Saturday, 18 August 2012

မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း ဗွီအိုအေ

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံ နေပြည်တော်ကို သွားရောက်ခဲ့တဲ့ ဗွီအိုအေ မြန်မာသတင်းဌာန ဌာနမှူး ဦးသန်းလွင်ထွန်း က သမ္မတဦးသိန်းစိန် နဲ့ တွေ့ဆုံပြီး လက်ရှိ မြန်မာ့နိုင်ငံ ပြုပြင်ပြောင်းလဲမှု လုပ်ကိုင်ဆောင်ရွက်မှုများကို မေးမြန်းတင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း။ ။သမ္မတကြီးက အခု နှစ်ပေါင်း အတော်ကြာကြာ အတွင်းမှာ ပေါ့နော် မြန်မာနိုင်ငံရဲ့ နိုင်ငံတော် သမ္မတကြီးအဖြစ် လူထုရဲ့ထောက်ခံမှု၊ နိုင်ငံတကာရဲ့ ထောက်ခံမှု၊ အတိုက်အခံတွေရဲ့ လေးစားမှုကိုရတဲ့ ပထမဆုံး သမ္မတကြီး လို့လည်း ပြောလို့ ရပါတယ်။ ဒီနေရာမှာ ဒါတွေဟာ သမ္မတကြီးရဲ့ ပြုပြင်ပြောင်းလဲရေး မူဝါဒ နဲ့ လုပ်ဆောင်ချက်တွေ ကြောင့်ပါ။ သမ္မတကြီးရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ ဘယ်အချက်တွေကို အဓိက ထားပြီးတော့ ဦးစားပေး လုပ်ဆောင်နေသလဲ ဆိုတာလေးကို တချက်လောက် ရှင်းပြပါလား။

သမ္မတဦးသိန်းစိန်။ ။ဟုတ်ကဲ့ပါ ကျနော်တို့ ဒီ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပါတ်သက်ပြီးတော့ ဦးစားပေး ကျနော်ဆောင်ရွက်တဲ့ ကိစ္စကတော့ ပြည်သူအများစုရဲ့ တူညီတဲ့ ဆန္ဒကို ဦးစားပေးပြီးတော့ လုပ်တာ ဖြစ်ပါတယ်။ ဒီကနေ့ ကျနော်တို့နိုင်ငံမှာ လူဦးရေ သန်း (၆၀) ရှိပါတယ်။ တဦးချင်းရဲ့ ဆန္ဒတွေကတော့ အမျိုးမျိုးရှိ ပေမယ့်လည်း တူညီတဲ့ ဆန္ဒကတော့ နှစ်ခုပါ။ တခုကတော့ တိုင်းပြည်မှာ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ ရှိစေချင်တယ်။ နောက်တခုက လူမှုစီးပွါးဘဝတွေ ဖွံ့ဖြိုး တိုးတက်စေချင်တယ်။ အဲ့ဒီတော့ ဒီဟာတော့ တူညီတဲ့ ဆန္ဒဆိုတော့ ပြည်သူတွေရဲ့ ဆန္ဒလည်းဖြစ်သလို ကျနော့် ရဲ့ ဆန္ဒလည်းဖြစ်ပါတယ်။ အဲဒီတော့ ဟိုတုန်းကလို ဆန့်ကျင်ဖက် အမြင်ရှိနေတဲ့ ပုဂ္ဂိုလ်တွေ နဲ့လည်း ထိတွေ့ကြည့် လိုက်တဲ့ အခါမှာ ဒီဟာ သူတို့လည်း ငြင်းလို့မရပါဘူး။ သူတို့ကိုယ်တိုင်ကလည်း ဒါတူညီတဲ့ ဆန္ဒဖြစ် တယ်။ ကျနော်တို့ နိုင်ငံရေးအပိုင်းနဲ့ ပါတ်သက်ပြီးတော့ အဓိက အလေးပေးပြီးလုပ်တာ နှစ်ပိုင်းပါ။ တစ်ပိုင်းကတော့ နိုင်ငံရေး အင်အားစုတွေနဲ့ တည်တည်ငြိမ်ငြိမ် နဲ့ အေးအေးချမ်းချမ်း ဖြစ်အောင် ကျနော်တို့လုပ်ဖို့အတွက် ဒီဟာကို ကြိုးစားပါတယ်။ နိုင်ငံရေးအင်အားစုတွေ တိုင်းပြည်မှာ သူတို့ ဆူဆူပူပူ နဲ့ ဖြစ်ပြုနေရင်လည်း နောက်ဆက်တွဲ လုပ်ငန်းတွေက လုပ်လို့ပြုလို့ မရဘူး။ အဲဒီတော့ သူတို့နဲ့ ကျနော်တို့ တိုင်းပြည်မှာ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း နဲ့ ရှိအောင်ဆိုပြီးတော့ ပထမဦးဆုံး ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဖို့ ကျနော် ဆုံးဖြတ်လိုက်ပါတယ်။ သူလည်း ခုနကလို ကျနော်နဲ့ တူညီတဲ့ သဘောထားတွေ ကို ပူးပေါင်းပြီးတော့ လုပ်ဖို့ သူ့ မှာဆန္ဒရှိကြောင်း ကျနော်လည်း သိရပါတယ်။ သိရတော့ ဒီလိုထိတွေ့လိုက်ခြင်းအားဖြင့် သူ့ကို ဝန်းရံနေတဲ့ ပြည်တွင်းပြည်ပက သူကိုထောက်ခံနေတဲ့ အဖွဲ့အစည်းတွေပေါ့လေ ဒီအဖွဲ့အစည်းတွေကလည်း ဘာပဲဖြစ်ဖြစ် တည်တည်ငြိမ်ငြိမ်နဲ့ ရှိလာတယ်။ တချို့လည်း ပြည်တွင်းကို ပြန်ပြီးတော့ ဝင်ခွင့်တွေ ပေးလိုက်တာလည်း ပါတာပေါ့။

