနိုင်ပါမယ်”ဟု သူက Harvard တွင်ပြောခဲ့သည်။
ပြီးခဲ့သည့်အပတ်က ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတ Barack Obama နှင့် ပုဂ္ဂလိက အလွတ်သဘောတွေ့ဆုံခဲ့ပြီး ကွန်ဂရက်၏ အမြင့်ဆုံးရွှေတံဆိပ်ဆု လက်ခံခဲ့သည်။ ထိုဆုကို ၂၀၀၈ ခုနှစ်က စစ်အုပ်ချုပ်ရေးကို ငြိမ်းချမ်းစွာတော်လှန်ခဲ့မှုကြောင့် ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
ဧပြီလတွင် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံရပြီးကတည်းက အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်ခဲ့ပြီး အမေရိကန်ကုမ္ပဏီများ ရင်းနှီးမြှပ်နှံရန် ခွင့်ပြုခဲ့သည်။
ဗုဒ္ဓဟူးနေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က အမေရိကန်သည် သွင်းကုန်ပိတ်ပင်ထားမှုကို ဖြေလျော့ပေးမည်ဟု ကြေညာ ခဲ့သည်။ ထိုပိတ်ပင်ထားမှုမှာ ကျန်ရှိသော အမေရိကန်အရေးယူမှုများအနက် အဓိကကျသော အစိတ်အပိုင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း ထိုသို့လုပ်ဆောင်ရန်ပြီးခဲ့သည့် အပတ်ကထောက်ခံခဲ့ပြီး၊ မြန်မာနိုင်ငံသည် ဒီမိုကရေစီအတွက် အရှိန်အဟုန် ဆက်ထိန်းရန် အမေရိကန်တစ်နိုင်ငံတည်းအပေါ် တည်မှီမနေသင့်ကြောင်း ပြောကြားခဲ့သည်။ သူသည် အရေးယူမှုများကို စစ်အစိုးရအား နိုင်ငံရေးအရ ဖိအားပေးရေးအတွက် နည်းပေါင်းများစွာ ထောက်ခံခဲ့သည်။
အမေရိကန်သည် ၎င်း၏စီးပွားရေးအရ အရေးယူမှုများကို မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို တုန့်ပြန်သောအားဖြင့် ယခုနှစ် အစောပိုင်းမှစ၍ တဖြည်းဖြည်းဖြေလျော့ပေးခဲ့သည်။
မြန်မာနိုင်ငံတွင် တဖြည်းဖြည်းဆင်းရဲလာပြီး၊ ပြည်သူလူထု၏ မကျေနပ်မှုများနှင့် ရင်ဆိုင်လာရအပြီးတွင် ပြောင်းလဲမှုများထွက်ပေါ်လာရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
Harvard နှင့် Yale တွင်ကျောင်းသားများက ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်နေရစဉ် ကာလများအတွင်း မည်သို့စိတ်ဓါတ်ကို ထိန်းသိမ်းနေထိုင်သနည်းဟု မေးမြန်းခဲ့ရာ သူကအခြေအနေဆိုးများကို ရင်ဆိုင်နိုင်ရန် အတွင်းစိတ်ဓါတ်အခံ( inner resources)နှင့် အခြားအရာများကို အာရုံပြုမှုတို့လိုအပ်ကြောင်း ပြောခဲ့သည်။
“အဝေးနေရာကလူတွေ ကျွန်မတို့ကို ထောက်ခံတယ်လို့ပြောတာ ကြားရတိုင်း၊ အားဆေးတွေပါပဲ”ဟု သူက Harvard တွင်ပြောသည်။
Yangon chronicle

No comments:
Post a Comment