Thursday, 16 August 2012

လိုအပ်နေသော အရေးပေါ်ကယ်ဆယ်ရေး



Kyaw Thu

on Tuesday, August 14,







နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများအား တရားဝင်မအဖြစ် မစတင်မီ ကတည်းက အရေးပေါ်အကူအညီတောင်းခံသော လူနာများအတွက် လူသားချင်းစာနာစိတ်ဖြင့် ကူညီမှုတို့ကို စတင် လုပ်ဆောင်နေရပြီဖြစ်သည်။ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းဟုဆိုရာ၌ မီးလောင်ကျွမ်းခြင်း၊ ကားအက်စီဒင့် ဖြစ်ခြင်း၊ အမြင့်ပေါ်မှပြုတ်ကျခြင်း စသည့် အသက်အန္တရာယ်စိုးရိမ်ရသော လူနာများအတွက် အရေးပေါ်အသက် ကယ်ဆယ်ရေးလုပ်ငန်းအဖြစ် သက်ဆိုင်ရာ အစိုးရဆေးရုံများသို့ ပို့ဆောင်ကူညီပေးခြင်းဖြစ်သည်။ ထိုကဲ့သို့ အရေးပေါ်အသက်ကယ်ဆယ်ရေး လုပ်ငန်းရပ်ဖွဲ့စည်းရာတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ အရေးပေါ် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းအား စိတ်ဝင်တစား တတ်ကြွကြသော အသင်းသူ/သားများအား ရန်ကုန်တိုင်း ကြက်ခြေနီမှ တာဝန်ရှိသူများတို့မှ အရေးပေါ်ရှေးဦးသူနာပြုစုနည်းသင်တန်းများအပြင် ကြက်ခြေနီမွမ်းမံသင်တန်းများအား သင်တန်းနည်းပြ ဆရာများတို့မှ လာရောက်သင်ကြားပို့ချခဲ့ရာ အသင်းသား/သူ (၆ဝ) ဦးတို့သည် သင်တန်းဆင်း အောင်လက်မှတ်များကို လက်ဝယ်ပိုင်ဆိုင် ရရှိထားပြီးဖြစ်သည်။ ထိုကဲ့သို့ အောင်လက်မှတ်ရပြီးသော နာရေး ကူညီမှုအသင်း(ရန်ကုန်)ရှိ အသင်းသား/သူများသည် မိမိတို့တာဝန်ကျသည့် နေ့ရက်များတွင် အလှည့်ကျ အသင့် အနေအထားဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိရာ မြောက်ဒဂုံမြို့နယ်တွင်နေ့စဉ် ရုံးချိန်အတွင်း တာဝန် ထမ်းဆောင် ကုသိုလ်ယူ ပေးလျှက်ရှိသည်။



၎.၈.၂ဝ၁၂ ရက်နေ့၌ ခရမ်းမြို့နယ်၊ ၁ဝ ရပ်ကွက်၊ ပေါက်ကုန်းရွာတွင်နေထိုင်သူ မအိအိဖြူ၏ သားဖြစ်သူ မောင်မျိုးသူ အသက် (၁) နှစ်ခွဲသည် ဦးနှောက်အမှေးရောင် ဝေဒနာခံစားနေရကာ သုခကုသိုလ်ဖြစ်ဆေးခန်း သို့ လာရောက်ပြသခဲ့ပါသည်။ ထိုသို့လာရောက်ပြသစဉ် သုခကုသိုလ်ဖြစ်ဆေးခန်း၏ တာဝန်ရှိဆရာဝန်ကြီး စမ်းသပ် စစ်ဆေးမှုဖြင့် ကလေးငယ်၏ရောဂါပြင်းထန်လာသဖြင့် ကလေးဆေးရုံ(ဟယ်လ်ဗင်)သို့ သုခကုသိုလ်ဖြစ်ဆေးခန်းရှိ အရေးပေါ်လူနာတင်ယာဉ်ဖြင့် ရန်ကုန်တိုင်း ကြက်ခြေနီမှ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ အသင်းသား/သူများ အား လေ့ကျင့်သင်ကြားထားသော ကြက်ခြေနီသင်တန်းဆင်း အသင်းသား/သူများတို့သည် လူနာများအား အရေးပေါ်လူနာတင်ယာဉ်ဖြင့် (အခမဲ့) ပို့ဆောင်ကူညီမှုပြု ခဲ့ကြပါသည်။



၁ဝ.၈.၂ဝ၁၂ ရက်နေ့၌လည်း လူကြမ်းသရုပ်ဆောင် ကိုမော်ကြီး၏ ဇနီးဖြစ်သူ မစိုးစန္ဒာ အသက် (၃၆) နှစ် သည် နေအိမ်တွင် ချော်လဲကျ၍ ဆီးလမ်းကြောင်းထိခိုက်မိကာ မခံမရပ်နိုင်သည့် နာကျင်မှုဝေဒနာကြောင့် နာရေး ကူညီမှုအသင်း(ရန်ကုန်)အား ဖုန်းဆက်လာသဖြင့် လှိုင်သာယာမြို့နယ်၊ ဦးပုညလမ်း၊ စည်းကမ်းဆောင်သို့ သုခ ကုသိုလ်ဖြစ်ဆေးခန်းမှ အရေးပေါ်လူနာတင်ယာဉ်ဖြင့် လူနာ၏နေအိမ်သို့သွားရောက်ကာ အင်းစိန်ဆေးရုံကြီးသို့ ပို့ဆောင်၍ အရေးပေါ်ကူညီကယ်တင်နိုင်ခဲ့သည်။



