Saturday, 1 September 2012
ခန့်မှန်းရခက်နေဆဲ မြန်မာစစ်တပ်
Tun Wai
(29 August 2012ရက်စွဲပါ The Straits TimesမှBuce Galeရေးသားသော “Military still the wild card in Myanmar” ကိုဘာသာပြန်ဆိုသည်။)
သို့သော်အများစု မေ့နေသည်ဟု ထင်ရသောအချက်မှာ မြန်မာနိုင်ငံသည် စစ်အာဏာရှင် စနစ်ထက် အနည်းငယ်သာ ပိုကောင်းသော အခြေအနေ ရောက်လာသည်မှာ နှစ်နှစ်ပင် မရှိသေးဟူသော အချက်ဖြစ်ပြီး စစ်တပ်ကလည်း အစိုးရအပေါ် အားကောင်းစွာ သြဇာလွှမ်းမိုး ထားသည်ဟူသော အချက်ဖြစ် သည်။
စစ်တပ်သည် ၎င်း၏အကျိုးစီးပွားကို ခြိမ်းခြောက်လာမည်ဟု ဆုံးဖြတ်ပါက ယခုဖြစ်ပေါ်နေသော နိုင်ငံရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု များသည် ခက်ခက်ခဲခဲနှင့် နောက်ပြန်လှည့်သွားနိုင်ပြီး အလုံးအရင်း ဝင်ရောက်လာသော ရင်းနှီးမြှုပ်နှံသူများအတွက် ဆိုးရွားသော အကျိုးဆက်များ ခံစားရဖွယ်ရှိသည်။
မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ကောင်းမွန်စွာလုပ်ဆောင်နေစဉ်တွင် ပို၍သက်သေပြနိုင်မှုများ လိုအပ်သည်ဖြစ်ရာ ပြီးခဲ့သည့် အပတ်က ပြန်ကြားရေးဝန်ကြီးဌာနသည် မီဒီယာဆင်ဆာများ တိုက်ရိုက်ပြုလုပ်နေမှုကို ဖယ်ရှားပေးခဲ့ကြောင်း ကြေညာခဲ့ခြင်းကြောင့် စောင့်ကြည့်လေ့လာ သူများက သြဘာပေးခဲ့ကြသည်။
ယခုအခါအနောက်နိုင်ငံ အရေးယူပိတ်ဆို့မှုများကလည်း ဖြေလျော့သွားခဲ့ပြီး စီးပွားရေးကိုလည်း တံခါးဖွင့်ပေးခဲ့သည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ သည် စီးပွားရေး အခွင့်အလမ်းများ လက်ဦးမှုရရှိနိုင်ရေးအတွက် မြန်မာနိုင်ငံသို့ အပြေးအလွှား ဝင်ရောက်လာသည်မှာ အံ့သြဖွယ်တော့ မဟုတ်ပေ။
မြန်မာနိုင်ငံ၏ အိပ်ပျော်နေသော ဗျူရိုကရေစီ ယန္တရားနှင့် ဟောင်းနွမ်းနေသော အခြေခံ အဆောက်အအုံတို့သည် အလုံးအရင်း ဝင်ရောက် လာ သော ရင်းနှီးမြှုပ်နှံမှုများကို ကိုင်တွယ်နိုင်ပါမည်လော။ သြဂုတ်လ၂၀ရက်နေ့က အာရှဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ပြန်သော အစီရင်ခံစာတွင် စာရင်းပြုစုထားရာ၌ အဓိကစွန့်စားရမည့်အန္တရာယ်မှာ မြန်မာနိုင်ငံ၏အားနည်းသော မက်ကရိုစီးပွားရေး စီမံခန့်ခွဲမှုနှင့် အခွန်ရရှိ မှု နည်းပါးခြင်းများဖြစ်ကြောင်း ဖော်ပြထားသည်။
