by ငရဲ သား on Sunday, September 9, 2012 at 6:26pm ·
သတင်းတွေအရ
တိုင်းပြည်မှာ ပြုပြင်ပြောင်းလဲရေးတွေ မြန်ဆန်နေတယ်လို့ ထင်ရပါတယ်။ ၂၀၁၂
ခုနှစ် သြဂုတ်လ ၂၇ ၇က်နေ့ ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲတာဝန်ပေးခြင်း၊
ဆက်လက်ပြီး ဒုတိယ၀န်ကြီးများ ခန့်အပ်တာဝန်ပေးခြင်းဖြင့် အစိုးရအဖွဲ့ကို
တောင့်တင်းခိုင်မာအောင် အားသစ်လောင်းလိုက်တယ်လို့ ဆိုနိုင်ပါတယ်။
အစိုးရသစ်ဆိုတာ အစိုးရဟောင်းရဲ့ ကောင်းမွေ ဆိုးမွေကို ဆက်ခံရစမြဲပါပဲ။
ဆရာဒဂုန်တာရာရဲ့ 'မေ'၀တ္ထုအဖွင့်ဝါကျလို 'လေနုအေးသည် တနွဲ့နွဲ့နော့နေဆဲ
ကို'ဆိုတဲ့ သာယာကြည်နူးဖွယ် အခြေအနေတွေကို အစိုးရသစ်က ရလိုက်တာ မဟုတ်ပါ။
မေ၀တ္ထုနောက်ဆုံးဝါကျ ---'အကောင်းကိုရှာ၏ အကောင်းကားမရှိတော့'ဆိုတဲ့
အနေအထားကို ရလိုက်တာမျိုးပါ။
ရေအိမ်ပြိုပျက် အပြင်ခက်သည် ဆိုတဲ့စကားလိုပါပဲ။ အိမ်ကြီးရခိုင်တိုက်ကြီးတာကြီး အသစ်ဆောက်လိုက်ရတာကမှ မြန်လိမ့်ဦးမယ်။ ညစ်ပတ်ပေရေနံစော်နေတဲ့ ရေအိမ်ပျက်ကြီးကို ဘယ်လိုပြင်ကြမလဲ။ ကျွန်တော်တို့က တိုင်းပြည်ကို အဆိုး မြင်နဲ့ သုံးသပ်နေတာမဟုတ်ပါ။ အကောင်းမြင်ချင်ပါလျက် အကောင်းမမြင်ရတော့ အရှိပကတိတိုင်း ရှုမြင်ပြီး ပြုပြင်ပြောင်းလဲရေးလမ်းစဉ်ကို အားဖြည့်ပေးနေခြင်းပဲ ဖြစ်ပါတယ်။ ပြောရရင် အဆိုးမြင်လည်းမဟုတ်၊ အကောင်းမြင်လည်းမဟုတ်၊ အရှိ မြင်၊ ပကတိအမြင်ပါပဲ။
စာပေစိစစ်ရေး မဖျက်သိမ်းခင်ကပင် မြန်မာနိုင်ငံသတင်းစာဆရာအသင်းဥက္ကဋ္ဌ ဆရာမောင်ဝံသက စာပေလွတ်လပ်ခွင့် ၇၅ ရာခိုင်နှုန်းရနေပါပြီလို့ ပြောခဲ့တာမျိုးဟာ အရှိတရား ပကတိတရားနဲ့ ဘယ်လောက်နီးစပ်ပါသလဲ။ ဆရာမောင်ဝံသက အ ကောင်းမြင်နဲ့ ပြောလိုက်တာလား။ အကောင်းမြင်ဟာ အမှန်တရားနဲ့ ဘယ်လောက် ထပ်တူကျနိုင်ပါသလဲ။ မဆလတစ်ခေတ်လုံး 'အားလုံးကောင်းပါသည်ခင်ဗျား'လို့ လိမ်ညာပြီး အစီရင်ခံစာတွေတင်ခဲ့ကြလို့ တိုင်းပြည်ရဲ့ ပကတိအခြေအနေမှန်ကို အထက်လူကြီးတွေ မသိခဲ့ကြဘူး။ သိလိုက်တဲ့အချိန်မှာ တိုင်းပြည်က ပျက်နေပြီ။ ဒါ့ကြောင့် ဆရာတင်မိုးက