သိပ်ပြီးတော့မကြာခင်မှာပဲ ကျနော်တို့ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ အန်အယ်လ်ဒီ ပါဝင်ခွင့်ရအောင် နောက်ပြီး သူကိုထောက်ခံနေတဲ့ သူတွေကို ပါဝင်ခွင့် ရအောင် ဒါတွေကို ကျနော်တို့က ကြိုးပမ်းပြီးတော့ ဆောင်ရွက်ပေးပါတယ်။ အဲဒီတော့ ကျနော် ဒီလိုဆောင်ရွက်ပေးလိုက်တဲ့ အတွက်ကြောင့် တိုင်းပြည်မှာ ဒီနိုင်ငံရေးအင်အားစုက ကိုယ့်ကို နဂိုတုန်းက ဆန့်ကျင်နေရာကနေပြီးတော့ အရင်အစိုးရလက်ထက်မှာ ဆန့်ကျင်နေရာကနေပြီးတော့ အခု အစိုးရသစ်ဖြစ်လာတဲ့ အခါမှာ ကျောခိုင်းတဲ့အဆင့် မဟုတ်တော့ပဲနဲ့ မျက်နှာချင်းဆိုင်ပြီးတော့ ဆက်ဆံတဲ့ အထိကို ကျနော်တို့ ရောက်လာတယ်ပေါ့နော်။ သို့သော်လည်း ယုံကြည်မှုကတော့ ဆက်ပြီးတော့ တည်ဆောက်ရဦးမယ် ဒီဟာရှိပါတယ်။

နောက်တခုက နိုင်ငံရေးအဖွဲ့အစည်းတွေ သူနဲ့တင်မပြီးသေးဘူး၊ အခြား နိုင်ငံရေးပါတီတွေ နိုင်ငံရေး အဖွဲ့အစည်းတွေက ရှိနေတယ်။ နိုင်ငံရေး ပါတီတွေနဲ့လည်း အခုဆို ကျနော် နှစ်ကြိမ်တွေ့ပြီးပါပြီ။ တကြိမ်ကတော့ ဆယ်ပါတီနဲ့တွေ့တယ်။ နောက်တကြိမ်ကတော့ ၁၂ ပါတီနဲ့တွေ့တယ်။ တွေ့တော့ ဒီသဘောထားတွေကို ပြောပြတဲ့အခါမှာ သူတို့ကလည်း ဒေါ်အောင်ဆန်းစုကြည် နဲ့ အလားတူပါပဲ နိုင်ငံတော်အတွက် ဒီအချက်တွေဟာ ပြည်သူရဲ့ လိုအပ်ချက်တွေဖြစ်တယ်။ ပြည်သူရဲ့ လိုအပ်ချက်ဟာ ကျနော်တို့ ရဲ့ လိုအပ်ချက်လည်းဖြစ်တယ်။ ဒါကို လက်တွဲပူးပေါင်းပြီး ဆောင်ရွက်မယ်ဆိုတဲ့ ဒီလို အကျိုးအမြတ်တွေ ရရှိပါတယ်။ ရရှိတဲ့အတွက်ကြောင့် နိုင်ငံတော်မှာ ဆူပူလှုပ်ရှားမယ့် အစား ပူးပေါင်းပြီးတော့ ဆောင်ရွက်မယ် ဆိုတဲ့ ဒီလို ကတိကဝတ် တွေ ရလိုက်တာဟာ ကျနော်တို့ အတွက် ဘာပဲဖြစ်ဖြစ် ထူးခြားတဲ့ အောင်မြင်မှုတခု လည်းဖြစ်ပါတယ်။

နောက်တခုက နိုင်ငံရေး တည်ငြိမ်မှုရှိမှ အနောက်နိုင်ငံတွေကလည်း ကျနော်တို့အပေါ်မှာ တားဆီး ပိတ်ဆို့မှုတွေဟာ အထိုက်အလျှောက်ဖြေလျှော့ပေးမယ် ဆိုပြီးတော့ ကျနော်တို့က ယုံကြည် ထားပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဒီ စီးပွါးရေး ပိတ်ဆို့မှုတွေကလည်း နိုင်ငံရေးလှုပ်ရှားမှူ တွေနဲ့ ချိတ်ဆက်ထားလို့ ဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့ မျှော်မှန်းသလို ပါပဲ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ပြီးတော့မှ အရင်တုန်းက ဆန့်ကျင်တဲ့ သဘောထားရှိသူတွေကို ဒီနိုင်ငံရေး လုပ်ငန်းစဉ်တွေမှာပါဝင်ခွင့် ရအောင် လုပ်ပေးလိုက်တာနဲ့ မရှေးမနှောင်းမှာပါပဲ တိုင်းပြည်အပေါ်မှာ တားဆီးပိတ်ဆို့ထားတဲ့ ဟာတွေကို ဖြေလျှော့ပြီးတော့ ပေးပါတယ်။ ဒီလိုဖြေလျှော့ပေးလိုက် တဲ့ အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဒါပြည်တွင်းနိုင်ငံရေး အင်အားစုပေါ့နော်။

သမ္မတဦးသိန်းစိန်။ ။ ဟုတ်ပါတယ်ခင်ဗျ။ ဒါ ပြည်တွင်းနိုင်ငံရေးအင်အားစုပါ။
နောက်တချက်က ပြည်တွင်းနိုင်ငံရေး အင်အားစု တခုတည်း တည်ငြိမ်ရုံနဲ့က မပြီးပါဘူး။ နိုင်ငံတော် တည်ငြိမ် အေးချမ်းမှုရဖို့ဆိုတာ ဒီတိုင်းရင်းသား လူမျိုးစု လက်နှက်ကိုင်အဖွဲ့တွေ ကျနော်တို့ အချင်းချင်းတွေ ဘာလို့ တိုက်နေမလဲ။ သူတို့ကျဆုံးတာ နိုင်ငံတော်က ဆုံးရှုံးမှူပဲ။ ရဲဘော်တစ်ယောက်ကျဆုံးတာလည်း နိုင်ငံတော်ရဲ့ ဆုံးရူံးမှူပဲ။ အဲ့တော့ ဘာကြောင့် ကျနော်တို့ တိုက်နေကြမလဲ။ မတိုက်ပဲနဲ့ ကျနော်တို့ ငြိမ်းချမ်းမှူကို ကျနော်တို့ ညှိနှိုင်းပြီးတာ့ လုပ်ကြရအောင်။ ယူကြရအောင် ဆိုပြီးတော့ အဲ့တော့ ငြိမ်းချမ်းရေး တည်ဆောက်တဲ့ အပိုင်းပေါ့လေ။ နှစ်အပိုင်းမှာ ကျနော်တို့ အဆင့်သုံးဆင့် လုပ်ပါတယ်။ ပထမတော့ များသောအားဖြင့် ကျနော်တို့ ဒီအဖွဲ့တွေက ပြည်နယ်တွေမှာ ရှိတာများပါတယ်။ ဒါကြောင့်မို့ ပြည်နယ်အစိုးရနဲ့ အရင်ထိတွေ့အောင် ကျနော်တို့ လုပ်ခိုင်းလိုက်တယ်။ ပြီးရင် ပြည်နယ်အစိုးရနဲ့ ထိတွေ့ပြီးတော့မှ ပစ်တာခတ်တာတွေ ရပ်စဲဖို့ ပစ်တာခတ်တာတွေ ရပ်စဲပြီးလို့ရှိရင် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွေ လုပ်ဖို့ ဆိုပြီးတော့ ဒီလိုအရင် ညှိနိုင်းလိုက်တော့ သူတို့လည်း မူလကတည်းက ငြိမ်းချမ်းရေးကို လိုချင်နေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း သိပ်အခက်အခဲ မရှိပဲနဲ့ လွယ်လွယ်ကူကူနဲ့ ဒီလိုညှိနိုင်းလို့ရပါတယ်။

