Saturday, 18 August 2012

ဖြုန်းသူတွေ ပြန်ပြီး ထိန်းသိမ်းကြပါ


by Ye Min Tun on Saturday, August 18, 2012 at 12:21am ·
တမ္ဘာလုံးမှာ သစ်တောပြုန်းတီးမှု (Deforestation) ကျယ်ကျယ်လောင်လောင်လုပ်နေတာ ဆယ်စုနှစ် သုံးလေးခုလောက်ရှိနေပါပြီ။ ကျနော်တို့၏ မြန်မာနိုင်ငံမှ ကောက်ခါငင်ခါ Deforestation ကို အလုပ်ရုံဆွေးနွေးပွဲ ထလုပ်တာကို The Voice Weekly မှာ ဖတ်လိုက်ရသည်။ အမတ်မင်း တပါးက ရေနံဆီ မရှိတာကြောင့် ဖြစ်တာ ရေနံဆီ တရားခံလို့ ထအော် သည်ကိုလည်း ပြုံးလိုက်မိသည်။ သဘာဝထိန်းသိမ်းရေး အုပ်စုတခုဖြစ်သော Conservation International အဖွဲ့၏ ၂၀၁၁ ခုနှစ် ထုက်ပြန်ချက်အရ မြန်မာနိုင်ငံပါဝင်သော Indo-Burma အုပ်စုသည် သစ်တောပြုန်းတီးမှု သဘာဝအရင်းမြစ် ဆုံးရှုံးမှုတွင် ထိပ်ဆုံးမှ ဦးဆောင်နေသည်။ ထိုအုပ်စုတွင် မြန်မာ၊ ထိုင်း၊ လာအို့၊ ဗီယက်နာမ်၊ ကမ္ဘောဒီယား နှင့် အိန္ဒိယတို့ ပါဝင်သည်။

ဒီလို အခြေနေမျိုးမှာ ဘယ်လိုသဘောနှင့် ဆွေးနွေးတာပဲဖြစ်စေ တကယ်လုပ်ဖို့ ဆွေးနွေးခြင်း အတုအယောင် လူကြားကောင်းအောင် ဟန်ပြတာမျိုး မဟုတ်ရင် ကြိုဆိုပါသည်။  ကမ္ဘာ့ဒေသတွေမှာ သစ်တောပြုန်းတီးမှု (Deforestation) ရှားပါးမျိုး စိတ်တိရိစ္တာန် ( Endangered Species) ပြဿနာကို ကျယ်ကျယ်ပြန့်ပြန့် ကာကွယ် လုပ်ကိုင်နေသည်ကို အတုယူ လေ့လာစေချင်သည်။

သစ်တောပြုန်းတီးမှု အကျိုးဆက်
ကမ္ဘာပေါ်တွင် မုတ်သုံသစ်တော ဧက သန်း(၅၀) ခန့် နှစ်စဉ် ဆုံးရှုံးနေသည်။ ကမ္ဘာသစ်တောလက်ကျန်သည် မူလထက် တ၀တ်ခန့်ပင် မရှိတော့ကြောင်း သတိပြုမိသည့် အခါ ကမ္ဘာ့ဒေသ အသီးသီးတွင် ပြန်လည် ထိန်းသိမ်းရေး (Restoring) ကိုယ် အပူတပြင်း လုပ်ကိုင်နေသည်။ အမေရိကန်ပြည်ထောင်စု၏ ပထမဆုံး အမျိုးသားဥယျဉ် Yellowstone ကို ၁၈၇၂ ခုနှစ်တွင် စတင်ခဲ့သည့်ကို ကြည့်ခြင်းဖြင့် သဘာဝ အရင်းမြစ်များကို ကမ္ဘာ့ဒေသများတွင် ထိန်းသိမ်းရေး စတင်ခဲ့သည့် အချိန်ကာလကို မှန်းဆနိုင်သည်။

သစ်တောတွေ ပြုန်းတီးရခြင်း အကြောင်းရင်းကို လေ့လာကြည့်လျှင် အောက်ပါ အချက်များကြောင့်ဆိုတာကို သိရသည်။
၁။ သစ်ထုတ်လုပ်ရေး လိုအပ်ချက်
၂။ စိုက်ပျိုးရေး လိုအပ်ချက်
၃။ ရေနံထုက်လုပ်ရေး လိုအပ်ချက်
၎။ လူဦးရေတိုးပွါးမှု လိုအပ်ချက် စသည့် အဓိကအချက်ကြီး လေးချက်ကို ရရှိသည်။ ထိုအချက်ကြီး လေးချက်တွင် ပါဝင်သည့် မြောက်များစွာသော အချက်များကြောင့် သစ်တောများကို ခုတ်ထွင် ရှင်းလင်း ပစ်လိုက်ရသည်။ ဆုံးရှုံးသွားသော သစ်တောများနှင့် အတူအခြား ဇီဝမျိုးစိတ် သန်းပေါင်းများစွာ ဆုံးရှုံးကြ ရသည်။