'ငါတို့ရဲ့ဘ၀တွေဟာ မုသာဝါဒ အစီရင်ခံစာဖြစ်တယ်'လို့ ရင်နာနာနဲ့ ကဗျာရေးခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ အစိုးရသစ်ရဲ့ တစ်နှစ်ခွဲကာလ သက်တမ်းနုနုလေးအတွင်းမှာ ပြဿနာတွေ၊ အခက်အခဲတွေ စိန်ခေါ်မှုတွေ အများကြီး ရှိနေဆဲပါ။ ဒါကြောင့် လည်း သမ္မတကြီးက ''အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ပါ'လို့ ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။ အားလုံးရဲ့အားနဲ့ အခက်အခဲတွေကို ကျော်လွှားပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်မည်ဆိုတော့ . . . ဘယ်အခြေခံ ပေါ်မှာ တည်ဆောက်မှာလဲ။ အားလုံးရဲ့ အားတွေမပါဘဲနဲ့တော့ ဘယ်လိုမှမဖြစ်နိုင်။
အထူးသဖြင့် လက်နက်ကိုင်ပြီး ဖက်ပြိုင်နိုင်စွမ်းအားရှိနေတဲ့ တိုင်းရင်းသားများရဲ့ ယုံကြည်မှုအင်အားမပါဘဲနဲ့ လုံးဝမဖြစ်နိုင်။ ဆိုလိုတာက ပြည်တွင်းစစ်ရပ်စဲပြီး ငြိမ်းချမ်းရေး မတည်ဆောက်နိုင်သမျှ ခေတ်မီဖွံ့ဖြိုးတိုးတက်ဆိုတာ လေထဲတိုက် အိမ်ဆောက်နေတာပါပဲ။ ကိုယ့်ညီနောင်သွေးသားချင်း ပြည်ထောင်စုသားအချင်းချင်း လက်နက်နဲ့ဖြေရှင်းနေသမျှ ဘယ်တော့မှ အဖြေမပေါ်။ ပြည်တွင်းစစ် နှစ်ပေါင်း ၆၀ ကျော်ခဲ့တာက သက်သေခံနေပါပြီ။ လူတွေ သန်းနဲ့ချီပြီးသေခဲ့တဲ့ ကမ္ဘောဒီးယား ပြည်တွင်းစစ်တောင်မှ ၂၅ နှစ်ပဲ ကြာခဲ့ပါတယ်။ ကျွန်တော်တို့ ပြည်သူတွေ တိုင်းရင်းသားညီအစ်ကိုတွေ ဘယ်လောက်ထိ ပေးဆပ်ရဦးမှာလဲ။ စစ်မြေပြင်ဆီ ပေါ်တာဆွဲသွားတဲ့ထိ မခံရပေမယ့် စစ်ရဲ့ဝန်ထုပ်ဝန်ပိုးကို ကျွန်တော်တို့ ထမ်းထားရပါတယ်။ ကာကွယ်ရေးစစ်အသုံးစရိတ်ဟာ ဘတ်ဂျက်ရဲ့ ရာခိုင်နှုန်း အများဆုံး ယူထားပါတယ်။ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုဝန်ထမ်းနဲ့ ကယ်ဆယ်ရေးအတွက် အသုံးစရိတ်ဘတ်ဂျက်က အနိမ့်ဆုံး အနည်းဆုံးအခြေအနေမှာ ရှိပါတယ်။
တစ်ဖက်ရေစီးသန်၊ တစ်ဖက်သောင်ထွန်းမြဲပါ။