အဲ့တော့ ဒုတိယအဆင့်ကျတော့ ပြည်ထောင်စုအဆင့်။ ပြည်ထောင်စုအဆင့်ကျတော့ သူတို့နဲ့ ယုံကြည်မှူ တည်ဆောက်ဖို့ အတွက်က သူတို့ ခင်မင်ရင်းနှီးတဲ့သူတွေ သူတို့ လိုလားတဲ့သူတွေ ဒီလို ပုဂ္ဂိုလ်မျိုးတွေကို ကျနော်တို့ ရွေးရပါတယ်။ ရွေးပြီးတော့မှ ဒီပုဂ္ဂိုလ်မျိုးတွေနဲ့ လွှတ်ပြီးတော့ သူတို့နဲ့ ထိတွေ့ခိုင်းတယ်။ ဆွေးနွေးခိုင်းတယ်။ ဆွေးနွေးခိုင်းတဲ့ အခါမှာ အဓိက ကတော့ အချက်နှစ်ချက်ပါပဲ။ တချက်ကတော့ ကျနော်တို့ ပြည်ထောင်စုကြီးထဲမှာ အတူတကွ ဥမကွဲ သိုက်မပျက်နဲ့ နေကြရအောင်ဆိုတဲ့ဟာ အမှန်တော့ လည်း ခုနလို ခွဲမထွက်ဘူး ဆိုတဲ့ သဘောပါပဲ။ သူတို့ကလည်း ဒီဟာကို သဘောတူပါတယ်။ ဒါကျနော်တို့ရဲ့ တိုင်းပြည်ပဲ ပြည်ထောင်စုကြီးထဲက ကျနော်တို့ အတူတကွနဲ့ နေမယ် ဘယ်တော့မှ ခွဲမထွက်ဘူး ဆိုတဲ့ ဒီအချက်လေး လည်း ကျနော်တို့ အဓိကကျတဲ့ အချက်လည်း ရပါတယ်။

နောက်တစ်ခုကတော့ ကျနော်တို့ ပြည်ထောင်စုကြီးကို ကာကွယ်စောင့်ရှောက်ကြရအောင်။ ပြည်ထောင်စု မပြိုကွဲဖို့အတွက် ကျနော်တို့ ကာကွယ်စောင့်ရှောက်မယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတွေ မပြိုကွဲအောင် ကာကွယ် စောင့်ရှောက်မယ်။ နောက် ကျနော်တို့ရဲ့ အချုပ်အခြာအာဏာ ဆုံးရှူံးမသွားရအောင် ကျနော်တို့ ကာကွယ် စောင့်ရှောက်ရမယ်ဆိုတာ ဒီအချက်လည်း သူတို့ အားလုံး သဘောတူပါတယ်။ ဒါကျနော်တို့ ငြိမ်းချမ်းရေး တည်ဆောက်တဲ့ နေရာမှာ အရေးအကြီးဆုံး အချက် တစ်ချက်ဖြစ်ပါတယ်။ ဒီအချက်နှစ်ချက်ရတာနဲ့ ကျန်တာတွေက သိပ်အရေးမကြီးတော့ပါဘူး။ ဥပမာ မူးယစ်ဆေးဝါး ကိစ္စတွေကို ပူးပေါင်းပြီးတော့ ဆောင်ရွက်ဖို့ နောက်တစ်ခါ ခင်ဗျားတို့ လူကြီးပိုင်းတွေက ပါတီထောင် ပါတီထောင်ပြီးတော့ ရွေးကောက်ပွဲမှာ ၀င်ရွေး ရွေးကောက်ပွဲမှာ အရွေးခံရလို့ လွှတ်တော်ထဲမှာ ရောက်လာမယ်။ လွှတ်တော်ထဲ ရောက်လာလို့ရှိရင် အများနည်းတူ ခင်ဗျားတို့ မေးခွန်းတွေ မေးခွင့်ရလာမယ်။ အဆိုတွေ တင်သွင်းလို့ရမယ်။ တန်းတူရည်တူ ပြောလို့ဆိုလို့ရမယ်။

နောက်တစ်ခုက ခုနကလို လူလတ်ပိုင်းတွေ ကျလို့ရှိရင် ခင်ဗျားတို့ စီးပွားရေး လုပ်ငန်းတွေလုပ်။ စီးပွားရေးလုပ်ငန်းကလည်း ဥပဒေနဲ့အညီ လုပ်တဲ့ စီးပွားရေးတွေဖြစ်ရမယ်။ ကျနော်တို့ ၀ိုင်းကူပေးမယ်။ တတိယအချက်ကတော့ လက်နက်ကိုင် အဖွဲ့အစည်းပေါ့။ လက်နက်ကိုင် အဖွဲ့အစည်းကတော့ ဘာဖြစ်လို့ ကျနော်တို့ တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်သတ်ဖြတ်နေကြမလဲ။ ဒါ ကိုယ့်အချင်းချင်းတွေပဲ ဆုံးရှူံးတာဖြစ်တယ်။ သို့သော်လည်း တချိန်ကျလို့ရှိရင် ဒီလက်နက်ကိုင်အင်အားစုတွေဟာ ကိုယ့်တိုင်းပြည်ကို ကာကွယ်တဲ့ အင်အားစုတွေဖြစ်ရမယ်။

