Showing posts with label (ရင်တွင်းဖြစ်). Show all posts
Showing posts with label (ရင်တွင်းဖြစ်). Show all posts

Monday, 13 October 2014

သတင်းများရောက်တဲ့နေရာမှ စတင်ပါမည်.။

အစဉ်လာရှိစွာနဲ့ မင်္ဂလာနံနက်ခင်းပါလို့ နှုတ်ဆက်ပါတယ်။
တင်္နလာနေ့ မှာ မိတ်ဆွေ များစိတ်ချမ်းသာကိုယ်ကျမ်းမာပါစေ
ဖတ်ခဲ့ရတဲ့ သတင်းများမျဝေပေးချင်ပါတယ်။
မိတ်ဆွေများသူတော်ကောင်းတရား ကိုယ်စီသုံးလို့ ဘ၀င်နှလုံး ရွှင်ပြုံးနိုင်ကြပါစေ
ဝမ်းသာစရာကတော့ကျနော့်အတွက်ပါ
ဘာလို့ လဲဆိုတော့ အချိန်ကြာမြှင့်စွာ အတိုက်ခိုက်ခံထားရခဲ့တဲ့ ကျနော်မူရင်း ဘလော့ စာမျက်နှာပြန်ရလာပါတယ်။
ဒါကြောင့် ဘလော့စာမျက်နှာမှာလဲ သတင်းတွေဖော်ပြဖို့ စတင်ဖတ်ခွင့်ရတော့မှာပါ။
အခုတော်က ဖေ့ဘုတ်ခေတ်ဆိုတော့ ဘလော့ကိုစာလာဖတ်သူတွေနည်းပါးကြပါတယ်။
ဒါကြောင့် ဖေ့ဘုတ်တလှည့် ဘလော့တခါ တင်ဖို့ ကြိုးစားသွားချင်ပါတယ်။
ကျနော့်ရဲ ဖေ့ဘုတ်စာမျက်နှာမှာလည်းသတင်းတွေမတင်အားခဲ့ပါဘူး။
တင်နိုင်အောင်လို့ကြိုးစားချင်သော်လည်း
သိသလောက်တော့အချိန်ယူပြီးတင်ဆက်သွားပါ့မယ်.
တကယ်လို့ မအားခဲ့ရင်တော့ ဖေ့ဘုတ်မှာဘဲ ရှိနေမှာပါ။
အားပေးကြတဲ့သူများ အထူးကျေးဇူးတင်ပါတယ်။
လေးစားလျှက်
13.10.2014

Friday, 15 November 2013

မြင့်‌မြတ်‌တဲ့နှလုံသားပိုင်‌ရှင်‌




လူတိုင်းလူတိုင်းမှာ ကိုယ်‌ချင်းစာစိတ်‌‌လေး‌တွေ ကိုယ်‌စီကိုယ်‌စီ ရှိ‌နေကြပြီဆိုရင်‌‌ သိပ်ကောင်းမှာဘဲ
ဘယ်သူဘယ်ဝါဘဲ ဖြစ်စေ ပေါ့
ဒီလိုပုံလေး က သိပ်စကားပြောခဲ့ပါတယ်။
.မြင့်‌မြတ်‌ပါတယ်‌ဆိုတဲ့ လူသား‌တွေ ဟာ စိတ်‌ဓာတ်‌‌တွေကမြင့်မြင့်မားမားထားတတ်ကြရပါတယ်။
အသားဖြူတာ ၊ အသားမည်းတာ ၊ ရုပ်‌‌ချောတာ ၊ ရုပ်‌ဆိုးတာ ၊ကြီးတာ ၊ငယ်‌တာ ၊ချမ်းသာတာ ၊ဆင်းရဲတာ စသဖြင့်‌ ကွဲပြား‌နေကြ‌ပေမယ့်‌ နောက်ဆုံးကြတော့လူဟာလူပါပဲမဟုတ်ပါလား။

ကိုယ့်စိတ်ကိုချမ်းသာအောင်မထားတက်သေးရင် ဘွဲ့ထူးဂုဏ်ထူးတွေဘယ်လောက်ရရ ဘာပညာမှမရှိသေးဘူးလို့မှတ်လိုက်ပါ။

Monday, 11 November 2013

သူလိုလူ ဇဗ္ဗူမှာ ရှိပါသေးတယ်။

  ကိုနေမျိုးဇင်ရဲ့ ယနေ့  ပုံရိပ်တစ်ခုပါ။ တော်လှန်ရေး ရဲဘော်ဘော်ဟောင်း ဦးလှကြိုင် ကိုလှူတဲ့ ကိစ္စပါ။ မြန်မာပြည်ကြီးထဲက ငါတို့ တပ်မတော်မှာ သူလိုလူမျိုးရှိခဲ့တယ်ဆိုတာ မျိုး ထပ်ပေါ်ထွက်ခဲ့ရင် သိပ်ကောင်းမှာဘဲ ကိုနေမျိုးဇင်ဟာ ငယ်စဉ်ကတည်းက ထူးချွန်ထက်မြက်ခဲ့ပြီး လူကြီးတွေကစိတ်ချလက်ချရှိတဲ့အထိ ထူးချွန်ထက်မြက်ခဲ့သူတစ်ဦးပါ။


Sunday, 27 October 2013

စစ်သားကြီးတွေကိုင်တဲ့ လက်နက်ကြားထဲမှ ဒေါ်အောင်ဆန်းစုကြည်

ပြည်သူတွေမြတ်နိုးဂုဏ်ယူရတဲ့စစ်တပ် ဖြစ်ဖို့ဒေါ်စုလိုလားတယ်ဆိုတာ အားလုံကိုအသိပေးပြီး ဖြစ်ပါ တယ်။ 
ဓာတ်ပုံ- ကိုစိုးဝင်း

မြန်မာနိုင်ငံမှာ ပြည်သူလူထုက ချစ်ခင်မြတ်နိုးပြီးတော့ ဂုဏ်ယူတဲ့ စစ်တပ်မျိုး ရှိစေချင်တယ်လို့ 
ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတာဟာ အမျိုးသားရေးစိတ်ဓါတ်ကြီးမားတဲ့ မြန်မာ့ အမျိုးသားရေး
ခေါင်းဆောင်ဆိုတာ အားလုံးကို ကမ္ဘာကြီးကို ယနေ့ သိစေခဲ့တာပါဘဲ .။ 

