Friday, 10 August 2012

အဆုံးစမဲ့တဲ့ ဘဝခရီးကြမ်း



အလျော့ပေးလိုက်တဲ့
ဘဝကောင်းကင်ပေါ်က
ဝဲပျံနေတဲ့ စွန်ဟာ
မှန်စာတိုက်ထားပေမဲ့
မာနကို ခဝါချလို့
ရစ်လုံးနောက်ကို လိုက်ခဲ့ရတယ်..။

ဒါပေမဲ့.... ဘဝဆိုတာ
ကာလာများတဲ့ ကောင်းကင်က
ပန်းချီကားလည်း မဟုတ်သလို
စက္ကူစွန်လည်း မဟုတ်ဘူးလေ....။


နူးညံ့စွာနဲ့ ယုယုယယ
ပြုစုပျိုးထောင်ထားတဲ့
ဘဝဆိုတဲ့ ပုံရိပ်ထဲက
ခန္တီလွင်ပြင်မှာ
သည်းမခံနိုင်ခြင်းတွေ
ဖြစ်လာပေမဲ့ နှုတ်ဆိတ်လို့
ပျော်ရွှင်မှုတွေ ဖန်တီးခဲရတယ်..
ဒါပေမဲ့... ဘဝဆိုတာ
ဂိတ်မရှိတဲ့ တံခါးတစ်ချက်ပဲပေါ့..။

အရွယ်ရောက်လာတဲ့
ဘဝဇာတ်အိမ်ထဲ
ဇာတ်လိုက်လုပ်ရင်း
မဖွင့်ဖူးခဲ့တဲ့ မီးခလုတ်တချက်ကို
လျှိုဝှက်ချက် သော့ချက်
သံယောဇဉ်ဆိုတဲ့ ကြိုးတစ်ချောင်းနဲ့
တွယ်တာတတ်ခဲ့တယ်...
ဒါပေမဲ့... ဘဝဆိုတာ
အဆုံးစမရှိတဲ့ ခရီးတစ်ခုပေါ့..။

မိုးမမြင် လေမမြင်တဲ့
တိမ်တိုက်တွေကြားက
ကြိုးနှစ်ချောင်းရဲ့ စိတ်ကူယဉ်ဆန်တဲ့
အိပ်မက်တွေထဲ ချိုမြိန်လွန်းသော
သစ္စာမိုးတွေကို သောက်သုံးခဲ့ကြတယ်..
ဒါပေမဲ့ ဘဝဆိုတာ အိပ်မက်ထဲက
ရုန်းထလာတာမှ မဟုတ်တာလေ...။

ဘဝဆိုတာ ဖွားမြင်လာကတည်းက
ထိခိုက်လွယ်တာဆိုတဲ့ နိယာမတစ်ခုဟာ
မှန်နေပေမဲ မာနကို ခဝါချလို့
ဥပေက္ခာခြေလှမ်းတွေနဲ့
အထောက်ကူ လက်ကိုင် တုတ်ကို
အဖော်ပြုလို့ ထွက်ခွာခဲ့ရတယ်..
ဒါပေမဲ့... ဘဝဆိုတာ
တည်ဆောက်ပြီးမှ ထွက်ခွာဖို့
လွယ်တာမှ မဟုတ်တာ...။

မျက်လုံးတဖက် ကန်းသွားတဲ့
ဘဝရင်ခွင်ထဲ ခြောက်သွေ့နေတဲ့
သစ်ပင်ကြီးတစ်ခုလို နေထိုင်ရင်း
ကျဆုံးသွားတဲ့ ပန်းတစ်ပွင့်ရဲ့ ပုံရိပ်တွေကို
အတွေးအိမ်မှာ တဖန်မွေးဖွားရင်း
ကျလာတဲ့ မိုးစက်တွေကို
သောကရေကန်ထဲ သွန်းလောင်းမိတယ်..
ဒါပေမဲ.. ဘဝဆိုတာ
ကွေကွင်းခြင်းရဲ့ အဆုံးစမဲ့
ကောင်းကင်ကြီးတစ်ခုပေါ့...။

တက္ကသိုလ်မြတ်မင်း

by Venpunna Vamsa on Friday, August 10, 2012 at 3:11am ·

No comments:

Post a Comment