ချိန်ခွင်လျာက စစ်အသုံးစရိတ်ဘက်မှာ သာသာထိုးထိုးကြီးပါနေသမျှ ကျန်တဲ့အရေးအရာတွေမှာ သရောကြီးခိုင်းတော့မှာပါ။ ကျွန်တော်မှတ်မိနေတဲ့ ကုန်ဈေးနှုန်းအရ ၁၉၇၅ ခုနှစ်မှာ ဆန်တစ်ပြည်နဲ့ ကျည်ဆန်တစ်တောင့်ရဲ့ တန်ဖိုးချင်းဟာ အတူတူပါပဲ။
ဆန်တစ်ပြည်(ငစိန်ဆန်ကြမ်း) ၆၅ ပြားဆိုရင် ကျည်ဆံတစ်တောင့်ရဲ့ တန်ဖိုးကလည်း ၆၅ ပြားပါပဲ။ ဒိုင်းခနဲ သေနတ်သံတစ်ချက် တိုင်းပြည်ရဲ့ ဘတ်ဂျက်ငွေ ၆၅ ပြားတွက်။ ဒိုင်းခနဲ သေနတ်တစ်ချက်ပစ်၊ ဆန်တစ်ပြည် မစားလိုက်ရဘဲ သွန်ပစ်တာ နဲ့ အတူတူပါပဲ။ တဒိုင်းဒိုင်း သေနတ်ကျည်ဆန်တွေ မရပ်မနား ပစ်ခတ်၊ ကျွန်တော်တို့စားမယ့်ဆန်တွေ တင်းပေါင်းထောင်သောင်းချီပြီး အဟောသိကံဖြစ်။
ဒါက ရိုင်းဖယ်ကျည်ဆန်တစ်ထောင့်နောက်မှာ ပါသွားတဲ့ သာမန်တန်ဖိုးမျှသာ ရှိပါသေးတယ်။ ကျည်ဆန်တစ်တောင့်နဲ့ အသက်တစ်ချောင်း ဘ၀တစ်ခု လဲလိုက်ရတာတွေကတော့ တန်ဖိုးအနဂ္ဂအသင်္ချေပါပဲ။ ဒီနေ့မှာတော့ဖြင့်...
'ဂျိန်းခနဲပေါက်ကွဲသည့်အသံက အနီးကပ် မိုးကြိုးပစ်သံထက်ပင် ပိုကျယ်သည်။ ခြေဖ၀ါးအောက်က မြေကြီးတုန်လှုပ်သွားပြီး မတ်တတ်ရပ်နေသူတစ်စု၏ ခန္ဓာကိုယ်များ ယိမ်းထိုးသွားသည်။ အစိမ်းပုပ်ရောင်က ကချင်လွတ်လပ်ရေးတပ်မတော် (ကေ အိုင်အေ) ယူနီဖောင်းကို ၀တ်ထားသည့် ဗိုလ်မှူးကမှတ်ချက်ချသည်။
'ဒါ ၁၀၅ မမ ဟောင်ဝစ်ဇာ အမြောက်သံပေါ့၊ ဒီကျည်ဆန်တစ်လုံးက သိန်းလေးဆယ်နီးနီး တန်တယ်'
(၂၀၁၂ ခုနှစ် မေလ ၃၁ ရက် ထုတ် ၇ ရက် သတင်းဂျာနယ် မျက်နှာဖုံးမှ)
ဘုရား . . .ဘုရား။ အမြောက်ကျည်ဆန်တစ်လုံး သိန်းလေးဆယ်၊ ရွာငယ်လေးတစ်ရွာအတွက် မူလတန်းကျောင်းလေးတစ်ကျောင်း၊ ဆေးပေးခန်းလေးတစ်ခု၊ စာကြည့်တိုက်လေးတစ်လုံးလောက် တည်ဆောက်ပေးနိုင်တဲ့ ငွေတန်ဖိုး။ အမြောက်ကျည်ဆန် အလုံးတစ်ရာဆိုလျှင် . . . သိန်းလေးထောင်။ အထက်တန်းကျောင်းကြီးတွေ ဆောက်ပေါ့လေ။ ဆေးရုံကြီးတွေ ဆောက်ပေါ့လေ။
ခုတော့ အသစ်မတည်ဆောက်နိုင်တဲ့အပြင် တည်ဆောက်ပြီးသမျှ အရာရာကို စစ်ကဖျက်ဆီးပစ်လေပြီ။
