Pages

Saturday, 27 October 2012

ဘာသာရေးပဋိပက္ခဖြစ်အောင် ရည်ရွယ်ချက်ရှိရှိနဲ တိုက်ခိုက်နေတာတွေ ဖန်တီးနေတာတွေကို သတိမူကြပါ။



UZa Wana on Saturday, October 27, 2012 at 3:39am

“လူတစ်ယောက်အနေနှင့် မိမိတစ်စုတစ်ဖွဲ့၏ အတွေးအခေါ်အယူအဆကို လေးစားကြည်ညို
ယုံမျှနှင့် မပြီး။ အခြားတစ်ပါးသောသူများ၏ အတွေးအခေါ်အယူဆများကိုလည်း ကျိုးကြောင်းခို
င်လုံမှု မရှိဘဲ ဝေဖန်နှိပ်နှယ်ခြင်း မပြုသင့်” ။ (အသောကကျောက်စာ) ။

“မတူသော အယူအဆများ ညှိနိုင်းဆွေးနွေးကြရာတွင်၊ အစဉ်အလာကြောင့် အယူများအပေါ်အားပြုသည်ထက်၊ ဆင်ခြင်တုံတရားကို ရှေ့တန်းတင် သည်က လူမှုရေးသဟဇာတမျှမှုကို ပိုမိုဦးတည်စေနိုင်လိမ့်မယ်”။ (အက္ကဗာနန်းရင်ပြင်တွင် ဘာသာပေါင်းစုံ နှီးနောဖလှယ်ပွဲကျင်းပပေးခဲ့သော အက္ကဗာမူဆလင် ဘုရင်ကြီး)။

အထက်ဖေါ်ပြပါ ကောက်နှုတ်ချက်စကားတွေကို ပြောကြားခဲ့တဲ့ ဒီဘုရင်နှစ်ပါးဟာ ကိုးကွယ်တဲ့ ဘာသာတရားတွေ မတူကြပါဘူး၊ တစ်ပါးက ဗုဒ္ဓဘာသာကို ကိုးကွယ်ပြီး၊ တစ်ပါးက မူဆလင်ဘာသာကို ကိုးကွယ်ကြတာပါ။ သို့သော်လည်း သူတို့ သဘောထားတွေကို ကြည့်ခြင်းအားဖြင့် အချင်းချင်း လေးလေးစားစား အတူယှဉ်တွဲနေနိုင်ရေးကို အထူးလိုလားကြတယ်ဆိုတာ သိသာထင်ရှားလှပါတယ်။

ဦးဇင်းတို့ မြန်မာနိုင်ငံကတော့ ဘာသာတရားတွေ အချင်းချင်း မတဲ့အောင်၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ မတည့်အောင် ပုံစံ အမျိုးမျိုးနဲ့ မီးမွေးနေကြတာပါ။ အာဏာရှင်တွေဟာ သူတို့ နိုင်ငံရေးအကြပ်တည်းဖြစ်တိုင်း မူဆလင်ဘာသာဝင်တွေ ခရစ်ယာန်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကို ရန်တိုက်ပေးတာပါ။ ဒါကို ထွက်ပေါက်အနေနဲ့ အာဏာရှင်တွေက လက်နှက်တစ်ခုသဖွယ် အသုံးပြုတတ်ပါတယ်။ အာဏာရှင်တွေက လူမျိုးရေး အဓိကရုဏ်း၊ ဘာသာရေးအဓိကရုဏ်းဖြစ်အောင် ပိုဖန်တီးလေ့ ရှိပါတယ်။

မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာကို အထူးဝိသေသပြုထားတာတောင်မှ နိုင်ငံတော်သံဃာ့မဟာနာယကလို အဖွဲ့မျိုးတွေဖွဲ့ပြီး သံဃာတော်အချင်းချင်း ဖိနှိပ်ချုပ်ချယ်ခိုင်းထားတာပါ၊ ယနေ့ သံဃာတွေ တိုင်းတပါးမှာ ထွက်ပြေးနေရတာတွေ၊ ထောင်တွေမှာ အကျဉ်းကျနေတာတွေ၊ ရဲဘက် အလုပ်စခန်းတွေမှာ အနှိက်စက်ခံနေရတာတွေ၊ အလုပ်ကြမ်းတွေ လုပ်နေရတာတွေ၊ စစ်ကြောရေးတွေမှာ လူမဆန်စွာ စနစ်တကျ နှိပ်စက်ခံနေတာတွေကို နိုင်ငံတော်သံဃာ့မဟာနာယကတွေ မသိဘဲ မရှိပါဘူး။ သိသိကြီးနဲ့ နှုတ်ငုံပိတ်နေတဲ့အပြင် အာဏာရှင်အလိုကျအောင်တောင် သံဃာတွေကို ဖိနှိပ်ချူပ်ချယ်နေတဲ့ သံဃာ့အာဏာရှင်အသွင်တောင် ပိုဖြစ်ပြနေပါတယ်။

အာဏာရူးအုပ်ချုပ်သူတွေရဲ့ အာဏာတည်မြဲရေးအတွက် ဖွဲ့ခဲ့တဲ့ မဟာသံဃာ့ အဖွဲ့စည်းကြီးဆိုတာ ဒီနေ့ သာမန်လူတွေတောင် နားလည်လာပါပြီ။ သံဃာထုရဲ့ ဘ၀တွေကို ဘာလုံခြုံမှုမှ မပေးနိုင်တော့ဘူး ဆိုတာလည်း သိလာပါပြီ။ နယ်က တောက အဖိုးအဖွားတွေအတွက် မြို့ပေါ်တတ် စာသင်နေတဲ့ ကိုယ့်ရဲ့မြေး ကိုရင်၊ ဦးဇင်းတွေ အန္တရာယ်ဖြစ်မှာ စိတ်မချရတဲ့ အနေအထားမှာ ရောက်နေပါပြီ။

အာဏာရူးတွေ မတရားအုပ်ချုပ်လာနေတဲ့ကာလတစ်လျှောက် မြန်မာနိုင်ငံသမိုင်းမှာ အာဏာရှင် မဆလ န၀တ နအဖတွ အကွက်ဆင် ဖန်တီးခဲ့လို့ တရုတ် - ဗမာ အဓိကရုဏ်းဖြစ်ကြလို့၊ ကုလား - ဗမာ အဓိကရုဏ်းဖြစ်ကြလို့ ပြည်သူတွေအချင်းချင်း သေကြေပျက်စီးခဲ့ရတာတွေ သာဓက ရှိပါတယ်။

အာဏာရူးတွေဟာ ဘာသာခြား လူမျိုးခြားအချင်းချင်း သွေးခွဲလှုံ့ဆော် ပြဿနာဖြစ်အောင် လုပ်ရုံမက ဘာသာတူ လူမျိုးတူအချင်းချင်းလည်း တစ်ဦးနဲ့ တစ်ဦး ယုံကြည်မှုနည်းအောင် ပဋိပက္ခဖြစ်အောင် ယုတ်မာစွာ လုပ်ဆောင်တယ်ဆိုတာ ယနေ့  ပြည်သူတွေ သတိမူ ဂရုစိုက်ကြဖို့ လိုပါတယ်။ မူဆလင်နဲ့ ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာဝင်တွေ အချင်းချင်းကြားထဲ လုပ်ကြံသွေးထိုး ပြည်သူတွေအနေနဲ့ အာဏာရူးတွေ ဆင်တဲ့ ထောင်ချောက်အကွက်ထဲ မ၀င်သွားအောင် တစ်ဦးချင်းစီတိုင်းက သတိ အတော့်ကို ထားရမှာပါ။