သို့သော်ADBကအားလုံးခြုံ၍ ဖော်ပြထားရာတွင်ဆယ်စုနှစ်ငါးစုခန့်စီးပွားရေးအရအထီးကျန်ဖြစ်နေပြီး နောက်၊တိုင်းပြည်၏ စီးပွားရေး အလား အလာများကို အကောင်းမြင်ရေးသားထားသည်။ မြန်မာနိုင်ငံသည် အာရှ၏ ထွန်းတောက်လာမည့် ကြယ်တစ်ပွင့်အဖြစ် အားယူနေကြောင်း ဖော်ပြထား သည်။ ပျော်ရွှင်မှုအပြည့်အဝ မရနိုင်သေးသည်ကို နားလည်နိုင်သည်။ ယနေ့ပတ်ဝန်းကျင်တွင် အထူးသဖြင့်အမေရိကန်ပြည်ထောင်စုနှင့် ဥရောပ၌ စီးပွားရေး တိုးတက်မှု သိပ်မရှိလှပေ။ တရုတ်၊ဂျပန်၊အိန္ဒိယတို့ကလည်း စတင်နှေးကွေးနေပြီဖြစ်သည်။ သို့မဟုတ်လျှင် မြန်မာနိုင်ငံသည် ယခုထက် ပို၍ ဆွဲဆောင်အားကောင်းနိုင်သည်။
သို့သော်အများစု မေ့နေသည်ဟု ထင်ရသောအချက်မှာ မြန်မာနိုင်ငံသည် စစ်အာဏာရှင် စနစ်ထက် အနည်းငယ်သာ ပိုကောင်းသော အခြေအနေ ရောက်လာသည်မှာ နှစ်နှစ်ပင် မရှိသေးဟူသော အချက်ဖြစ်ပြီး စစ်တပ်ကလည်း အစိုးရအပေါ် အားကောင်းစွာ သြဇာလွှမ်းမိုး ထားသည်ဟူသော အချက်ဖြစ် သည်။
သမိုင်းကြောင်းအရ စစ်အစိုးရသည် လွယ်လွယ်နှင့်အာဏာစွန့်လိမ့်မည်ဆိုသည်ကို သိရှိနိုင်သည်။ အကယ်၍ အာဏာစွန့် ခံရလျှင်လည်း ၎င်းတို့ အကျိုးစီးပွားကို ကာကွယ်ပေးမည်ဟု ယုံကြည်ရသူ ဗိုလ်ချုပ်များ လက်ထဲသို့သာ လွှဲပေးမည်သာဖြစ်သည်။
စစ်တပ်သည် ၎င်း၏အကျိုးစီးပွားကို ခြိမ်းခြောက်လာမည်ဟု ဆုံးဖြတ်ပါက ယခုဖြစ်ပေါ်နေသော နိုင်ငံရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု များသည် ခက်ခက်ခဲခဲနှင့် နောက်ပြန်လှည့်သွားနိုင်ပြီး အလုံးအရင်း ဝင်ရောက်လာသော ရင်းနှီးမြှုပ်နှံသူများအတွက် ဆိုးရွားသော အကျိုးဆက်များ ခံစားရဖွယ်ရှိသည်။
အကောင်းမြင် ဝါဒီများကမူ ယခုလအစောပိုင်းက လွှတ်တော်မှ တပ်မတော်သားအမတ်များသည် နိုင်ငံရေးအရ အလယ်အလတ်သဘောထားရှိသူ ရေတပ်စစ်ဦးစီးချုပ်ကိုဒုတိယသမ္မတအဖြစ်ခန့်အပ်ရန် ထောက်ခံခဲ့ခြင်းအပေါ်ညွှန်ပြကြလိမ့်မည် ဖြစ်သည်။
သို့သော်ဤကိစ္စကို ရှုမြင်ရန် လိုအပ်သောရှုထောင့်မှာ လွှတ်တော်သည် အဆိုပါဆုံးဖြတ်ချက်အတွက် တစ်လခန့်အချိန်ယူခဲ့ရသည်ဟူသော အချက်ဖြစ်သည်။ တပ်မတော်သားကိုယ်စားလှယ်များသည် အစပထမ၌ ယခင်အာဏာရှင်ဦးသိန်းစိန်နှင့်ရင်းနှီးသော သဘောထား တင်းမာသူ အငြိမ်းစား ဗိုလ်ချုပ်ဟောင်း ဦးမြင့်ဆွေကို အဆိုပြုခဲ့သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်အား ရာထူးမရနိုင်ရန် ရေးဆွဲထားသည့် အချက်ဖြင့် ငြိစွန်းခြင်းကြောင့် ဦးမြင့်ဆွေမှာ သတ်မှတ်ချက်နှင့် မကိုက်ညီပဲ ၎င်းတို့လက်လျှော့သွားခဲ့သည်။
ပြီးခဲ့သော ဇူလိုင်လ၂၅ရက်နေ့က အာဏာရပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးက ထောက်ခံကြောင်း ပြောကြားခဲ့သည်။ “ကျွန်တော်တို့ ရွေးချယ်စရာ သူတစ်ယောက်ထဲပဲရှိပါတယ်”ဟု ၎င်းကAngence France Presseသို့ ပြောကြားခဲ့သည်။