ရုပ်ဝတ္ထုများ စိတ်ဓာတ်များ လူသားဘ၀၏ တန်ဖိုးများ အရာရာကို စစ်က ဖျက်ဆီးဝါးမျိုလျက်။ သူ့ဘက်ကိုယ့်ဘက် နှစ်ဖက်စလုံးမှာ ပျက်ပြီးရင်း ပျက်နေလျက်။ ဘယ်သူနိုင်လို့ ဘယ်သူရှုံးသနည်း။
တကယ်တော့ 'စစ်နိုင်သည်' ဆိုတဲ့ အဖြေပင်မရှိအပ်ပါ။ နှစ်ဖက်စလုံး ရှုံးခဲ့ပါတယ်။ ရှုံးနေဆဲဖြစ်ပါတယ်။ ရှုံးကြွေးမုန်းကြွေးကို ငြိမ်းချမ်းရေးဖြင့် ပေးဆပ်သင့်ကြပါပြီ။ လက်နက်ကိုင် ၁၁ ဖွဲ့မှာ ၁၀ ဖွဲ့နဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ခဲ့ရာမှာ ပဏာ မအဆင့်ပဲအောင်မြင်ပါသေးတယ်။ နာတာရှည်ရောဂါဆိုးကြီးကို ဥုံဖွမန်းရုံနဲ့တော့ ပျောက်ကင်းချမ်းသာမှာ မဟုတ်၊ ဝေဒနာသက်သာလာပြီးမှ ဘယ်အချိန်ရောဂါပြန်ဖောက်မည်ဆိုတာလည်း မသိတတ်နိုင်။ အနာနဲ့ ဆေးတည့်အောင်ပေးဖို့ပါပဲ။
တိုင်းရင်းသားများနဲ့ ဖြစ်ရတဲ့ လက်နက်ကိုင်ပဋိပက္ခမှာ ကချင်(ကေအိုင်အေ)တပ်ဖွဲ့ကတော့ ပဏာမအဆင့် ငြိမ်းချမ်းရေး သဘောတူညီချက်ရဖို့တောင် ဖင့်နှေးနေဆဲ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအစား ၂၀၁၂ သြဂုတ်လကုန်အထိ ပိုမိုပြင်းထန်တဲ့ စစ်ပွဲ တွေကြောင့် ဖားကန့်လို စီးပွားရေး အချက်အချာကျတဲ့ မြို့ပေါ်အထိ စစ်ဘေးဒုက္ခသည် ရှစ်ထောင်ကျော် ရောက်လာခဲ့ပါပြီ။
'ရှေ့တိုးတော့ ထမ်းပိုး၊ နောက်ဆုတ်တော့ လှည်းတုတ်'ဆိုတာလို ပြည်တွင်းရိက္ခာဖူလုံရေး၊ ပြည်သူတို့ စားဝတ်နေရေးကို ကြည့်လိုက်တော့လည်း တိုင်းပြည်ရဲ့ ၇၀ ရာခိုင်နှုန်းကျော် မဟာအင်အားစုကြီးဖြစ်သော လယ်သမားတွေ ဒုက္ခပင်လယ်ဝေနေ တာ တွေ့ရပါတယ်။
'ရေကြီးမှုအခြေအနေ ဆိုးရွားလာ၊ နိုင်ငံတစ်ဝန်း လယ်ယာမြေဧက ၅၃၀၀၀၀ နီးပါး ရေနစ်မြုပ်နေ'
(၂၀၁၂ ခုနှစ်သြဂုတ်လ၂၂ရက် ထုတ် Weekly Eleven မျက်နှာဖုံးမှ)
ရေဘေးလွတ်ရာ အထက်အညာလို ဒေသမျိုးတွေမှာ လွတ်မယ့်လွတ်တော့ ကျောက်စရစ်တော မာခေါင်ခေါင်မှာ အတောင်ကျွတ်သောကြိုးကြာ ရေရှာ၍ မရတော့သကဲ့သို့ . . .။