ဒီလိုအခြေအနေမျိုးမှာ တပ်မတော်ဆိုတာ တစ်ခုတည်းပဲ ဖြစ်ရမယ်။ သူများတိုင်းပြည်တွေမှာလည်း ဒီအတိုင်းပဲ။ အမေရိကန်လို နိုင်ငံမျိုးမှာလည်း State ပေါင်းများစွာရှိပေမယ့် တပ်မတော်က အဖွဲ့အစည်း တစ်ခုတည်းပဲရှိတယ်။ တရုတ်ဆိုလို့ရှိရင်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တွေ အများကြီး ရှိပေမယ့်လည်း တပ်မတော်က တစ်ခုတည်းပဲရှိတယ်။ ကျနော်တို့လည်း ဒီအတိုင်းပဲ သွားကြတာပေါ့။ ကျနော်တို့ Constitution ကလည်း ဒီအတိုင်းပဲဆိုတော့ အဲ့တော့ ဒါလေးတွေဟာ သူတို့နဲ့ ညှိနိုင်းလိုက်တဲ့ အခါမှာ ကျနော်စိတ်ထဲမှာ သိပ်ပြီးတော့ ခက်ခဲမယ် ထင်ပေမယ့်လည်း ခုနကလို ခက်ခက်ခဲခဲနဲ့ မလုပ်ရပဲနဲ့ အလွယ်တကူ ကျနော်တို့ သဘောတူညီချက်လေးတွေ ရလာတယ်။ ရလာပြီးတော့ တူညီတဲ့အချက်လေးတွေ လက်မှတ်ထိုးထား။ တူညီတဲ့အချက်လေးတွေ လက်မှတ်ထိုးထားတာဆိုတော့ အခု ၁၁ဖွဲ့ရှိတဲ့အထဲက ၁၀ ဖွဲ့နဲ့ ကျနော်တို့ သဘောတူညီချက်လေးတွေ တော်တော်များများ ရပါတယ်။ သို့သော်လည်း နိုင်ငံရေးပိုင်း ဆက်လက်ပြီး ဆွေးနွေးစရာလေးတွေ အများကြီးရှိပါတယ်။

ဒီအပိုင်းကျရင်တော့ ကျနော်တို့ တတိယအပိုင်း ရောက်ပါပြီ။ တတိယအပိုင်းရောက်ရင်တော့ လွှတ်တော်ကို ကျနော်တို့ အပ်လိုက်မယ်။ လွှတ်တော်ထဲမှာ တိုင်းရင်းသား ပေါင်းစုံပါတယ်။ ဒါကြောင့်မို့ လွှတ်တော်မှာ ဆွေးနွေးတဲ့ဟာ ပိုပြီးတော့လည်း ပြည့်စုံမယ်။ ပိုပြီးတော့လည်း ကြီးမားမယ်။ ဒါကြောင့် လွှတ်တော်ကို အပ်ပြီးတော့မှ ကျန်တဲ့ အသေးစိတ်ကို တဖြေးဖြေးနဲ့ ဆွေးနွေးယူမယ်ဆိုပြီးတော့ ကျနော်တို့ လုပ်ခဲ့တာပါ။

ဒါကြောင့်မို့ ခုနကလို နိုင်ငံရေး ပြုပြင်ပြောင်းလဲမှူမှာ အဓိကကျတဲ့ အခန်း ကဏ္ဍကတော့ နှစ်ခုပါပါတယ်။ နိုင်ငံရေး အင်အားစုတွေနဲ့ တည်တည်ငြိမ်ငြိမ်ဖြစ်အောင် သူတို့နဲ့ ထိတွေ့ဆက်ဆံတဲ့အပိုင်း၊ နောက်တခါ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးရအောင် ကြိုးစားတဲ့အပိုင်း၊ ဒီအထဲမှာလည်း ကျနော်တို့ တစ်ဖွဲ့ ကျန်နေပါသေးတယ်။ တစ်ဖွဲ့ကတော့ မြောက်ဖက်က ကေအိုင်အေအဖွဲ့ ဖြစ်ပါတယ်။ ဒီအဖွဲ့နဲ့လည်း ကျနော်တို့ ထိတွေ့ဆက်ဆံမှူတွေ ရှိပါတယ်။ ကျနော်တို့ဆီက လူတွေနဲ့ တယ်လီဖုန်းပြောလည်း ရပါတယ်။ ထိတွေ့ဆက်ဆံမှူတွေ ရှိတယ်။

ဦးသန်းလွင်ထွန်း။ ။ သမ္မတကြီးအနေနဲ့ ပြောတာက ဦးစားပေး နိုင်ငံတော်တည်ငြိမ်မှူရအောင် ဦးစားပေးလုပ်ခဲ့ တယ်ဆိုတဲ့ နေရာမှာ ကျနော်အနေနဲ့ ဒီနေရာမှာ သတိထားမိတဲ့ တစ်ချက်ရှိပါတယ်။ သမ္မတကြီး အနေနဲ့ ဒီအစိုးရအဖွဲ့ကို စတင်ဦးဆောင်ကတည်းကလည်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့
အပစ်အခတ် ရပ်စဲရေးကို တစိုက်မတ်မတ် ဆောင်ရွက်လာခဲ့ပါတယ်။ ဒါ့အပြင်ကို သမ္မတကြီးရဲ့ အမိန့်အာဏာနဲ့ ပေါ့နော် တစ်ဘက်ရဲ့ အပစ်အခတ်ရပ်စဲရေး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက အထူးသဖြင့် ကချင်ပြည်ဘက်မှာ ကြေငြာပေးခဲ့တာ ရှိပါတယ်။ ဒါပေမယ့်လည်း ဒီတိုက်ပွဲတွေကတော့ ဆက်ပြီး ဖြစ်နေတဲ့ သဘောဆိုတော့ ဒါဟာ ဘာတွေများ လိုအပ်ချက် ချို့ယွင်းချက်ရှိနေသလဲ ဆိုတာလေးကို တချက်လောက် ရှင်းပြပါလား။