Monday, 14 October 2013

ကြားချင်ရင် နားဆင်ကြည့်ပါ


ကြားချင်ရင် နားဆင်ကြည့်ပါ

လောကကြီးကိုမတွေဝေနဲ့ 
နေပြည်တော်ကြီးမှာထီမထိုးနဲ့ 
သာသနာတော်ကိုမစော်ကားနဲ့ 
သမ္မတကိုလည်း မပြစ်မှားနဲ့
ဦးရွှေမန်းကိုလည်း မရှုတ်ချနဲ့ 
ထင်တိုင်းလဲမပြောပါနဲ့ 
ကြင်တိုင်းလည်း ၀မ်းမနည်းစေလိုပါ
မေမေစုကိုလည်းအားပေးပါ
ဘုန်းကြီးတွေလည်း သူ့ ဟာသူနေပါစေ
နိုင်ငံရေးဟာ သန်းခေါင်ထက်ညဥ့်မနက်ဘူး
ခေတ်တိုင်းစနစ်တိုင်းမှာအရာရာဟာ
ယနေ့ အထိ ဗုံးတွေ အောက်လုံးတွေနဲ့  ရှုပ်ထွေးလွန်းတယ်....

ဟိုး...မိုးပြာအောက်က လယ်ကွင်းထဲကို
စိတ်ကလေးတစ်ခုနဲ့ ခဏသွားကြည့်
လရောင်အောက်မှာ အသံမပါတဲ့ဖလင်တွေက
နေ့ စဉ် ဖေ့ဘုတ်ကြီးထဲမှာ သူ့ ထက်ငါ မင်းမူနေကြသလို
တွေးကြည့်ရင်ပြေးကြည့်တာထက်မှန်လေမလား

လွှတ်တော်ကြီးထဲမှာ ကာလာတွေချယ်နေကြလို့ 
2015 ဟာ စိတ်ရောင်စုံတစ်ခုနဲ့ 
ရိုးသားစွာ မုသားမပါဘဲေ၇ွးကောက်ပေးရင်
ကျနော်ပြောသလို 
နေရာတကာမှာ အမြှော်အမြင်ကောင်းတဲ့
တော်ဝင်မေမေဟာ 
အရာခပ်သိမ်းအားလုံးကို
ဒိုင်ပွဲရပ်နဲ့ 
အနိုင်ယူသွားလိမ့်မယ်..။ ။


လေးစားလျက်
ကိုထွန်းဝေ
14..11.2013

ဓါတ်ပုံ Soe Min Myat

Monday, 15 July 2013

နှလုံးသားရှိသူတိုင်းခံစားတတ်ရမယ်



အလှမ်းကြွယ်တဲ့ ခြေလှမ်းများနဲ့ 

The Lady ထဲက မင်းသမီးနဲ့ 

အတူရှိနေတဲ့အချိန်လေးတွေ

ပြန်လည်တမ်းတမိတိုင်း

အတွေးကမ္ဘာထဲမှာကြွယ်

Monday, 8 July 2013

ရွှေ သံမဏိစိတ်ဓါတ်ပိုင်ရှင်သားအဖ



အချိန်ကအတော်ကြာခဲ့ပေမယ့် မတော်မတရားတွေ အနိုင်ကျင့်ခံရခဲ့တဲ့ အချိန်မို့ လို့  ဒီလိုတော်ဝင်မိသားစုလေးရဲ့ ပုံတွေက အခုအချိန်မှာ ရွှေလိုရှားနေပြီပေါ့။လူတိုင်းလူတိုင်းဟာမိမိမိသားစုလေးနဲ့ ဘဲ နေလိုကြတာဓမ္မတာဘဲဖြစ်ပါတယ်။ဒီလို သားအဖရဲ့  သံမဏိစိတ်ဓါတ်ပိုင်ရှင်နေမ၀င်တော့မယ့် စိတ်ဓါတ်ပိုင်ရှင်တွေက ကမ္ဘာမှာရှားမှရှားပါဘဲနော့။ ဗိုလ်ချုပ်ဆိုတာ တပ်မတော်ရဲ့ အမိ အဖတစ်ဦးပါ။သူတို့ သားအဖရဲ့ နေမ၀င်အင်ပါယာစိတ်ထားတွေက ဘယ်မှာမှရှာမရဘူးဆိုတာ မိတ်ဆွေတွေသိထားစေချင်ပါတယ်။အခုတော့ဖခင်ဗိုလ်ချုပ်ဦးအာင်ဆန်းမရှိပေမယ့် သမီးရှိနေသေးတာဘဲ။ ဒီလိုတော်ဝင်အမေကိုဝိုင်းရံကြရမှာ အတွေးမမှားစေချင်ဘူးကိုယ့်လူတို့ ရေ.။မေမေစုကတော့ ဘယ်နေရာ ဘယ်အရပ်ရောက်ရောက်ပန်းပန် နေအုံးမှာဘဲ ။ဘယ်လိုဘဲ မီဒီယာမှာ တိုက်ကြခိုက်ကြပါစေ ဘာမှမှုစရာမရှိပါဘူး.။ကမ္ဘာသိ မြန်မာတွသိ လူသိ နတ် တွေသိတဲ့ သူတော်ကောင်းတွေသိတဲ့ ပင်တိုင်စံ ဂန္တ၀င်ထဲက အမေစုလို ကိုယ်ကျင့်တရားမြင့်မြတ်တဲ့ ခေါင်းဆောင်ကောင်းအရည်အသွေး မြှင့်တဲ့ တော်ဝင်သဇင်ပန်း ဒီရွှေ မိသားစုလေး ကတော့ ပြည်သူတွေရင်ထဲမှာအစဉ်အမြဲ ရင်ထဲမှာ အချိန်တိုင်းအမြဲဆိုသလိုဖူးပွင့်ဝေဆာနေအုံးမှာအသေချာလို့ ဆိုရဲပါတယ်။ကျနော်ယုံအောင်မရေးတတ်ပါဘူး လွမ်းအောင်တော့ ချွဲပြပါ့မယ်.။ဘာဘဲဖြစ်ဖြစ်ပေါ့နော် အမေစု ကို ၀ိုင်းရံကြပါ" လို. တစာစာအော်ပြီး အမေ. ရင်ဘက်ကို ၀ိုင်းကန်ကြတဲ. အဖြစ်တော. မလုပ်ကြစေချင်ပါ အမေက NLDပါတီတစ်ခုထဲအားကိုယ်စားပြုနေသောသူမဟုတ်ရပါဘူးဗျာတကမ္ဘာလုံးနဲ့ သက်ဆိုင်နေတဲ့သူ မြန်မာနိုင်ငံသားတို့ ရဲ့  မျှော်လင်ခြင်းရှင်သန်ခြင်း ရောင်ခြည်အမေပါဗျ. ဒီလိုမျိုးပြည့်စုံတဲ့တော်ဝင်မိသားစု ပုံလေးအောက်မှာ ကောင်းမွန်တဲ့ စာညွှန်းလေးပေးစေ့ချင်ပါတယ်

ကိုထွန်းဝေ
7.7.2013
လေးစားစွာမျှဝေပါတယ်...