သစ်တောဆုံးရှုံးမှု များကြောင့် သစ်တော အမှီပြုနေထိုင်သည့် နို့တိုက်သတ္တ၀ါများနှင့် အခြားသတ္တ၀ါ များ မြောက်များစွာသော ဌက်အမျိုးနွယ်များနှင့် လိပ်ပြာအပါဝင် အင်းဆက်ပိုးမွှား မျိုးစိတ်များ စွာကို ဆုံးရှုံးကြရသည်။ ဒီလိုဆုံးရှုံးမှုသည် လူသားဖြစ်တည်မှုကို ဆိုးကျိုး သက်ရောက်မှု များစွာဖြစ်စေသည်။ သစ်တောများ နည်းပါးလာခြင်းကြောင့် စက်ရုံများ ကားများ စသည့် လူနေမှု လိုအပ်ချက်များကြောင့် ထွက်ပေါ်လာသော ကာဗွန်ဒိုင်အောက်ဆိုက် အပါဝင် အခြားဓါတ်ငွေ့ စွန့်ထုက်မှု (Emission) ၏ဆိုးကျိုး လေထု ညစ်ငြမ်းမှု (Air pollution)ကို လူသားတို့ ပြန်လည်ခံစားရသည်။ ထိုကြောင့် အသက်ရူလမ်းကြောင်း ဆိုင်ရာ ပြဿနာ(Respiratory problems) များဖြစ်သော ပန်းနာရင်ကြပ်ရောဂါ (Asthma ) အပါဝင် ရောဂါ ပေါင်းများစွာ ခံစားရသည်။ ဓါတုဗေဒ ဓါတ်ငွေ့များ လေထုထဲ များပြားလာခြင်းကြောင့် လူသားတို့တွင် ကင်ဆာရောဂါ နှင့် သန္ဓေသား မအောင်မှုများကို ခံစားလာရသည်။

သစ်တောများ ဆုံးရှုံးခြင်းသည် ရာသီဥတုပြောင်းလဲမှု ( Climate change) ကိုဖြစ်ပေါ်စေပြီး ဆက်စပ်ကာ ကမ္ဘာပူနွေးမှု ( Global warming) ကို မြင့်တက်စေသည်။ NASA တိုင်းထွာချက်များအရ ကမ္ဘာကြီးပူနွေးမှုသည် မြင့်တက် လျှက်ရှိသည်။ သဘာဝ အရင်းမြစ်များကို မစောင့်ရှောက်ပါက လူသားဖြစ်တည်မှု ပျက်သုန်းရတော့မည် ဖြစ်သည်။ ပြန်လည်တည်ဆောက်ရန် အတွက် သစ်တောများကို ထိန်းသိမ်းဖို့လိုအပ်သည်။ သစ်တောပြုန်းတီးမှုကို အမျိုးသားရေးအဆင့် အဖြစ်သာမက လူသားမျိုးနွယ်ဆိုင်ရာ ပြဿနာ ကမ္ဘာဖြစ်တည်မှု ပျက်ဆီးနိုင်သည့် ပြဿနာဟု သတ်မှတ်ကာ တားဆီးနေကြပြီ ဖြစ်သည်။


မြန်မာနိုင်ငံ၏ သစ်တောဆုံးရှုံးမှုများသည် အဓိက အစိုးရပိုင် သစ်ထုက်လုပ်ရေးနှင့် အစိုးရစီမံကိန်းများကြောင့် သာလျှင် ဖြစ်ကြောင်းကို မည်သူမှ အငြင်းပွါးစရာမရှိပေ။ သို့ဖြစ်ပါ၍ အစိုးရအနေဖြင့် ဟန်ပြအလုပ်ရုံ ဆွေးနွေးပွဲများအစား အမှန်တကယ် ထိန်းသိမ်း စောင့်ရှောက်ခြင်းကို လုပ်သင့်နေပြီ ဖြစ်ကြောင်းကို တိုက်တွန်းလိုပါသည်။



ရဲမင်းထွန်း

Source:
Ecology and Environment (Morgan)
Conservation International
the Nature Conservancy

No comments:

Post a Comment