လူစာမပြောနဲ့ နွားစာအတွက်တောင်မှ ခက်ခဲရှားပါးနေချိန်မှာ လယ်ယာမြေတွေ မတရားသိမ်းယူခံရတဲ့ လယ်သမားများရဲ့ဘ၀ဟာ မြွေပူရာကင်းမှောင့်ခံနေရသလိုပါပဲ။ တုံးအောက်ကဖား ဒီထက်ပြားစရာမရှိတော့ . . .။ ဒီနေ့သတင်းဂျာနယ်တွေမှာ လျံတက်နေတာက . . . မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် လယ်ယာမြေတွေ မတရားသိမ်းယူခံရတာ။ ရွာတွေဇွတ်ရွှေ့ခံရတာတွေ ရင်နင့်ဖွယ် ကြားသိနေရပါတယ်။ ဒေသခံတောင်သူလယ်သမားတွေဟာ မုံရွာမြို့ပေါ်ထိ တက် လာပြီး သူတို့ရဲ့ နစ်နာမှုတွေကို စာဝေငှ အသိပေးခဲ့ကြောင်း . . .။
''ယင်းစာတွင် နိုင်ငံတော်သမ္မတကြီးနှင့် လယ်ယာမြေ စုံစမ်းရေးကော်မရှင်၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ၊ လွှတ်တော်အမတ်များ၊ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပြည်သူတစ်ရပ်လုံးအား လယ်သိမ်းခံတောင်သူများ၏ အခက်အခဲဆင်းရဲဒုက္ခကို သိမြင်စေလိုသည့်ဆန္ဒဖြင့် တင်ပြခြင်းဖြစ်ကြောင်း ရေးသားထားသည်''
(စက်တင်ဘာလ ၃-၉/၂၀၁၂ The Voice Weekly စာ ၃၆)
''၎င်းတို့၏ဆန္ဒမှာ လွယ်လွယ်ဖြင့် လက်လွှတ်ပေးမည်မဟုတ်ဘဲ အသေခံ၍ ကာကွယ်သွားမည်ဖြစ်ကြောင်း ယင်းစာတွင်ပါရှိသည်။'လို့ ဆရာကိုသက်(မုံရွာ)ရဲ့ 'တောကိုယူကာ တောင်ကိုဖြို မြေကိုသိမ်းမည့် ဇာတ်သိမ်းခန်း'ဆိုတဲ့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။
ဝက်မှေးရွာ ဘုန်းကြီးကျောင်း ချိပ်ပိတ်ခံရတာ ပြန်ဖွင့်ပေးဖို့လည်း တောင်းဆိုနေကြပါတယ်။ လယ်ယာမြေအရေးနဲ့ ပတ်သက်ပြီး ဖောင်းကတာမြောက်ရွာ ရာအိမ်မှူးဦးသိန်းကို ဖမ်းဆီးခဲ့ကြောင်းလည်း စက်တင်ဘာ ၂-၈/၂၀၁၂ ထုတ်' နေပြည်တော် တိုင်းမ်' ဂျာနယ်စာမျက်နှာ ၁၂ မှာ ဖော်ပြထားပါတယ်။
ဒီလိုနဲ့ လယ်သမားတွေ ငြိမ်းချမ်းစွာ ဆန္ဒပြကြ၊ ရဲတပ်ဖွဲ့ဝင်တွေက ဒိုင်းအကာအကွယ်တွေနဲ့ တန်းစီပြီး အသင့်စောင့်နေကြနဲ့ အနေအထားတွေက 'အသံမထွက်တဲ့ စစ်ပွဲ' လို့ တင်စားရမယ် ထင်ပါတယ်။ နောက်တော့ ပုဒ်မ ၁၄၄ ထုတ်ပြီး တားဆီးတယ်လို့ ကြားသိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဦးတင်သန်းဦး (စီးပွားရေးနဲ့ ဥပဒေလမ်းညွှန်) က