Wednesday, 3 July 2013

ရွှေပြည်ထုကြီုးရဲ့ တော်ဝင်စုဇာနည်





ရွှေပြည်ထုကြီုးရဲ့ တော်ဝင်စုဇာနည်


အရောင်တလက်လက်
အလင်းဘ၀  သူ့ ဆန္ဒ
နေရာတိုင်းမှာပထမ
အောင်ဆန်းဟေ့ စုကြည်။

ရွှေပြည်ထုကြီုးရဲ့
တော်ဝင်စုဇာနည်
အကြိုက်လေးရေးလိုက်ရရင်
အောင်အတိတ်အောင်နမိတ်
အောင်ခြေလှမ်းနှင့်
ဆန်းသမျှအတည်ပြု
ဖအေ့သွေးဟာ နီနီရဲပါလို့၊
ပြည့်အရေးမှာ ညီညီဇွဲနဲ့၊
တည်ကြည်ဆဲဟေ့ ဘာမထီ၊
ဗမာပြည်ရဲ့ ခေါင်းဆောင်ကောင်း။

Monday, 1 July 2013

အချိန်တိုင်း ရွှေထီးဆောင်းနေတုံး ယုံလိုက်ပါ



အမေက ပန်းပန်လျက်ပါ
အမေ မအိုသေးပါဘူး
ဘာသာရေးလား ရခိုင်ကိစ္စလား
မတ္ထီလာကော ပြီးသွားလား
ဗုံးတွေခွဲအုံးမလား ဗုံးတွေကြဲအုံးမလား
Time မဂ္ဂင်းကြီး အကြောင်းလေ
ဆန္ဒတွေ ပြကုန်ပြီတဲ့ မေမေစုဘာမှဝင်မပြောလို့ ဖြစ်တာတဲ့
အမျိုးစောင့်ဥပဒေတဲ့ လာပြန်ပြီ မရိုးစေရဘူး
သံတွဲမှာ ညမထွက်ရ ၁၄၄ ထုတ်လို့ တဲ့ 
စတေးတပ်တွေလဲ ကပ်လို့ ကပ်လို့ 
ပလံပြူ ပလူပျံ စည်စည်ကားကားအလှူအိမ်တဲ့အလား
နောက်အသစ်က ဘာတုံးကွဲ့ 

Thursday, 20 June 2013

မြန်မာပြည်ကို ကမ္ဘာ့အလယ်မှာထည်ဝါ၀ံ့ထယ်စေခဲ့သူ...

မြန်မာပြည်ကို ကမ္ဘာ့အလယ်မှာထည်ဝါ၀ံ့ထယ်စေခဲ့သူ...
မြန်မာနိုင်ငံမှာ ဒီမိုကရေစီအခွင့်အရေး ရရှိအောင် ပေးဆပ်မှုများစွာဖြင့် ငြိမ်းချမ်းစွာတိုက်ပွဲ ၀င်စေခဲ့သူ...

ကျနော်တို့မြန်မာနိုင်ငံသားအားလုံးရဲ့ ခေါင်ဆောင်သမိုင်းဝင် တဲ့
ဒို့နိုင် ငံရဲ့ ကျေးဇူးရှင်အမေ
ဒေါ်အောင်ဆန်းစုကြည်၏ ၆၈နှစ် မွေးနေ့ ဖြစ်ပါတယ်။
လူသားအားလုံးရဲ့  ရင်ထဲက ကြီးမားတဲ့ မေတ္တာကိုပိုင်ဆိုင်ထားတဲ့ ကျနော်တို့ အမေစုရဲ့ ၆၈ နှစ်မွေးနေ့ မှသည် နောက်နှစ်ပေါင်းများစွာ တိုင်သည့်အောင် တိုင်းပြည်အကျိုး သာသနာအကျိုး ၊ လူမျိုးအကျိုး ဒီထက်ပိုလို ပို လို့  စွမ်းစွမ်းတမံ လှိုက်လှိုက်လှဲလှဲ ဆောင်ရွက်နိုင်ပါစေ လို့ မေတ္တာပို့ ပါတယ်အမေ။

မေမေစုဟာ ကျနော်တို့ အားလုံးအတွက် အလင်းရောင်ပါ။ ခိုကိုးရာပါ.။တိုင်းပြည်ရဲ့ မာတာမိခင်ပါ။မြန်မာပြည်ရဲ့  အလင်းရောင်မျှော်လင့်ချက် ရောင်နီဦးပါ။ မြန်မာဟူသော ဂုဏ်သိက္ခာအတွက် အားထားရာ ခိုကိုးရာပါအမေ။

ကိုထွန်းဝေ
လေးစားစွာမျှဝေပါတယ်။
19.6.2013

ချစ်မေမေမွေးနေ့မှာကျန်းမာပျော်ရွင်နိုင်ပါစေ

Friday, 14 June 2013

ကျမတို့ နှင့် Facebook




ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို အရမ်းချစ်ပါတယ်ဆိုတဲ့ မြန်မာလူမျိုးတွေကို ကျမစေတနာနဲ့ အကောင်းဆုံး အကြံပေးချင်တာကတော့ လက်တွေ့ဘာမှမလုပ်ဘဲ Facebook ပေါ်ကနေ သူများတွေကို ဝေဖန် ပုတ်ခတ် မြှောက်ထိုး ပင့်ကော် သွေးထိုးတာတွေ လုပ်နေကြမဲ့ အစား အခုမိုးရာသီမှာ နိုင်သလောက် သစ်ပင်လေးတွေ စိုက်ပေးကြပါလားလို့။ 