စစ်တပ်မှ ဗိုလ်ချုပ်များသည် ရေတပ်ကို အယုံအကြည်မရှိလှပေ။ ၁၉၈၈ခုနှစ် ဆန္ဒပြပွဲများတွင် ရေတပ်မှ စစ်သားများ ပါဝင်ခဲ့ကြသည်ကို ၎င်းတို့မေ့ လိမ့်ဦးမည် မဟုတ်ပါ။
ထို့ကြောင့် ဦးဥာဏ်ထွန်းသည် ၎င်းတို့အနေဖြင့် စစ်တပ်၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် စိတ်အားထက်သန်မှု ရှိကြောင်း ဗိုလ်ချုပ်များ ယုံကြည်လာအောင် ခက်ခက်ခဲခဲ လုပ်ဆောင်ရလိမ့်မည်ဟု ယူဆရသည်။
သမ္မတဦးသိန်းစိန် ပြုပြင်ပြောင်းလဲရေးအတွက် ကတိကဝတ်များမှာ အစစ်အမှန် ဖြစ်ဖွယ်ရှိသည်။ သို့သော်၎င်း၏ စစ်သားဘဝ ကာလတစ် လျှောက်သည် ခြေလျင်တပ်များတွင် တာဝန်ထမ်းဆောင်ခြင်း ထက်စစ်ရုံးတွင်သာ ကုန်ဆုံးခဲ့သည် အချိန်များခြင်းကြောင့် လက်ရှိ တာဝန်ထမ်းဆောင်နေ သော ဗိုလ်ချုပ်များအပေါ် သြဇာလွှမ်းမိုးမှုမှာ အကန့်အသတ်ဖြင့်သာ ရှိနေသည်။ ထို့ပြင်၎င်းသည် နှလုံးရောဂါရှိ ပြီးစက်တပ်ဆင် ထားရသည်။ ကြာရှည်မှ ခံနိုင်ရည်ရှိပါမည်လား၊ သူမရှိတော့လျှင် ပြုပြင်ပြောင်းလဲရေးများ ဆက်လက်လုပ်ဆောင် နိုင်ပါဦးမည်လော။
အချို့ စောင့်ကြည့်လေ့လာသူများက လက်ရှိအဓိကကျသော စစ်တပ်မှ ဗိုလ်ချုပ်များသည် စစ်မှန်သော ပြုပြင်ပြောင်းလဲမှုများအပေါ် စိတ်ဝင်စားမှု အနည်းငယ်သာ ရှိလိမ့်မည်ဟု ယုံကြည်နေသည်။ ဗိုလ်ချုပ်များက ပြုပြင်ပြောင်းလဲရေးများကို ထောက်ခံနေခြင်း အကြောင်းမှာ ပြောင်းလဲမှုများမှာ တရုတ် အပေါ် မှီခိုရမှုကို လျော့ချနိုင်ရန် တံခါးဖွင့်ပေးခြင်းကြောင့်သာ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် များစွာလိုအပ်လျက်ရှိသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေမှာလည်း ကြန့်ကြာလျက်ရှိသည်။ အကြောင်းမှာ စစ်တပ်နှင့်နီးစပ် သော ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များက နိုင်ငံခြားကုမ္ပဏီများ ဝင်လာပါက ၎င်းတို့ဘေးရောက်သွားမည်ကို စိုးရိမ်နေကြသောကြောင့် ဖြစ်သည်။
တနည်းအားဖြင့် လက်ရှိအသွင်ကူးပြောင်းရေးကို ဂရုတစိုက် ကိုင်တွယ်နိုင်ခြင်း မရှိပါက ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်သူများ လျင်မြန်စွာ ကြီး ထွား လာစေနိုင်သည်။
ရင်းနှီးမြှုပ်နှံသူများသည် သတိဖြင့် ဝင်ရောက်သင့်သည်။ မြန်မာစစ်တပ်သည် တိုင်းပြည်၏ အားနည်းသော အခြေခံ အဆောက်အဦ မဟုတ်ပဲခန့် မှန်းရခက်သော အဖွဲ့အစည်း အဖြစ်ရှိနေဆဲဖြစ်သည်။
Yangon chronicle
Subscribe to:
Post Comments (Atom)
No comments:
Post a Comment