''စီမံကိန်းနယ်မြေအတွက် ၁၄၄ ထုတ်မယ်ဆိုတာ ထုတ်တယ်ဆိုတာ ဥပဒေမရှိပါဘူး။ စီမံကိန်းတစ်ခုအတွက် ဒီအာဏာကို သုံးခွင့်မရှိပါဘူး။ ဥပဒေရည်ရွယ်ချက်တစ်ခုကတော့ ၁၄၄ ဘာကြောင့် ထုတ်ပြန်ရသလဲဆိုရင် အရေးပေါ် အခြေအနေ တစ်ခုမှာ ပြီးပြတ်အောင် ထိန်းသိမ်းပြုကျင့်ဖို့အတွက် ၁၄၄ ကို ကျင့်သုံးရတယ်၊ အဲဒီအခြေအနေ မဟုတ်ဘဲ ၁၄၄ ကိုထုတ်မယ်ဆိုရင်တော့ ဥပဒေကို ဆန့်ကျင်တာမို့လို့ပါပဲ''လို့ ရှုမြင် သုံးသပ်ပါတယ်။
(၃ စက်တင်ဘာ ၂၀၁၂ ထုတ် messenger ဂျာနယ်)
၈၈ မျိုးဆက်ကျောင်းသားများကလည်း လယ်သမားများဘက်က အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။ သူတို့ထဲက ကိုထွန်းလင်းအောင်ကို ကြေးနီစီမံကိန်း တာဝန်ရှိသူတို့က အကျိုးအကြောင်းရှင်းပြရာမှာ ကိုထွန်းလင်း အောင်က အချက် ၃ ချက် တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
၁။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ (နောက်ကျသွားပါပြီ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးသွားပြီဖြစ်ကြောင်း ကိုယ်တိုင်သွားရောက် လေ့လာခဲ့တဲ့ ဒေါ်ဒေ၀ီသန့်စင်က ၃-၉-၁၂ ထုတ် messenger ဂျာနယ်မှာ ပြောထားပါတယ်။)
၂။ လယ်သမားတွေကို ခြိမ်းခြောက်တာမျိုး မလုပ်ဖို့၊ (ဒါလည်း နောက်ကျသွားပါပြီ ထောင်ကျတဲ့လူကျ၊ ရဲတွေက ဆန္ဒပြလယ်သမားတွေကို ဟန့်တားထားပုံတွေကြည့်ပါ။)
၃။ လယ်သမားဘ၀မြှင့်တင်ပေးဖို့၊ (တရုတ်+မြန်မာ ကုမ္ပဏီနှစ်ခုက တောခုတ်-တောင်ဖြို လယ်သိမ်းပြီး ကြေးနီထုတ်ဖို့ လာတာပါ။ ရှင်းရှင်းလင်းလင်း သိမြင်ထားဖို့ လိုပါတယ်။)
ဒါက ၃၁ သြဂုတ်လ ၂၀၁၂ RFA က ထုတ်လွှင့်သွားတဲ့ သတင်းနဲ့ ကျွန်တော်ရဲ့ မှတ်ချက် ဖြစ်ပါတယ်။