Saturday, 8 June 2013

ပန်းပန်နေလျက်ဘဲ


ပန်းပန်နေလျက်ဘဲ
************


အပြုံးပန်းမှီတဲ့ ငွေပန်းချီ

အမေ့ မျက်နှာရွှင်လန်းသည်

နေပြည်တော်မှာယှဉ်ကာပြော

ပန်းပန်လျက်ဘဲနော်

Sunday, 2 June 2013

ပုဇွန်ဆိတ်ကလေး ဘယ်လိုငယ် ပင်လယ် ကူးတတ်တယ်




အခုတလော  အားလည်းမအား၊ အလုပ်လဲ များတယ်။စာလဲမရေးဖြစ်ပါ။သတင်းတွေချည်းဘဲ  အလျင်မီအောင်တင်ပေးနေရပါတယ်။

ဘူးသီးတောင် မောင်းတောဘက်မှာ ရခိုင်ပြည်နယ်အစိုးရက ဘင်္ဂါလီလူဦးရေ အဆမတန် တိုးပွားမှုနှုန်း လျော့ချဖို့ သူ့ ဒေသနဲ့လျော်ညီတဲ့ စည်းမျဉ်းအမိန့်ထုတ်ပြန်တာကို ဒါဟာ လူ့အခွင့်အရေးနဲ့ မညီဘူဆိုပြီး သူ ကန့်ကွက်ခဲ့တယ်။

သူ ဟာ သာမန်လူမဟုတ်ဘူး။ ရဟန်းရှင်လူ ပြည်သူတို့ရဲ့ အသဲနှလုံး။ အာဇာနည်ခေါင်းဆောင်ရဲ့သမီး။ သူ့စကားလုံးတွေ က ကမ္ဘာ့ မီဒီယာပေါ်မှာ သိပ်လှတဲ့ သိပ်ခေတ်စားတဲ့ စကားလုံး။ သို့သော် ဒို့များ မြန်မာများ ရင်ထဲမှာတော့ ခါးသီးလွန်း ပါ တယ်။

ဂရိအတွေးအခေါ် ဒဿနပညာရှင် အရစ္စတိုတယ်ပြောတဲ့ စကားတစ်လုံးကို ဒီနေရာမှာ ခဏ အငှားသုံးပါရစေ၊

“ အကျွန်ုပ်ဟာ မိဘများကို ချစ်ပါတယ်။ မိဘထက် အမှန်တရားကို ပိုချစ်တယ်” တဲ့။

အကျွန်ုပ်လည်း သူ့ကို အလွန် လေးစားပါတယ်။ ဒါပေမဲ့ သူ့ထက် အမျိုးကို ပိုချစ်ပါတယ်.။
ပြောချင်လိုက်တာ  အမေရေ

အမေ့ ထမိန်စ လေး လောက် ကျေးဇူးတရားကို သိဖို့ အတွက် အမေ့ကို  အတင်းပြောနေတဲ့ ဘသား ယောက်ျားလေးတွေအတွက် ရေးမိပြန်တယ် အမေရေ။


မြန်မာပြည်မှာ လူသန်းခြောက်ဆယ်အတွက် ဘဝတစ်ခုလုံးနဲ့ ပေးဆပ်ထားတဲ့
အမေပါလား။

မြန်မာပြည်မှာ လူသန်းခြောက်ဆယ်အတွက် ဘဝတစ်ခုလုံးနဲ့ ပေးဆပ်ထားတဲ့ ငါ တို့ “အမေ” ရှိတယ်လို့ ကျွန်တော် ခေါင်းကို မော့ထားလိုက်တယ်။

နှစ်ပေါင်း နှစ်ဆယ်ကျော် အမေဖြတ်သန်းခဲ့တဲ့ ခရီးလမ်းမှာ အွန်လိုင်းပေါ်မှာ ပေါက်ပန်းဆေးရေးတတ်တဲ့သူတွေကြောင့် အမေ စိတ်ပျက်မယ်မထင်ပါ။

နှလုံးသားဖြူစင်တဲ့ အမေကြောင့်

ဒါပေမယ့် ခု ဒီလမ်းကိုယုံကြည်စွာ လှမ်းလာသူအားလုံးဘဲ
အမေ့ကျေးဇူးတွေကြောင့်  မာကြူလီ အလင်းတန်းအောက်က ရောင်ခြည်လေးဟာ အရောင်တွေတောက်ပခဲ့ရပြန်ပြီပေါ့။

နှစ်ပေါင်း နှစ်ဆယ်ကျော် အမေ စိုက်ပျိုးခဲ့တဲ့ ရွှေလမ်း ကလေးဟာ

ခေတ်စနစ်က ဆိုးဝါးခဲ့ပေမယ့် စိတ်မာတဲ့ အမေ စိတ်မပျက်ခဲ့ပါ

ဒါပေမယ့် ခု ဒီလမ်းဟာ အမေ့ရဲ့ မေတ္တာလမ်းမှာ

ရွှေကြာယံပုရပိုဏ်ထံမှာ ဖူးပွင့်ခဲ့ပြီအမေ။

စနစ်ဆိုးရဲ့  ဇာတ်လမ်းတွေထဲမှာ လူသားအားလုံးရဲ့ အမှန်တရားအတွက် ဘ၀နဲ့ ရင်းပြီး ပေးဆပ်ခဲ့တဲ့ အမေမို့ လို့ လည်း

အမေပေးတဲ့ ဒီအလင်းနဲ့ 
မြတ်ဗုဒ္ဓ အလိုတော်ကျ မေတ္တာတရားကအမေ့ ရဲ့ မေတ္တာလက်နက်ပါ လားလို့ 
ငြိမ်းချမ်းခြင်း အဓိပ္ပာယ်ကို အမေဟာ သားတို့ သိအောင် ပြောပြခဲ့ပြီ မဟုတ်ပါလား။


ထစ်ခနဲရှိ အမေစုကို ပြောချင်ကြတယ်။ ကျနော် တတ်နိုင်တဲ့ဘက်ကနေ သိသလောက် အသိပေးနေတာဖြစ်တယ်။ ဒါမျိုးစာ ကျနော် ရေးခဲ့ဖူးတယ်။

ဒေါက်တာ သန်းထွန်းရဲ့ စကားတစ်ခွန်းပေါ့။ သမိုင်းကို မသိရင် အ တယ် ဆိုတဲ့အတိုင်း ..ပေါ့လေ. နှစ် ၁၀၀ စာ သမိုင်း စာမျက်နှာတွေကို တရွက်ချင်းပြန်လှန်ဖတ်ပါ။