သမ္မတဦးသိန်းစိန်။ ။မှန်ပါတယ် ဦးသန်းလွင်ထွန်း။ ဒီကိစ္စလေးဟာလည်း ကျနော်တို့ ဖြေချင်တဲ့ကိစ္စပဲ ဖြစ်ပါတယ်။ ခုနကလို ငြိမ်းချမ်းရေး ဆွေးနွေးဖို့၊ နိုင်ငံရေးဆွေးနွေးဖို့ဆိုတာ ပစ်ခတ်တိုက်ခိုက်နေရင်းနဲ့ ဆွေးနွေးလို့ကတော့ မလွယ်ပါဘူး။ ဒါကြောင့်မို့လို့ ပစ်ခတ်တိုက်ခိုက်မှူတွေ ရပ်စဲကြရအောင် ဆိုပြီးတော့ ကျနော်တို့ကနေပြီးတော့မှ ကျနော်တို့တပ်ကို အမိန့်ထုတ်ပေးလိုက်တယ်။ ပစ်ခတ်တိုက်ခိုက်မှူတွေ မလုပ်နဲ့ ကိုယ့်ကိုကိုယ် ခုခံကာကွယ်ယုံမှ အပပေါ့လေ။ လူဆိုတာလည်း အသက်ကို ကာကွယ်ဖို့က ရှိသေးတာကိုး။ ကိုယ့်ကိုကိုယ် ခုခံကာကွယ်ယုံမှအပ ကိုယ်ကစပြီး တိုက်တာထက် စခန်းတွေကို ကိုယ်က တိုက်တာတွေ ပစ်တာခတ်တာတွေ မလုပ်ဖို့ ကျနော်တို့ဘက်က ဒီလိုထုတ်ပါတယ်။ တစ်ဘက်ကိုလည်း ဒီလိုထုတ်ပေးဖို့ တောင်းဆိုတယ်။ သူတို့ဘက်က ထုတ်ပေး လိုက်လို့ရှိရင် အောက်ခြေက ရဲဘော်အထိ ဘာပဲဖြစ်နေနေ မင်းတို့ ပစ်တာ ခတ်တာတွေ လုံးဝ မရှိစေနဲ့ ဆိုပြီးတော့ ကျနော်တို့ ဒီအတိုင်း ပြောလို့ရပါတယ်။

သို့သော်လည်းပဲ တစ်ဘက်က ဒီလိုမထုတ်ဘူး။ ဒီလိုမထုတ်တဲ့အတွက်ကြောင့် ကျနော်တို့ဘက်က ယုံကြည်ပြီးတော့မှ တခါတလေကျလို့ရှိရင် အုပ်ချုပ်မူကိစ္စ ဆောင်ရွက်ဖို့အတွက် သွားတာလာတာတွေရှိတယ်။ အဲ့ဒီ့နေရာတွေမှာ ခုနကလို စောင့်ကြိုပြီး တော့ တိုက်တာတွေ နောက်တစ်ခါ မိုင်းထောင်ပြီးတော့ ဖောက်ခွဲတာတွေ ဒါတွေရှိတော့ ရဲဘော်တွေကလည်း ဟာ ကျနော်တို့ ဒီအတိုင်း အသေခံရပ့ါမလား ဒီအတိုင်းပဲ အသေခံနေရမှာလား ဆိုတော့ ကျနော့် စိတ်ထဲမှာလည်း စိတ်မကောင်းဖြစ်မိတယ်။ ပြဿနာက အဲ့တာပါပဲ။ ကျနော်တို့က ထုတ်ထားသလို ဟိုဘက်ကသာ ပစ်ခတ်တိုက်ခိုက်မှူတွေကို ရပ်စဲပါမယ်လို့ ဒီလိုထုတ် လိုက်လို့ ရှိရင် ကျနော်ထင်ပါတယ် ဒီကိစ္စဟာ အဆင်ပြေသွားမှာပါ။ ကျန်တာကတော့ တပ်တွေကိစ္စ ဘာကိစ္စ ဒါတွေကတော့ စားပွဲပေါ်မှာ ထိုင်ပြီးတော့ ကျနော်တို့ ညှိယူလို့ရတဲ့ကိစ္စတွေပါ။ ဒီကလစ်ကလေး တစ်ခုပါပဲ။ ဒါလေးကို နည်းနည်းလေးပဲ သူတို့ဘက်က ဖြေလျော့လိုက်လို့ရှိရင် ကျနော်ထင်ပါတယ်။ ဒီဟာလည်း အဆင်ပြေသွားမယ်လို့ ကျနော်တွက်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဒါက ငြိမ်းချမ်းမူ တည်ဆောက်ရေးကိစ္စမှာ ကြုံတွေ့ရတဲ့ အခက်အခဲလေး တစ်ခုပေါ့နော်။ ဒါ့အပြင်ကို သမ္မတကြီးအနေနဲ့ နိုင်ငံတော်ရဲ့ အထွေထွေ ပြုပြင်ပြောင်းလဲရေး ကိစ္စတွေမှာ သမ္မတကြီးရဲ့ မိန့်ခွန်းတစ်ခုမှာ ကျနော်တို့ သတိထားမိလိုက်တဲ့ အချက်လေးတစ်ခုရှိပါတယ်။ ပြုပြင် ပြောင်းလဲရေးကို အရှိန်အဟုန်နဲ့ ဆက်သွားမယ်။ ပြုပြင်ပြောင်းလဲရေးကို မလိုက်ချင်တဲ့ သူတွေ ကို နောက်ချန်ထားခဲ့ရမယ် ဆိုတဲ့ အချက်လေးကိုပါ။ အဲဒီတော့ ဒီအချက်ကို ကြည့်လိုက်တယ် ဆိုလို့ ရှိရင် သမ္မတကြီးတို့ရဲ့ ဒီလိုအစိုးရအဖွဲ့ အသိုင်းအဝိုင်း အတွင်းပိုင်းမှာလည်း ဒီလို ပြုပြင်ပြောင်းလဲရေးကို မလိုက်ချင်တဲ့ သူတွေများ ရှိနေသလား ဆိုပြီးတော့ တွေးစရာ ပေါ်လာပါတယ်။ ဒီအချက်ကလေးကို နည်းနည်းလောက် ရှင်းပြပါလား။

သမ္မတဦးသိန်းစိန်။ ။ ဒီကိစ္စကတော့ ဒီလိုပါ။ ကျနော်တို့ရဲ့ ပြုပြင်ပြောင်းလဲရေးတွေက မြန်မြန်ဆန်ဆန်နဲ့ လုပ်နေရတဲ့ ကိစ္စမျိုး ဖြစ် ပါတယ်။ သိပ်ပြီးတော့ နှေးကွေးသွားရင် တွေ့ကြုံရမယ့် အခက်အခဲတွေ၊ အကျပ်အတည်းတွေ ဒါတွေက အများကြီး ရှိပါတယ်။ အခု ဒါလောက်များများ သွားတာတောင်မှ အခက်အခဲတွေ အများကြီး ကျနော်တို့ တွေ့နေရပါတယ်။ ဒါကြောင့်မို့လို့ မြန်မြန်ဆန်ဆန်နဲ့ ကူးပြောင်းချင် တယ်။ မြန်မြန်ဆန်ဆန်နဲ့ ကူးပြောင်းတဲ့အခါမှာ တချို့က နှေးနှေးကွေးကွေးနဲ့ လိုက်နေတာတွေ ရှိပါတယ်။ ဆန့်ကျင်တာတော့လည်း မဟုတ်ဘူး။ သို့သော်လည်း ခရီးမတွင်ဘူးပေါ့။ ဒီလို ခရီး မတွင်တဲ့လူတွေ ကျနော်တို့ အစိုးရအဖွဲ့ထဲမှာလည်း ရှိပါတယ်။ လွှတ်တော်ထဲမှာလည်း ရှိပါတယ်။