၈၈ မျိုးဆက်ကျောင်းသားများရဲ့ စေတနာကို တန်ဖိုးထား လေးစားပါတယ်။ ဒါပေမဲ့ တကယ့် ပြဿနာတွေအပေါ်မှာ စိတ်ကူးယဉ် တင်ပြပုံမျိုးနဲ့ အဖြေရှာလို့ မရပါဘူး။ ကိုမင်းကိုနိုင်ကတော့ ''တရားမျှတမှု ပေါ်မလာဘူးဆိုရင် ဒါမှမရဘူးဆိုရင် ကျွန်တော်တို့ အင်နဲ့အားနဲ့ လိုက်ပေးရမယ်'' လို့ ဆိုတဲ့အတွက် မျှော်လင့်ချက် ရှိနေသေးတယ်လို့ ဆိုရမှာပါ။
လက်ပံတောင်းတောင်ဒေသခံ လယ်သမားများက မိမိတို့လယ်ယာမြေကို အသေခံ၍ ကာကွယ်သွားမည်ဆိုကြောင်း အထက်မှာ တင်ပြခဲ့ပါပြီ။ ကချင်ပြည်နယ်က လယ်သမား ခြံသမားတွေကတော့ ဒီနေ့ ပိုမိုဆိုးရွား ပြင်းထန်လာတဲ့ စစ်ဘေးစစ်ဒဏ်ကို မခံရမီကပင် ယုဇနကုမ္ပဏီနဲ့ လယ်ယာမြေခြံမြေစစ်ပွဲတွေ ကြုံခဲ့ရပါတယ်။ တရားရုံးမှာလည်း လယ်သမားတွေပဲ ရှုံးခဲ့ရပါတယ်။ လယ်သိမ်းခံရလို့ ရင်ကွဲနာကျပြီး သေတဲ့သူတောင် ရှိခဲ့ကြောင်း သိရပါတယ်။
''ယုဇန စီးပွားရေးလုပ်ငန်းက ၂၀၀၆ ခုနှစ် ဒီဇင်ဘာလမှစ၍ မြေနေရာ သိမ်းယူမှုများကို စတင်ခဲ့သည်။
ဝါရာဇွမ်ကျေးရွာရှိ သင်္ချိုင်းမြေကို နိုင်ငံတော်အမိန့်ဟူ၍ စတင်သိမ်း ယူခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် ရွာသားပိုင်မြေများကိုပါ သိမ်းဆည်းမှုများ ပြုလုပ်လာသည်။ ဥယျာဉ်ခြံမြေ စားကျက်မြေများ၊ လူနေရွာသင်္ချိုင်းများအား အတင်းပြောင်းရွှေ့ခိုင်းပြီး ပြောင်းရွှေ့ခြင်းမပြုပါက အာဏာဖီဆန်မှုဟူ၍ ခြိမ်းခြောက်မှုများ ရှိခဲ့သည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်ဟု ကြေညာပြီး စက်ယန္တရားများဖြင့် လယ်ယာမြေများ အိမ်ခြံမြေများကို ဖျက်ဆီးပစ်ခဲ့သည်။
(၄-၉-၂၀၁၂)ထုတ် Media One ဂျာနယ် စာမျက်နှာ ၆ မှ)
မိမိတို့ဘ၀တွေကို လယ်ယာမြေမှာ မြှုပ်နှံထားသော လယ်ယာမြေနှင့် တစ်သားတည်းဖြစ်သော ကျွန်တော်တို့၏ ထမင်းရှင် ကျေးဇူးရှင်လယ်သမားကြီးများ၏ ဘ၀များစွာဟာ လယ်ယာမြေများစွာရဲ့ ဆုံးရှုံးခြင်းနဲ့အတူ ဆုံးရှုံးနစ်နာ နေကြပါပြီ။ သွေး နှင့်ချွေးနှင့် ရင်းသည့်မြေမှာ မျက်ရည်နှင့်အသက်ကိုပါ ဘ၀ပျက်သည်အထိ ပေးဆပ်နေကြရပေပြီ။ သူတို့ရဲ့ ဆုံးရှုံးနစ်နာမှုများအတွက် အသနားခံစာများ ပလူပျံအောင် ပေးပို့ထားပါသော်လည်း ဒုက္ခနွံထဲမှ ဆွဲထုတ်ရန် ဘယ်သူမှအရေးတယူ လုပ် မပေးနိုင်သေးပါ။ သူတို့ရဲ့ လယ်မြေတွေသာ ဆက်ပြီး အသိမ်းခံနေရဆဲ။