ပြီးရင် ကိုယ့်ကိုယ်ကိုယ် ပြန်မေး၊ ဘယ်အထဲ ပါနေသလဲလို့။

တယောက်ချင်းကို တခါးခေါက်ပြီး လိုက်ရှင်းစရာ မလိုဘူး ထင်တယ်။ ဒေါ်စုခြေဖ၀ါးအောက်က မြူမှုန်လေးဖြစ်ဖို့  သတိရ ဖူး ပါလား။

ကချင်ကိစ္စတို့  ရခိုင်ကိစ္စတို့ က မြန်မာပြည်ရဲ့ ထွက်ပေါက် မဟုတ်ဘူး ဒီအစိုးရရဲ့ လုပ်ဇာတ်သက်သက်ပါ။

အခု နေရာတိုင်းမှာ ကျနော်ကြည့်နေပါတယ်။

NLD ကို သိက္ခာချမယ်၊ မင်းကိုနိုင်ကို သိက္ခာ ချမယ်။ ဒေါ်အောင်ဆန်းစုကြည် ကို သိက္ခာချမယ်။ စစ်တပ်က နာမည် ကောင်း ယူမယ်။ မိမိဘယ်နေရာကပါနေလဲ သိတတ်ရင်ရှက်ဖို့ ကောင်းတယ်။ လောကကြီးက အောချရလေ မလား ဘဲ။

ဒါလေးဖတ်ပါ ရေးခဲ့ဘူးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အမိန့် ပေးလို့လည်း မရဘူး၊

ဒေါ်အောင်ဆန်းစုကြည်ကို မက်လုံးတွေပေးပြီး စည်းရုံးလို့လည်း မရဘူး။

ဒေါ်အောင်ဆန်းစုကြည်ကို စည်းစိမ် ဂုဏ်ပကာသနတွေ ဖောဖော ရာထူးတွေ အာဘင် ဂုဏ်တွေနဲ့လည်း စည်းရုံးမရဘူး၊

ဒါကြောင့် ဘယ်သူမဆို ရေးကြတာတွေဟာ အလဟဿမဖြစ်စေချင်ဘူး။


ဒေါ်အောင်ဆန်းစုကြည်က သူ့ အလုပ်သူ လုပ်နေတာဖြစ်တယ်။ စည်းရုံးပျက်ပြားအောင်လုပ်လို့ လဲမရဘူး။ ဘယ်သူမဆို ကိုယ့်ကိုကိုယ် အကောင်းပြောမယ်ဆိုရင်၊ ကိုယ့်ကို အားပေးကြမယ်ဆိုရင် လောကကြီးက ကျေနပ်စရာကြီးပါချည်း ပဲ

ဒါကြောင့် သတင်းတွေထဲမှာဖေ့ဘုတ်နဲ့ အခြားမီဒီယာသတင်းတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကပါဝါကြီးလို့  အောင်မြင် ကျော်ကြားလို့ ဒေါ်စုအမှားကိုလိုက်ယူပြီးဖွတတ်ကြတဲ့ သတင်းဌာနတွေက  မကောင်းကြံရေးနေကြတာဖြစ်တယ်။

ဒေါ်စုကို မလိုလားတဲ့ အစိုးရ ကြံ့ဖွတ်တွေက အထူးသဖြင့် ပြန်ကြားရေးက သူ့ တို့ ရဲ့ ဖေ့ဘုတ်မှာဆိုရင် အကောင့်အမျိုးမျိုး နဲ့ ဒုံးကျည်နဲ့ ပစ်သလိုမျိုးနဲ့ ထုတဲ့နည်းကို တနပ်စား ရေးနေကြ၊ သုံးနေကြ၊ တိုက်ခိုက်နေကြတာတာဖြစ်တယ်။

အမေစု အမေစုနဲ့ စွတ်စွတ်အော်နေသူတွေ၊ ဒေါ်အောင်ဆန်းစုကြည်ပုံကို လူမြင်သူမြင် မဖြစ်ဖြစ်အောင် ဖော်ပြနေကြတဲ့ သူ တွေက အများစုဖြစ်နေပါရောလားလို့  တွေးရခက်ကြီးဖြစ်နေပါတယ်။

ဒီဟာမျိုး တစ်ခုတည်းနဲ့ မြန်မာပြည်ကပြောင်းလဲတာမှ မဟုတ်တာ သေသေချာချာ နဖူးပေါ်လက်တင်ပြီး စဉ်းစားကြပေါ့။

ကျနော်ရေးရရင်အများသားဘဲဗျာ။ 

ဒေါ်စုနဲ့ အန်အယ်ဒီက  ဘယ်မှမရွေ့ပါကြောင်း။ ဒီအတိုင်းကြီး တည်ရှိနေပါကြောင်း၊၂၀၁၅ နီးလာတာနဲ့ အမျှ

ပေါက်ပန်းဆေး တွေ မြင်နေရအုံးမှာ နေရာ တကာမှာထပ်တွေ့ နေရအုံးမှာဘဲ။ ပုဇွန်ဆိတ်ကလေး ဘယ်လိုငယ် ပင်လယ် ကူးတတ်ပါသေးတယ်။

2.6.2013
ကိုထွန်းဝေ

ဓါတ်ပုံ
ပိုင်ရှင်အားခရက်ဒးစ်ပေးပါတယ်။
ယုံကြည်ပါတယ် ။

Tuesday, 28 May 2013

ကိုနေမျိုးဇင်ရဲ့ ရင်တွင်းစကား



လာမည့် ဇွန်လဆိုလျှင် နိုင်ငံသား တဦးဖြစ်သည့် ကျနော် နိုင်ငံကူးလက်မှတ် သက်တမ်းတိုး လျောက်ထားခဲ့သည်မှာ ( ၁) နှစ် ပြည့်တော့မည်ဖြစ်ပါသည်။ သတင်းစာ ဂျာနယ်များတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက တစ်ပတ် အတွင်း နိုင်ငံကူး လက်မှတ်များ ထုတ်ပေးနေပါကြောင်းနှင့် မည်သည့် အကြောင်းကြောင့်ဖြစ်စေ ကြန့်ကြာမှုများမဖြစ်ပေါ်ရန် စနစ်တကျ ဆောင်ရွက်နေကြောင်း စာလုံးကြီးခေါင်းစီးများဖြင့် ဆက်တိုက် ဆိုသလို ဖေါ်ပြနေကြပါသည်။