ဒီလူတွေကတော့ သူတို့ကို ကျနော် ပွင့်ပွင့်လင်းလင်းပဲ ပြောတယ်၊ ဒီလို လေးလေးပင်ပင်နဲ့ လုပ်နေတဲ့သူတွေ ကတော့ နောက်ချန်ထားခဲ့ရမှာပဲ၊ ဒါလည်း ကျနော်တို့ လုပ်ရမယ့် ကိစ္စပါ။ ကျနော်ကတော့ ကိုယ့်အစိုးရ အတွင်းမှာတော့ ကျနော် လုပ်ပိုင်ခွင့် ရှိတယ်ပေါ့လေ။ လွှတ်တော်ကျတော့ ကျနော်က လုပ်ပိုင်ခွင့် မရှိဘူး။ အစိုးရအဖွဲ့အတွင်းမှာ ဒီလိုပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ ဒါကြောင့် ဒါတွေကိုတော့ တဖြည်းဖြည်း ချန်ထားခဲ့မယ် ဆိုပြီးတော့ အတိအလင်းလည်း သူတို့ကို ကျနော် ပြောထားတာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ အဲဒါကြောင့်မို့လို့ပဲ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်းမှာ ဒုတိယဝန်ကြီး အပြောင်းအလဲတွေ လုပ် တယ်၊ ပြီးတော့ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာပဲ အစိုးရအဖွဲ့အတွင်း ပြုပြင်ပြောင်းလဲမှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပါတယ်။ ဒါ့အပြင်ကို ဒုတိယ သမ္မတ ခန့်အပ်မှုကိစ္စဆိုတဲ့ အကြောင်းလေးတွေလည်း ရှိနေတော့ သတင်းသာ ကြားနေရတယ်၊ ချက်ချင်း ထွက်ပေါ်မလာနိုင်သေးတဲ့ ကိစ္စကရော ဘာကြောင့်များ နှောင့်နှေးနေခဲ့ပါသလဲ။

သမ္မတဦးသိန်းစိန်။ ။ ကျနော်တို့က အချိန်လည်း နည်းနည်းလေး တွက်ရ၊ ပြုရ၊ စောင့်ရပါတယ်။ ပထမတော့ လွှတ်တော် ကျင်းပမယ့် အချိန်ပေါ့။ တခါ ဒုသမ္မတ တစ်ယောက်ကလည်း ထွက်သွားပြန်တော့ ဒုသမ္မတအစား တစ်ယောက် ကို ရွေးဖို့အတွက် ကျနော်တို့က ဘယ်သူ့ကို ခန့်ပေးပါဆိုပြီးတော့ ဒီလို ပြောလို့ မရပါဘူး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ တပ်မတော် အစုအဖွဲ့ကနေ သူတို့ ကြိုက်နှစ်သက်သူ တစ်ယောက် ရွေးရမှာ ဖြစ် ပါတယ်။

သူတို့ ရွေးပေးပြီး တင်လိုက်တယ်၊ သို့သော် တစ်ယောက်က တချို့အချက်အလက်လေး နည်းနည်း ငြိစွန်းနေတဲ့ အတွက် ဒီတစ်ယောက်ကို သူတို့ ပယ်လိုက်ပါတယ်။ အခု ဒါက ဒုတိယ တစ်ယောက်ပေါ့လေ။ဒုသမ္မတ ထိပ်စည်းကနေ ထွက်လာတာနဲ့အမျှ ကျန်တဲ့အပိုင်းတွေမှာလည်း ပြုပြင်စရာတွေ၊ ပြောင်း လဲ စရာ တွေ ရှိပါတယ်။ ဒါတွေလည်း ကျနော် ထင်ပါတယ်၊ ဒါတွေကလည်း နောက်ကနေ ဆက်တိုက် ကျနော်တို့ ဆက်ပြီး လုပ်သွားဖို့ ရှိမှာပါ။

မေး။ ။ သမ္မတကြီးပြောပြတဲ့ ဦးစားပေး ဒုတိယအကြောင်းကို ပြန်ကောက်ချင်ပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှူနဲ့ နိုင်ငံတော် ဖွံ့ဖြိုးရေးပေါ့နော်။ ဒီနေရာမှာ အခု မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး အတွက် အဓိက လုပ်ဆောင်နေရတဲ့ အချက်တွေက အဂတိလိုက်စားမှူ ပပျောက်ရေး ပွင့်လင်းမြင်သာမှူရှိရေး အဲ့တာတွေနဲ့ပတ်သတ်လို့ရော ဘယ်လိုအကြောင်းအရာတွေက ပိတ်ဆို့မှူတွေရှိနေသလဲ။

သမ္မတဦးသိန်းစိန်။ ။ အဂတိလိုက်စားမှူနဲ့ ပတ်သတ်ပြီးတော့လည်း ကျနော်တို့ စတက်လာကတည်းက “Good Government Clean Government” ဖြစ်အောင် ကျနော်တို့ လုပ်မယ်။ ပြည်သူတွေကလည်း ကျနော်တို့ကို ဝိုင်းပြီးတော့ ကူပေးပါတယ်။ ဆိုတော့ ဒီလာဘ်ပေး လာဘ်ယူမှူတွေဟာ အခုမှတင် မဟုတ်ပါဘူး။ ဟိုတုန်းကတည်းကကို ရှိလာတော့ ကျနော်တို့လက်မှ ချက်ခြင်းပျောက်အောင် လုပ်ဖို့ဆိုတာ ခက်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ဗမာစကားနဲ့ပြောရမယ်ဆိုရင် ခေါက်ရိုးကျိုးနေတယ်။ ခေါက်ရိုးကျိုးနေတာကို ပြန်ပြီး အလွယ်တကူနဲ့ ပြင်ဖို့ဆိုတာ ခက်ပါတယ်။ သို့သော်လည်း ဖိဖိစီးစီးနဲ့ ကျနော်တို့ လုပ်ပါတယ်။ ၀န်ထမ်းလောကကို ပြန်ပြီးတော့ တိတိကျကျနဲ့ ဖိဖိစီးစီးနဲ့ ကိုင်တွယ်နေပါတယ်။ အဲ့တော့ အောက်ခြေမှာ ဒါတွေ ရှိနေတယ်။ ဒါတွေဟာ ကျနော်တို့ရဲ့ အမည်းစက်တွေဖြစ်တယ်။ အစိုးရရဲ့ အမည်းစက်တွေဖြစ်တယ်။ အောက်ခြေမှာ ဘာပဲလုပ်လုပ် လုပ်သမျဟာ အပေါ်က ကျနော်တို့ အကြီးအကဲတွေမှာ တာဝန်ရှိတယ်။ ဒါကြောင့်မို့ ဒီကိစ္စကို ဖိဖိစီးစီးနဲ့ တစ်အချက်ကတော့ လျော့နည်းသွားအောင်၊ နစ်အချက်ကတော့ ပပျောက်သွားအောင် ကြိုးစားပြီး လုပ်မယ်ဆိုပြီး ကြိုးစားပြီးတော့ ဒါလည်း အကောင်အထည်ဖော်ပြီးတော့ ဆောင်ရွက်နေပါတယ်။