ဘယ်သူဘယ်ဝါ ဘယ်ကမှန်းမသိဘဲ မိမိဘာသာ မိမိလူမျိုးကို ဆန့်ကျင်စော်ကားတဲ့ အပြောတွေ စာတွေ ကြားရ မြင်ရ ဖတ်ရတာနဲ့ ချက်ချင်း ခံစားမှုတွေပေါ်လာပြီး အလျင်စလို တုန့်ပြန်မိတာတွေဟာ အာဏာရူးတွေ ဆင်ထားတဲ့ ထောင်ချောက်အကွက်ထဲ အလွယ်တကူ ၀င်သွားမှာ ဖြစ်ပါတယ်။ ဒီလိုမဖြစ်ရလေအောင် သတိထားဖို့ကတော့ ဒီလိုစော်ကားဆန့်ကျင်ပြောဆိုရေးသားသူတွေရဲ့ အပြောတွေ အရေးသားတွေကို ကြားရမြင်ရတဲ့အခါမှာ စိတ်ကို တည်ငြိမ်အောင်ထားပြီး ဒီလိုအပြောအဆိုအရေးအသားတွေ စတင်လာခဲ့တဲ့ မူလဇစ်မြစ်ကို စုံစမ်းရှာဖွေဖေါ်ထုတ်ရမှာ ဖြစ်ပါတယ်။ လူမှုရေးမှာ ဘာသာရေးမှာ ဦးဆောင်သူတွေ အနေနဲ့ လည်း ဒီလိုကိစ္စမျိုးတွေမှာ မိမိတို့ လူမျိုး ဘာသာဝင်တွေကို စိတ်လိုက်မာန်ပါ မပြောဆိုကြဖို့ မလုပ်ကြဖို့ ထိန်းသိမ်းရင်း ပြဿနာရင်းမြစ်ကို ရှာဖွေပြီး လုပ်ကြံဖန်တီးမှုတွေကို ဖေါ်ထုတ်ကြရမှာပါ။

ဘာသာတရားတွေကို ဆန့်ကျင်စော်ကားတဲ့ ရေးသားမှုတွေ ရုတ်ချည်းပေါ်ထွက်လာတာဟာ မသင်္ကာဖွယ်ဆိုတာ သတိထားကြရပါမယ်။ ဘာသာရေး လူမျိုးရေးပဋိပက္ခ ဖြစ်အောင် ဖန်တီးတဲ့နေရာမှာ ဖန်တီးကြသူတွေဟာ သူတို့အချင်းချင်း လက်ဝါးချင်းရိုက်ထားလေ့ ရှိပါတယ်။ ဒါဟာ သာမန်လိမ်လည်မှုတွေမှာ တွေ့ ရတဲ့ပုံစံနဲ့လည်း တူပါတယ်။ တစ်ဦးက ဆန့်ကျင်ဘက်စကားပြောမယ် နောက် သူတို့လူ တစ်ဦးက ပြန်ပြီးတုန့်ပြန်ပြမယ်၊ ဒီလိုနဲ့ ကျန်တဲ့ သတိမထားမိသူတွေ ခံစားမှုပြင်းတဲ့သူတွေ ပါလာအောင် ဆွဲခေါ်ပါတော့တယ်။ ဒီအတွက် သာမန် ခံစားမှုနဲ့ပြောသူတွေပါ တဖြည်းဖြည်းနဲ့ များလာပြီး ကြီးမားတဲ့ အခြေအတင်စကားများရာကနေ နောက်ဆုံး အုပ်စုလိုက် ကိုယ်ထိလက်ရောက် ရိုက်ကြပုတ်ကြ သတ်ကြဖြတ်ကြတဲ့ ဘာသာရေး လူမျိုးရေးအဓိကရုဏ်းတွေ ဖြစ်ပေါ်လာပါတော့တယ်။

ဘာသာရေးဆန့်ကျင်စော်ကားမှုတွေကို ရေးသားမှုဟာ ပြဿနာဖန်တီးလိုသူတွေအတွက် အလွယ်တကူနေရာဖြစ်နေလို့ ဖတ်တဲ့သူတွေက ပိုသတိထားရပါမယ်။ မူလရေးသားသူ ဘယ်သူဘယ်ဝါဆိုတာ ထုတ်ဖေါ်သိရှိဖို့ ခက်ခဲသလိုဈ ဒီရေးသားမှုဟာ အလွယ်တကူ ပြန့်နှံ့ နိုင်ပါတယ်။ ဒီအတွက် ဖတ်မိသူတွေဟာ ကိုယ်ကိုတိုင်က ဒီလို ပြဿနာစာတွေ အရေးအသားတွေကို ထပ်မံဖြန့်ဖြူးပေးနေသလို ဖြစ်မှန်းမသိ ဖြစ်၊ ဆင်ထားတဲ့ပြဿနာထဲ ကိုယ်ကိုတိုင် ပါဝင်လို့ ပါဝင်မှန်း မသိနဲ့ ဖြစ်သွားနေတယ်ဆိုတာ သတိထားကြဖို့ သင့်ပါတယ်။