သို့ပေသော်လည်း ကျနော့်မှာတော့ ပတ်စ်ပို့ ရရှိဖို့ အရေး နိုင်ငံကူး လက်မှတ် သက်တမ်းတိုးမြင့်ခွင့် ရရှိဖို့ အရေး တနှစ်တာပတ်လုံး သည်းခံပြီး စောင့်ဆိုင်းခဲ့ပါသည်။ မနေ့က အထိ ဖုန်းဆက်သွယ် မေးမြန်းပါသည်။ ကျနော့် နိုင်ငံကူး လက်မှတ် သက်တမ်းတိုးခွင့်ရရှိရေး အတွက် အထက်သို့ တင်ပြ ထားပါသည် ဟု သာပြန်ကြားပါသည်။ မည်သည့် အထက် ဟုကား မသိပါ။

ဘာ ဥပဒေ ၊ ဘယ်လို ပုဒ်မတွေနဲ့ ညိစွန်းနေသဖြင့် မိမိကဲ့သို့ သော သာမန် နိုင်ငံသားတဦးကို ပတ်စပို့ အဘယ်ကြောင့် ထုတ် မပေးခြင်း ဖြစ်ပါသလဲ ဟု တာဝန်ရှိသော ရဲမှူးကြီးကို မေးမြန်းသော အခါ မည်သို့မျှ ဖြေကြားခြင်း မရှိခဲ့ပါ။

ကနေဒါ နှင့် အမေရိကန်မှ လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လိုသူ မြန်မာ့မိတ်ဆွေများက အလည်ဖိတ်ခေါ်ပြီး ကျေးလက် လူတန်းစား အများစု ဖွံ့ဖြိုးတိုးတက်ရေး အတွက် လက်တွဲဆောင်ရွက်ရန် ဆွေးနွေးစည်းဝေးခြင်းများ ပြုလုပ်မည်ဖြစ်သောကြောင့် ကျနော့်အား ဖိတ်ကြားသည်။ ကျနော့်တွင် နိုင်ငံကူး လက်မှတ် မရှိ။

သို့နှင့် မိမိမှာ အခြား ရွေးချယ်စရာ လမ်းမရှိဖြစ်နေရပါသည်။

နောက်ဆုံး အနေဖြင့် အကြောင်းပြချက် ခိုင်လုံစွာ ဖေါ်ပြနိုင်ခြင်း မရှိ၊ အခြေခံ ဥပဒေပါ ပြဌာန်းချက် များမှ ငြိစွန်းသော ပုဒ်မ အချက်အလက် အထောက်အထား ခိုင်မာစွာပြဆိုနိုင်ခြင်း မရှိပဲ သော်လည်းကောင်း၊ မိမိတို့ကဲ့သို့သော နိုင်ငံသား တဦးအား အကြောင်းပြချက် မပေးပဲ နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်း မပြုသည့် ကိစ္စအတွက် ၊ ဆုံးရှုံးနေသော နိုင်ငံသား အခွင့်အရေး အတွက် သော်လည်းကောင်း ရန်ကုန်မြို့ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး ရုံး အရှေ့တွင် တရားဝင် တကိုယ်တော် ဆန္ဒ ထုတ်ဖေါ်တောင်းဆိုရန် ကြိုးစားခြင်း အခွင့်အလမ်း တခုသာ ကျန်ရှိပါတော့ကြောင်း စဉ်းစားမိပါသည်။

ယခု ရက်ပိုင်းအတွင်း တာဝန်ရှိသူများဧ။် စေတနာထား တုန့်ပြန်မှုကို စောင့်ကြည့်ပြီး တကိုယ်တော် ဆန္ဒ ထုတ်ဖေါ်တောင်းဆိုခြင်း အစီအစဉ်ကို လုပ်သင့် မသင့် ဆုံးဖြတ်မည် ဖြစ်ပါသည်။

နိုင်ငံသားတဦးအတွက် အခြေခံ ဥပဒေ ပြဌာန်းချက်များပါ နိုင်ငံသား အခွင့်အရေးကို အကြောင်းပြချက် မရှိပဲ ဖယ်ရှားဖိနှိပ်သည်ဟု ယုံကြည်နိုင်လောက်သော အကြောင်းများ ရှိသည်ဆိုပါက ဆန္ဒ ထုတ်ဖေါ်တောင်းဆိုရန် ရက်စွဲ သတ်မှတ်ခြင်းနှင့် သက်ဆိုင်ရာ ရဲစခန်းတွင် လျောက်ထားမှုများကို တရားဝင်ကြေငြာကာ ဆက်လက် ဆောင်ရွက်မည်ဖြစ်ပါသည်။

နေမျိုးဇင်
27.5.2013

Sunday, 26 May 2013

သူတို့ခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ် ကိုတော့ တော်လှန်ရေးသမား (၁၉)



“မင်းက ဘယ်ကလဲ”
“ ဗမာပြည်က”
“မင်းက သူခိုးပဲ”
“ကျနော်သူခိုးမဟုတ်ဖူး၊ တော်လှန်ရေးသမား”
“ မင်းဟာ ငါတို့နိုင်ငံကို ခိုးပြီးဝင်လာတာဖြစ်တယ်၊ အဲဒီတော့သူခိုးပဲ”
“ ခိုးဝင်လာတာမဟုတ်ဖူး၊ ရာဂျစ်ဂန္ဒီဖိတ်ခေါ်လို့လာတာ၊ ဒုက္ခသည်စခန်းမှာ နေတာပဲ တနှစ်လောက်ရှိပြီ”
အင်ဖားထောင်ဗူးဝက ကုလားထိုင်မှာထိုင်နေတဲ့ အသက်၅၀ကျော် အသားညိုညို တုတ်တုတ်ခိုင်ခိုင် ထောင်မှုးကြီးနဲ့ ငုတ်တုတ်ထိုင်နေတဲ့ အကျဉ်းသားတွေထိတ်ကကျနော် တို့ အင်္ဂလိပ်လို အချီအချပြောကြတာပါ။ ထောင်မှုးကြီးရုပ်က ငယ်ငယ်တုံးက ကြည့်ဖူးတဲ့ ဂျပန်အက်ရှင်ကားတွေထဲက မင်းသား ဆန်နီချေးဗား လိုမျက်ခုံးထူထူ မေးရိုးကားကား ယောကျာင်္းပီသတဲ့ရုပ်ရည်မျိုးပါ။ ကျနော်က ထောင်မှုးကို နှုတ်လန်ထိုးနေတာ ထောင်မှုးက ခတ်ပြုံးပြုံးပေမဲ့ ကျနော့်ရှေ့နားက မဏိပူရရဲက သိတ်ကြိုက်ဟန်မတူဘူး။ တချက်မာန်ပြီး စကားဆက်မပြောဖို့ လှမ်းဟောက်လိုက်ပါတယ်။ အဲဒီထောင်မှုး နောက်ပိုင်းမှာ ထောင်ထဲဝင်ရင် “ ဟေ့ဗမာ..နေကောင်းလား” ဆိုပြီး နှုတ်ဆက်တတ်ပါတယ်။