ဦးသန်းလွင်ထွန်း ။ ။ မြန်မာပြည်မှာက ပြည်ပက ရင်းနှီးမြုတ်နှံမူ အင်အား၊ လူအင်အား၊ နည်းပညာ ကျွမ်းကျင်မှူ အရင်းအနှီးတွေ မရှိတဲ့အခါကျတော့ ပြည်ပက ၀င်ရောက်လာမှူကို သမ္မတကြီးတို့အနေနဲ့ အတော်လေးကို ကြိုဆိုတယ်။ ဒီနေရာမှာ အမေရိကန်ပြည်ထောင်စု အပါအ၀င် တခြား အနောက်နိုင်ငံတွေကလည်း စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှူတွေ တချို့နိုင်ငံတွေဆိုရင် အပြည့် ရုတ်သိမ်းလိုက်တာတွေရှိတယ်။ အမေရိကန် ပြည်ထောင်စုဆိုရင် ရပ်ဆိုင်းထားတာရှိတယ်။ အဲ့တော့ ဒီလိုယာယီရပ်ဆိုင်းထားတဲ့ သဘောလောက်ပဲ ရှိပြီးတော့ တဘက်ကလည်း ဥပဒေအရ အရေးယူနိုင်သေးတယ် ဆိုတဲ့ အနေအထားမျိုးဟာ ပြည်ပကနေ လာပြီးတော့ ရင်းနှီးမြုတ်နှံလိုသူတွေအတွက် အတားအဆီးတစ်ခုများ ဖြစ်နေမလား။

သမ္မတဦးသိန်းစိန်။ ။ မှန်ပါတယ်။ စီးပွားရေး တားဆီးပိတ်ဆို့မှူတွေဟာ တကယ်တော့ ပြည်ပကနေ လာပြီး ရင်းနီးမြုတ်နှံဖို့ အတွက် ဒါဟာ တကယ်လည်း အတားအဆီးတစ်ခုပါ။ သို့သော်လည်း လုပ်နိုင်တဲ့ ဂဏ္ဍလေးတွေရှိပါတယ်။ အမေရိကန်မှာဆိုရင် ဆီနိတ်နဲ့ အစိုးရအဖွဲ့ပေါ့နော်။ ဆီနိတ်မှာတော့ ပါတီကြီးနှစ်ခု အင်အားပြိုင်နေတာပေါ့။ အဲ့တော့ သူက ဥပဒေအရ တားဆီးထားတဲ့ဟာကို ပြန်ပြီးတော့ လွယ်လွယ်နဲ့ ပြန်ဖြေပေးဖို့ဆိုတာ ခက်ပါတယ်။ သို့သော်လည်း အစိုးရပိုင်းကနေ သူတို့ရဲ့ အုပ်ချုပ်မှူ အခွင့်အာဏာနဲ့ ကျနော်တို့ကို လုပ်ပေးထားတာတွေ အများကြီး ရှိပါတယ်။

ကျနော်တို့နဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်လောက် ဆက်ဆံရေးတွေ အေးခဲနေပေမယ့်လည်း ဒီဘက်ပိုင်းမှာဆိုရင် ကျနော်တို့ နှစ်နိုင်ငံ ဆက်ဆံရေးတွေဟာ ပြန်ကောင်းလာတယ်။ နိုင်ငံခြားရေးဝန်ကြီးနဲ့ လည်း နှစ်ကြိမ်လောက် ကျနော်တို့ တွေ့ပြီးပြီ။ နောက်တော့ သံအမတ်ခန့်အပ်နိုင်တဲ့ အဆင့်လည်း ရောက်လာတယ်။ ရောက်တော့ လွှတ်တော်ကလည်း သူလုပ်ရမယ့်အပိုင်း သူလုပ်ထားပါတယ်။ သို့သော်လည်း အုပ်ချုပ်ရေးပိုင်းကနေ အိုဘားမားကနေ အများကြီး ကျနော်တို့ကို လုပ်ပေးပါတယ်။ ဒီ့အတွက်လည်း ကျနော်တို့ ကျေးဇူးတင်ပါတယ်။ တချို့ကိစ္စလေးတွေကတော့ ဒီလိုဖြေလျော့ပေးလိုက်တဲ့အတွက်ေ
ကြာင့် ရင်းနီးမြုတ်နှံမူတွေ လာလုပ်နိုင်မယ့် အခွင့်အလမ်းတွေ ရှိလာပါတယ်။ ဥပမာ EUတို့ ဘာတို့ဆိုရင်လည်း ဘာဖြစ်ဖြစ် ကျနော်တို့ရဲ့ ကုန်ပစ္စည်းတွေ လက်ခံမှာပါ။ EU ကလည်း ဖြေလျော့ပေးတာတွေ အများကြီးရှိပါတယ်။ ကျနော်ထင်ပါတယ်။ အမေရိကန်ကို ပို့တဲ့ ကုန်ပစ္စည်းက နည်းမှာပါ။ EU ကိုပို့တာက များမှာပါ။ သို့သော်လည်း ထိခိုက်မှူကတော့ ရှိမှာပါပဲ။ အဲ့တော့ နိုင်ငံခြားက ရင်းနှီးမြုတ်နှံတယ် ဆိုတဲ့သူကလည်း ဘာဖြစ်ဖြစ် သူကလည်း စဉ်းစားမယ်လေ။ ဟိုမှာ စီးပွားရေးက ပိတ်ဆို့ထားတယ်ဆိုတော့ တို့သွားလုပ်လို့ အကျိုးရှိမလား။ ဒီကInvestment Law က ဘယ်လိုရှိသလဲ တို့ကိုဘယ်လို ကာကွယ်ပေးထားသလဲ။ Insentience တွေ ဘယ်လိုပေးထားသလဲ။ ကျနော်ဆိုရင်လည်း ကျနော် စဉ်းစားမှာပါ။ သို့သော်လည်းပဲ လွတ်လွတ်ကင်းကင်းနဲ့ လာရောက် ရင်းနီးမြုတ်နှံလို့ ရနိုင်တာတွေ ရှိပါတယ်။