ထို့အတူ အထက်မှာ ဖေါ်ပြရေးသားချက်ပါ သတိမူ ဂရုစိုက်ကြရမယ့် အာဏာရူးတွေရဲ့ ပြည်သူတွေအပေါ် နိုင်ငံရေးအဖြစ်အပျက်တွေကနေ အာရုံလွှဲရအောင်၊ ပြည်သူအချင်းချင်း အဖွဲ့ အစုအချင်းချင်း လူမျိုးအချင်းချင်း ဘာသာတရားတွေ အချင်းချင်း သွေးထိုးဖန်တီး အကွက်ဆင်ထောက်ချောက်လုပ်တာတွေကို မည်သို့သော ဆန့်ကျင်ပြောဆိုမှု ရေးသားမှုကိုမဆို မစုံစမ်း မလေ့လာ ရင်းမြစ်ကို မရှာ အခြအနေအချိန်ကာလကို မကြည့်ဘဲ မိမိတို့ရဲ့ ပကတိရိုးသားသော ခံစားမှုများဖြင့် လျင်မြန်စွာ တုန့်ပြန်ကြမယ် ဒီလို ဘသာသာတရားစော်ကားမှု လူမျိုးရေးစော်ကားမှုတွကို အခြားသူ သိစေလိုတဲ့ စေတနာအရိုးခံနဲ့ ဖြန့်ပေးကြမယ်ဆိုရင် အမှိုက် စ ပြသာဒ်မီးလောင်ဆိုတာလို လူမျိုးရေး အဓိကရုဏ်းကြီးတွေအထိ ဦးတည်သွားနိုင်မယ့် လမ်းကြောင်းထဲ မိမိကိုယ်တိုင် ပါမှန်းမသိ ပါသွားနိုင်တာကို၊ လုပ်ကြံဖန်တီးသူတွေ အကွက်ဆင်တဲ့ထဲ ၀င်သွားမှန်းမသိ ၀င်သွားနိုင်တာကို အထူးသတိထားကြပါလို့ ပြည်သူများအကျိုးကို ရှေ့ ထားပြီး မေတ္တာရပ်ခံလိုပါတယ်။

မြန်မာနိုင်ငံမှာ အာဏာရူးတွေ အုပ်ချုပ်နေစဉ်အတွင်းမှာ ပြည်သူတွေအနေနဲ့ ဘာသာမတူ လူမျိုးမတူပေမယ့် တစ်နိုင်ငံထဲနေ တစ်ရေထဲသောက်ပြီး မိမိတို့ ချစ်မြတ်နိုးတဲ့ မြန်မာနိုင်ကြီးအတွက် အချင်းချင်း ပဋိပက္ခ မဖြစ်ရကြလေအောင် အစစအရာရာမှာ ဆင်ခြင်သတိနဲ့ ပိုမို လက်တွဲစည်းလုံးကြဖို့၊ ဘာသာရေးအဓိကရုဏ် ဖြစ်နိုင်မယ့် လူမျိုးရေးအဓိကရုဏ်းဖြစ်နိုင်မယ့် မင်္သကာဖွယ်ဖန်တီးမှုများကို ကာကွယ်တွန်းလှန်ကြဖို့ ဖန်တီးသူ တွေကို ရှာဖွေဖေါ်ထုတ်ကြဖို့ အလွန်ပင်အရေးကြီးလှပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။

အရှင်ရာဟုလာ (မစိုးရိမ်)

No comments:

Post a Comment