ငွေဆောင်မှာ လယ်မြေဧက ပေါင်းတစ်သောင်းနှစ်ထောင် အသိမ်းခံရကြောင်း သြဂုတ်လ ၂၇ ရက်နေ့စွဲနဲ့ သတင်းရေးထားတာ 'နေပြည်တော်တိုင်းမ်' မှာ ဖတ်ရပါတယ်။ ''စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် စီမံကိန်းအတွက်ဟုဆိုကာ အာဏာ ပိုင်များက လယ်ယာမြေသိမ်းယူခြင်း ဖြစ်ပေါ်'' ဆိုတဲ့ သတင်းကို ၄-၉-၁၂ ထုတ် Media One ဂျာနယ်မှာ ဖတ်ရပြန်ပါတယ်။ တော်လောက်ပါပြီ။ ဆက်မဖတ်ပါရစေနဲ့တော့။
လူကြီးမင်းတို့ရှေ့မှာ အသင့်ရောက်နေတဲ့ ထမင်းတစ်ပွဲအတွက် လယ်သမားတွေရဲ့ သွေးချွေးမျက်ရည်တွေကို မြင်လိုက်ပါ။ ဒီစပါး ဒီဆန် ဒီထမင်းတွေရဖို့ လယ်သမားတွေ နွားလိုရုန်းပြီး စိုက်ပျိုးခဲ့ရတာပါ။ ဗုဒ္ဓဘုရားသော်မှ လယ်သမားတွေရဲ့ ကျေးဇူးကို အစဉ်သတိရသောအားဖြင့် သင်္ကန်းတော်ကို လယ်ကွက်ပုံဖော်ပြီး ချုပ်စေခဲ့ပါတယ်။ လယ်ယာမြေသဖွယ် ချုပ်စပ်ထားသော သင်္ကန်း၊ သင်္ကန်းကွက်များသဖွယ်ဖြစ်တည်ခဲ့သော လယ်ယာများ အကြီးအကျယ် ဆုံးရှုံးနစ်နာခဲ့ရလေပြီ။
ဗုဒ္ဓဘုရားရှင်က လယ်သမားတို့ရဲ့ လုပ်အားကို လေးစားသောအားဖြင့် ရဟန်းတော်များ ဆွမ်းစားရာမှာ ထမင်းတစ်စေ့ ဆွမ်းတစ်စေ့ မဖိတ်စင်စေဘဲ ရိုရိုသေသေ စားရမည်လို့ မိန့်တော်မူသတဲ့''ထမင်းတစ်စေ့မှာ လုပ်အားတစ်ရာပါတယ်''လို့လည်း လေးလေးနက်နက် မိန့်တော်မူတယ်။
သြော် ထမင်းတစ်စေ့မှာ လုပ်အားတစ်ရာ၊ပြီးတော့ ဆန်တစ်ပြည်နဲ့ ကျည်ဆန်တစ်ထောင့်၊ အဲဒီညီမျှ ခြင်းတွေကြားမှာ လယ်သမားများရဲ့ မြစိမ်းရောင် အိပ်မက်၊ တိုင်းရင်းသား ပြည်သူများအတွက် ငြိမ်းချမ်းရေး လက်ဆောင်ကို ကျွန်တော်ရှာ ဖွေနေမိပါတော့တယ်။
EMG Website တွင် ရေးသားထားသော ဆရာ မောင်သွေးချွန်၏ ဆောင်းပါးအား သဘောကျနှစ်ခြိုက်မိသဖြင့် ကူးယူဖော်ပြပါသည်.။

No comments:
Post a Comment