ကျနော်နဲ့ညီညီလွင် Kakching ရဲစခန်းမှာ ၁၀ရက်လောက် နေခဲ့ရာက ဒုက္ခသည်စခန်းက ပြန်လည် လက်မခံတဲ့အတွက်(အမှန်တော့ စခန်းကိုထိမ်းချုပ်တဲ့ အမှတ်၈ ရိုင်ဖယ်တပ်ရင်းက တပ်ရင်းမှုးကလက်မခံတာဖြစ်တယ်) နောက်ဆုံး အင်ဖားမြို့မှာရှိတဲ့ မဏိပူရ ဗဟို အကျဉ်းထောင်(MCJ- Manipur Central Jall) ကို ပို့လိုက်တာဖြစ်တယ်။ ထောင်ထဲမထည့်ခင် Thoubal မြို့နယ် တရားရုံးမှာ ကျနော်တို့ကိုခေါ်လာတဲ့ရဲတွေက တရားစွဲပါတယ်။ ပုဒ်မ ၁၄(စ) တရားမ၀င်နယ်စပ်ဖြတ်ကျော်မှုပါ။ အမှန်တော့ ကျနော်တို့ တရားဝင် ဒုက္ခသည်စခန်းမှာနေတာပဲ တနှစ်လောက်ရှိနေပါပြီ။ ထောင်ဗူးဝမရောက်ခင် တကြိမ်၊ ထောင်ဗူးဝမှာတကြိမ်၊ နောက်ထပ်တံခါးတဆင်ပကျော်ပြီး ရုံးခမ်းထဲမှာတကြိမ် နာမည်နဲ့ အဖနာမည်ပြန်စစ်ဆေး၊ ခန္ဒာကိုယ်လည်း အထပ်ထပ်စစ်ဆေးခဲ့တယ်။ ဓာတ်ပုံရိုက် အရပ်တိုင်းပြီး ဆံပင်၊ မျက်လုံး၊ ခန္ဒာကိုယ်က အမှတ်အသား၊ သေချာစစ်ပါတယ်။ ဖိနပ်ကြိုးနဲ့ ခါးပတ်တွေလည်းသိမ်းပါတယ်။ ထောင်ထဲ ကြိုးဆွဲချ လုပ်ကြံမှုကို ကာကွယ်တာပါ။ ပိုက်ဆံပါရင် ပိုက်ဆံအပ်ထားရပါတယ်။ ကိုယ်လိုအပ်ရင် (တပတ်တခါ)ထောင် ကင်တင်းအရောင်းဆိုင်က ဆပ်ပြာ၊ သွားတိုက်ဆေး၊ သွားပွတ်တံ၊ ဘီစကစ်မုန့် စတာတွေ ၀ယ်လို့ရပါတယ်။ ပြီးတော့မှ ရဲက ကျနော်နဲ့ ညီညီလွင်ကို အကျဉ်းသားအဆောင်တွေဘက် ခေါ်သွားပါတယ်။ အကျဥ်းဆောင်ကကိုက်၁၀၀ကျော် အကျယ်အ၀န်းရှိတဲ့ ပစောက်ပုံ တထပ်ဆောင်တွေပါ။ အဆောင်၂ခုကိုအလယ်မှာ သွပ်ပြားတွေနဲ့ကာပြီး ၃ပိုင်း ပိုင်းထားတယ်။ အရှေ့ဆုံးအပိုင်းမှာ အဆောင်တခုပဲရှိတယ်။ အသက်အရွယ်ကြီးသူတွေများတယ်။ ယာဘက်အခြမ်း အဆောင်၂မှာတော့ တိုက်ခန်း၂ခန်းရှိတယ်။ အလယ်မှာ လူသွားလမ်းနဲ့ ရေအမြဲပြည့်နေတဲ့ ရေချိုးကန်ကြီးရှိတယ်။ သွပ်ပြားကာထားတဲ့ ၀ဲဘက်အခြမ်းမှာ လည်း ယာဘက်အခြမ်းလိုပဲ ရေချိုးကန်နဲ့ တိုက်ခန်း၃ခန်းရှိတယ်။