၁၂.၈.၂ဝ၁၂ ရက်နေ့ နံနက် (၁ဝး၃ဝ) နာရီအချိန်တွင် မဇာနည်လှိုင် အသက် (၃၃) နှစ်သည် ရောဂါ ဝေဒနာပြင်းထန်စွာ ခံစားနေရသောကြောင့် နေအိမ်မှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ဖုန်းဆက်အကြောင်းကြား လာသဖြင့် အမှတ် ၅၂၊ ၃ ရပ်ကွက်၊ လမ်းသစ်လမ်း၊ လမ်းမတော်မြို့နယ်သို့ သုခကုသိုလ်ဖြစ်ဆေးခန်းမှ အရေးပေါ် လူနာတင်ယာဉ်အား အသုံးပြုကာ သာကေတအထူးကုဆေးရုံသို့ ပို့ဆောင်ကူညီခဲ့သည်။



ယင်းနေ့ နေ့လည် (၃းဝဝ) နာရီအချိန်တွင် သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်ပြသသော ဝေဒနာရှင် မခင်ကလျာလှိုင် အသက် (၂၇) နှစ်သည် ချို့တဲ့သော ကိုယ်ဝန်ဆောင်မိခင်တစ်ဦးဖြစ်ကာ ဗိုက်ထဲရှိ ကလေးငယ် အား အာဟာရဖြစ်စေမည့် အစားအသောက်၊ ဆေးဝါးများ သုံးစွဲနိုင်ခြင်းမရှိသဖြင့် မိမိ၏ဗိုက်ထဲရှိ ကလေးငယ်မှာ လှုပ်ရှားမှုမပြုလုပ်သည်မှာ (၂) ရက်ခန့်ရှိပြီဖြစ်ပြီး မိခင်ဖြစ်သူ မခင်ကလျာလှိုင်သည် ဝေဒနာ ပြင်းထန်စွာခံစား နေရသည့်အတွက် သုခကုသိုလ်ဖြစ်ဆေးခန်းမှ ဆရာဝန်ကြီးများမှ စစ်ဆေးကြည့်ရှုပြီး ဆေးရုံသို့ ပို့ဆောင်ရမည် ဖြစ်သည့်အတွက် အရေးပေါ်လူနာအဖြစ် မြောက်ဥက္ကလာဆေးရုံသို့ ပို့ဆောင်ရန် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ အရေးပေါ်ကယ်ဆယ်ရေး အသင်းသား/သူများမှ လျင်လျင်မြန်မြန် ညီညွတ်တက်ကြွစွာဖြင့် မေတ္တာ၊ ဂရုဏာ၊ မုဒိတာဖြင့် နွေးထွေးမှုပြည့်ဝစွာ လိုက်လံပို့ဆောင်ပေးခဲ့သည်။



ထိုကဲ့သို့သော အရေးပေါ်ကယ်ဆယ်မှုလုပ်ငန်းရပ်သည် မရှိမဖြစ်သော ကယ်ဆယ်ရေးလုပ်ငန်းတစ်ရပ် ဖြစ်ပေသည်။ လူဘဝတစ်ခုကာ ရတောင့်ရခဲလှပေသည်။ အသက်မဆုံးရှုံးသင့်ဘဲ မဆုံးရှုံးရလေအောင် အရေးပေါ် ကူညီဖေးမပေးသော အသက်ကယ်အဖွဲ့လည်း ဖြစ်ပေသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ် ဆေးခန်း၏ အရေးပေါ်အသက်ကယ်ဆယ်ရေးအဖွဲ့အနေဖြင့် စတင်ဖွဲ့စည်းသည့် အချိန်ကာလဖြစ်သည်နှင့်အညီ ကယ်ဆယ်ရေးအဖွဲ့များဝတ်ဆင်ရန် ကယ်ဆယ်ရေးဝတ်စုံ (ဘောင်းဘီ၊ အင်္ကျီ)တို့နှင့်တကွ ကယ်ဆယ်ရေးလုပ်ငန်း ရပ်များတွင် အမှန်တကယ်လိုအပ်သော ကယ်ဆယ်ရေးသုံးပစ္စည်းများ (Equipment)များ အားနည်းချက်အချို့ ရှိနေ သေးပါသဖြင့် ထိုကဲ့သို့ အသက်ကယ်ဆယ်ရေး ကုသိုလ်ဖြစ်လုပ်ငန်းရပ်အား ပံ့ပိုးကူညီလှူဒါန်းကြမည့် ပြည်တွင်း ပြည်ပမှ အလှူရှင်များအားလည်း ဖိတ်ခေါ်လိုက်ရပါသည်။ သို့မှသာ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများအား စနစ်ကျကျ ခေတ်မှီတိုးတက်စွာဖြင့် လူနာများအား ကြင်နာယုယစွာဖြင့် အသက်ကယ်တင်မှု ကုသိုလ်ဖြစ်လုပ်ငန်းကြီးသည် အများပြည်သူ၊ ကမ္ဘာ့ပြည်သူတို့ကြားဝယ် အောင်မြင်စွာဖြင့် ကူညီဖေးမမှုကုသိုလ်ဖြစ် လုပ်ငန်းကြီးသည် အမြင်တင့်တယ်ပေတော့မည်ဖြစ်တော့သည်။
View all

No comments:

Post a Comment