ဒါအတွက်ကို လာပြီးတော့ ညှိကြနိုင်းကြတာတွေရှိပါတယ်။ ဥပမာ ဂျပန်တို့ တောင်ကိုရီးယားတို့ ကျနော်တို့ကလည်း ဒီအချိန်မှာ တိုင်းပြည်ချမ်းသာဖို့အတွက် ကျနော်တို့ တိုင်းရင်းသားတွေ အလုပ်အကိုင်များများရမယ့် အလုပ်ရုံ စက်ရုံတွေက လိုနေတယ်။ သိပ်ပြီးတော့ နည်းပညာပိုင်းလည်း မခက်ခဲတဲ့ဟာတွေပေါ့။ ဥပမာ အထည်ချုပ်စက်ရုံလိုဟာမျိုးတွေ၊ ဖိနပ်ချုပ်စက်ရုံလို၊ ဂါဝန်ချုပ်တဲ့စက်ရုံဆိုရင် စက်ရုံတစ်ရုံမှာ လူတစ်ထောင်လောက် အလုပ်ရမယ်ဆိုရင် ၁၀ ရုံဆိုလို့ရှိရင် လူတစ်သောင်းလောက် ကျနော်တို့ရမယ်။ နည်းပညာပိုင်းလည်း ဘာမှ မခက်ဘူး။ သူတို့ကျတော့ သူတို့ဈေးကွက်က ရှိတယ်မဟုတ်လား။ သူတို့ဈေးကွက်နဲ့ဆိုတော့ ကျနော်တို့လည်း သိပ်စိတ်ပူစရာမရှိဘူး။ ဒါတချို့ အချက်တွေကလည်း လုပ်နိုင် ကိုင်နိုင်တဲ့ အခွင့်အလမ်းတွေရှိပါတယ်။ ဒါကြောင့် ဖြေလျော့ပေးတာတွေနဲ့ ပတ်သတ်ပြီး ကျနော်တို့ ကျေးဇူးတင်တယ်လို့ ပြောပါတယ်။ အခုလွှတ်တော်က တစ်နှစ်ထပ်ပြီး တိုးတာနဲ့ ပတ်သတ်ပြီးတော့လည်း ကျနော်ထင်ပါတယ်။ တချိန်ကျရင်တော့ ကျနော်တို့အပေါ်မှာ နားလည်ပြီးတော့မှ ဒါလည်း ပြင်ဆင်ပေးလိမ့်မယ်၊ ဖြေလျော့ပေးလိမ့်မယ်လို့ ကျနော်ဒီလိုမျော်လင့်ထားပါတယ်။ ယုံကြည်ထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ မကြာခင်မှာလည်း သမ္မတကြီးအနေနဲ့ အမေရိကန်ပြည်ထောင်စုကို ခရီးထွက်ဖို့ ရှိတယ်ဆိုတော့ ဒီခရီးစဉ်အတွင်းမှာ ဒီအကြောင်းတွေ ဆွေးနွေးဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။

သမ္မတဦးသိန်းစိန် ။ ။ ကျနော်ကတော့ စီးပွားရေးတိုးတဲ့ကိစ္စကို အပြစ်အနာအဆာအနေနဲ့ မပြောလိုပါဘူး။ ဒါလည်း သူတို့ လုပ်သင့်လုပ်ထိုက်လို့ လုပ်တယ်လို့ပဲမြင်ပါတယ်။ သို့သော်လည်း ကျနော်တို့ဘက်က ဆက်ဆံရေးပိုပြီးတော့ ကောင်းအောင် လုပ်ပြရမယ်။ နောက် ကျနော်တို့ရဲ့ ပွင့်လင်းရိုးသားတဲ့ လုပ်ဆောင်မှူတွေ ဒီမိုကရေစီရှင်သန် ဖွံ့ဖြိုးမူအတွက် ကြိုးစားနေတာတွေ ဒါတွေကို သိသာအောင် လုပ်ပြခြင်းအားဖြင့် တချိန်ကျရင်တော့ ကျနော်ထင်ပါတယ် ဆီနိတ်ကလည်း ပြောင်းလာမယ်ထင်ပါတယ်။ အိုဘားမားနဲ့ နိုင်ငံခြားရေးဝန်ကြီးကတော့ ကျနော်တို့အပေါ်မှာ နားလည်မူကတော့ အပြည့်ရှိပါတယ်။ ဒါကြောင့်မို့လည်း သူလုပ်ပေးနေတာပေါနော့်။ တချို့ဟာတွေ။

ဦးသန်းလွင်ထွန်း ။ ။ ကျေးဇူးတင်ပါတယ် သမ္မတကြီးခင်ဗျာ။

သမ္မတဦးသိန်းစိန်။ ။ ဟုတ်ပါပြီ။ ကောင်းပါပြီ။ ကဲကိုသန်းလွင်ထွန်းကြီး ခင်ဗျားလည်း ကျေးဇူးတင်ပါတယ် ခင်ဗျာ။ လာပြီးတော့ တကူးတကနဲ့ လာပြီးတွေ့တာ။ ဘာဖြစ်လို့ဆိုရင် ခင်ဗျားနဲ့ တွေ့လိုက်တဲ့အတွက်ကြောင့် ကျနော်တို့မှာ ပြောခွင့်ဆိုခွင့်တွေ ရလာတယ်။ ကမ္ဘာကိုလည်း သိစေချင်တာတွေ သိသွားတာပေါ့။

ဦးသန်းလွင်ထွန်း ။ ။ ကျနော်တို့ကလည်း အမြဲတမ်း တွေ့ချင် ပြောချင်နေတာပါ။ ဒီလိုစိတ်ရှည်လက်ရှည် ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်လည်း ဒါမျိုး ခွင့်ပြုပေးပါလို့ ကျနော် တောင်းဆိုချင်ပါတယ်။

သမ္မတဦးသိန်းစိန်။ ။ ကောင်းပါတယ်။ ကောင်းပါတယ်။ ကျေးဇူးတင်ပါတယ်။
ဗွီဒီယို အင်တာဗျူး
 

No comments:

Post a Comment