by Yangon Press International on Sunday, September 9, 2012 at 9:04pm ·
ရန်ကုန်၊ စက်တင်ဘာ ၉ ရက်၊ ၂၀၁၂၊ YPI
မကြာမီက တာဝန်လွှဲပြောင်းယူခဲ့သည့် ပြန်ကြားရေး ၀န်ကြီး ဦးအောင်ကြည်သည် ယာယီ စာနယ်ဇင်းကောင်စီ အသစ်ဖွဲ့စည်းရေးနှင့် ပတ်သက်၍ သတင်းမီဒီယာ အဖွဲ့အစည်းအချို့နှင့် ယမန်နေ့ညနေနှင့် ယနေ့နံနက်ပိုင်းတွင် တွေ့ဆုံသည်။
ယခင် ပြန်ကြားရေး ၀န်ကြီးဟောင်း ဦးကျော်ဆန်း မပြောင်းရွှေ့မီ သြဂုတ် ၉ ရက်နေ့စွဲဖြင့် ဖွဲ့စည်းခဲ့သည့် အမြုတေစာနယ်ဇင်းကောင်စီ အနေဖြင့်အသက်ဝင်ရန် အခက်အခဲများ ကြုံတွေ့ရပြီးနောက် အသစ်တက်လာသည့် ပြန်ကြားရေးဝန်ကြီးက ယခုကဲ့သို့ သတင်းအဖွဲ့အစည်းများနှင့် တွေ့ဆုံကာ စာနယ်ဇင်းကောင်စီ အသစ်ဖွဲ့စည်းရန် ဆွေးနွေးခြင်းဖြစ်သည်။
ဝန်ကြီးဦးအောင်ကြည်သည် ယမန်နေ့ညနေပိုင်းက မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဒုဥက္ကဋ္ဌ ဦးကိုကို (စက်မှု) တွေ့ဆုံခဲ့ကာ ယနေ့နံနက်ပိုင်းတွင် မြန်မာဂျာနယ်လစ်ကွန်ရက် (MJN )နှင့် မြန်မာစာနယ်ဇင်း သမဂ္ဂ ဖြစ်မြောက်ရေးအဖွဲ့ဝင်တို့နှင့် ရန်ကုန်မြို့ ၌ တွေ့ဆုံခဲ့သည်။
တွေ့ဆုံရာတွင် ပါဝင်သူ တဦးဖြစ်သည့်မြန်မာဂျာနယ်လစ် ကွန်ရက်မှ ဦးမြင့်ကျော်က `` ပြန်ကြားရေး ၀န်ကြီးက ယာယီ စာနယ်ဇင်းကောင်စီဖွဲ့စည်းမယ့် အကြောင်း၊ လျာထားတဲ့ ကောင်စီဝင်တွေနဲ့ တာဝန်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ကွန်ရက်ရဲ့ သဘောထားကိုမေးတာပါ ´´ ဟု YPI သို့ပြောသည်။
ယခင်လဆန်းက ဖွဲ့စည်းကြောင်းကြေညာခဲ့သည့် အမြုတေ စာနယ်ဇင်းကောင်စီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့် အချို့နှင့်ပတ်သက်၍ ကောင်စီဝင်အချို့က သဘောမတူကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့သည့်နောက် အမြုတေ စာနယ်ဇင်းကောင်စီမှာ အသက်မ၀င်နိုင်ပဲ ဆိုင်းငံ့ထားခဲ့ရသည်။
ယခုဖွဲ့စည်းမည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ဟု ခေါ်ဆိုမည့် အဖွဲ့တွင် အဖွဲ့ဝင် (၃၀) လျာထားပြီး သတင်းမီဒီယာ အဖွဲ့အစည်း (၃) ဖွဲ့မှ ကိုယ်စားပြုသူများ၊ ဥပဒေပညာရှင်များ၊ စီးပွားရေးပညာရှင်၊ သတင်းဂျာနယ် မဂ္ဂဇင်းထုတ်ဝေသူများ၊ ရုပ်သံလွှင့်ဋ္ဌာနမှ တာဝန်ခံများ၊ စာရေးဆရာများ ပါဝင်သည် ဟု MJN ကိုယ်စားလှယ် ပြောဆိုချက်အရ သိရှိရသည်။
ယခုဖွဲ့စည်းမည့် စာနယ်ဇင်းကောင်စီ (ယာယီ)၏ အဓိကတာဝန်အချို့မှာ သတင်းသမားများ လိုက်နာရန် ကျင့်ဝတ်ရေးဆွဲရေး ၊ ပုံနှိပ်မီဒီယာဥပဒေ နှင့်ပတ်သက်၍ ပါဝင်ရေးဆွဲ အကြံဉာဏ်ပေးခြင်းတို့ဖြစ်သည်ဟု ၀န်ကြီး၏ ပြောကြားချက်အရ သိရကြောင်း ဦးမြင့်ကျော်က ပြောသည်။
ပုံနှိပ်မီဒီယာ ဥပဒေအသစ်ပေါ်ထွက်မလာမီ `သတင်းသမားများလိုက်နာရန် ကျင့်ဝတ်´ အတည်ပြုပြီးနောက် တွင် နေ့စဉ်ထုတ် သတင်စာများ ထွက်ရှိလာမည်ဟု ၀န်ကြီးက ပြောကြားခဲ့ကြောင်းလည်း ၎င်းက ပြောသည်။
မြန်မာသတင်းမီဒီယာ ကို တိုင်းပြည်၏ အရေးပါသည့် စတုတ္ထမဏ္ဍိုင်အဖြစ် သမ္မတဦးသိန်းစိန်က အသိအမှတ်ပြုကာ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်၌ အရေးပါကြောင်း မှတ်ချက်ချပြောဆိုခဲ့သည်။ ယင်းသို့ပြောဆိုပြီး တနှစ်ကျော်အကြာတွင် မထုတ်ဝေမီ ကြိုတင်စိစစ်သည့် လုပ်ဆောင်မှု (ဆင်ဆင်ဖြတ်တောက်မှု) များ သြဂုတ်လလယ်တွင် ရပ်ဆိုင်းသွားခဲ့သည်။ ။

No comments:
Post a Comment