ကျနော်တို့နှစ်ယောက်ကို အဆောင် ၁အခန်းထဲခေါ်သွားတယ်။ အခန်းက ပေ၂၀× ပေ၃၀ ကျယ်မယ်ခန့်မှန်းတယ်။ အသက်အရွယ်ကြီးသူတချို့လည်းပါတယ်။ ကျနော်တို့ အခန်းရှေ့ သံတိုင်တံခါးဝ ရောက်တာနဲ့ “ ဟေ့ မောင်ညို လား..မောင်ညိုမို့လား” ဆိုပြီး ဗမာလို ခေါ်တဲ့အသံကြားလိုက်တော့ ရုတ်တရက် အံ့သြသွားတယ်။ ဟုတ်တယ်..ဦးဇင်း ဦးနန္ဒာသီရိပါ။ ဦးအောင်ချမ်း ခေါ် ဦးနန္ဒာသီရိပါ။ ဦးဇင်း ဆိုပေမဲ့ သင်္ကန်းတော့ မ၀တ်ပါဘူး။ အသားဖြူဖြူ၊ အရပ်ပြတ်ပြတ်၊ ဥပဓိကောင်းကောင်း ဂတုံး နဲ့မျက်မှန်တပ်ထားတယ်။ကျနော်တို့ ၀င်လာတာနဲ့ အထဲက ကသဲအကျဉ်းသားတွေ အနားကို ၀ိုင်းလာတယ်။ တယောက်တပေါက် ဟိုမေးဒီမေး၊ စလိုက် ပြောင်လိုက် ရယ်မောလိုက်နဲ့ တချို့က တွန့်လိမ်ခွေကောက်ပြီး ဂုတ်ပေါ်ဝဲနေတဲ့ ကျနော့ ဆံပင်ရှည်ကို ဆွဲလိုက် ကိုင်လိုက်လုပ်နေတယ်။ ကျနော်တို့နှစ်ယောက်ကတော့ ဟိုကြည့် ဒီကြည့် မျက်လုံးလေးကလယ်။ အမဇုံတောထဲက လူရိုင်းတွေအကြား မျက်စေ့လည်ပြီး ရောက်သွားသလိုမျိုး။ ဦးဇင်းကြီးကတော့ “ Thay are my party”(သူတို့ငါ့အဖွဲ့တွေ) လို့ရှင်းပြနေတယ်။ တကယ်တော့ ဦးဇင်း ဦးနန္ဒာသီရိ က ဖဆပလခေတ် က နိုင်ငံရေးသမားဟောင်းကြီး။ ဆိုရှယ်လစ် ပါတီကပါ။ ၈၈ အရေးတော်ပုံအပြီး အိန္ဒိယဘက် က ကူညီနေတယ်ဆိုတဲ့ သတင်းတွေကြားပြီး သင်္ကန်းဝတ်ကြီးနဲ့ စွန့်စားထွက်လာခဲ့တာပါ။ မိုးရေးရောက်တော့ မိုးရေးဘုန်းကြီးကျောင်းမှာသီတင်းသုံးရင်း အခြေအနေကို အကဲခတ်လေ့လာနေခဲ့တယ်။ ဆရာမန်းမြင့်ဆိုင်နဲ့ တွေ့တယ်။ ဦးဇင်းနဲ့ နိုင်ငံရေးအယူအဆတွေက မတူဖူး။ သဘောထားမတိုက်ဆိုင်ဘူး။ ပြီးတော့ မိုးရေး ဘုန်းကြီးကျောင်းကိုရောက်လာတဲ့ ရှမ်းပြည်က နီပေါလူမျိုး ဘုန်းကြီးတပါး( နောက်ပိုင်း လူထွက်သွားတော့ ပေါပေါကြီးလို့ လူသိများတယ်) လည်းရောက်လာတော့ ဦးဇင်း၂ပါးက နယူးဒေလီထိ ရောက်သွားတယ်။ ဒေလီမှာ ဦးမောသီရိ (အော်လ် အင်ဒီးယား ရေဒီယို) ဒေါ်သန်းသန်းနု( ၀န်ကြီးချုပ်ဟောင်း ဦးနုသမီး) တို့နဲ့တောင်တွေ့ခဲ့သတဲ့။ နောက်တော့ ဘုန်းကြီး၂ပါး ငွေရေးကြေးရေးကိစ္စတွေနဲ့ ကတောက်ကဆဖြစ်တယ်။ ဒေလီကလူကြီးတွေနဲ့ အဆင်မပြေဖြစ်တယ်။ နောက်ဆုံးလူဝတ်လဲသွားကြတယ်။ ပြီးတော့ နယူးဒေလီကနေ နယ်စပ် ပြန်ရောက်လာတယ်။ သူတို့ဇာတ်လမ်းတွေကလည်း ခတ်ရူပ်ရှုပ်ပဲ။ ဗမာပြည်ပြန်မယ်လုပ်တော့ ဆရာမန်းက ဘုန်းကြီးလူထွက် ဦးအောင်ချမ်းကို မသင်္ကာံဖြစ်ပြီး ရဲကိုတဖက်လှည့်နဲ့ဖမ်းခိုင်းတယ်။ ဦးဇင်း ဦးအောင်ချမ်းက ကျနော်တို့ ရှိနေစဉ် စခန်းကို ရောက်လာတယ်။ ရက်အနည်းငယ်ကြာတော့ စခန်းကနေ (ဆရာမန်းနဲ့ ဒေါက်တာအောင်ကျော်ဦးတို့ အစီအစဉ်နဲ့) ချန်ဒယ်ရဲတွေ လာခေါ်သွားတယ်။ အဲဒီနောက် အင်ဖားထောင်ကို ရောက်သွားတာပါ။

ထောင်ထဲရောက်တော့ ကျနော်တို့ပိုင်ဆိုင်တာက မဲညစ်ညစ် စောင်ပါး ၃ထည်၊ ပုံစံခွက်ဒါန်ထမင်းပန်းဂံတချပ်၊ ဟင်းထည့်တဲ့ စတီးပုဂံလုံးတခွက်၊ ရေခွက်တခွက် ပဲဖြစ်ပါတယ်။ ပြန်ထွက်ရင် အတိအကျပြန်အပ်ရမယ်လို့ ရဲကမှာထားပါတယ်။ ကျနော်တို့ ထောင်ထဲဝင်တဲ့နေ့က ခရစ်စမတ်နေ့မို့ စပယ်ရှယ်ညစာနဲ့တိုးပါတယ်။ ငါးဟင်းကြော်ချက်၊ ပဲဟင်း၊ အသီးအရွက်ပေါင်းကြော် နဲ့ အီဒွန်းဗတ် လို့ခေါ်တဲ့ ကသဲဟင်း တို့ဖြစ်တယ်။ ပန်းသီးတလုံးလည်း ပေးပါတယ်။ ည၉နာရီဆို အိပ်ချိန်ဖြစ်ပါတယ်။ အခန်းက ပေ၂၀×၃၀ ဆိုပေမဲ့ ဘေးပတ်ပတ်လည်နဲ့ အလယ်နေရာတွေအားလုံး လူတွေပြည့်နေပြီ။ အခန်း ဒေါင့်လေးမှာ ရေလောင်းအိမ်သာရှိတယ်။ အုတ်ခုံလှေခါးနှစ်ထစ် နဲ့ အပေါ်ဘက်ကျတယ်။ အိမ်သာသွားတဲ့လမ်းနားမှာ လွတ်နေတယ်။ ညီညီနဲ့ ကျနော့ ကို အဲဒီမှာပဲ ကသဲတန်းစီးက နေရာချပေးတယ်။ အိမ်သာက သန့်ရှင်းပြီး အနံ့အသက်မရပေမဲ့ တပိုတပါးသွားချင်သူတွေက ခေါင်းရင်းကနေ ဖြတ်ဖြတ်နေတာရယ်၊ အိမ်သာတံခါးအဖွင့်အပိတ်၊ အတက်အဆင်း အသံတွေကြောင့် အိပ်ရေးပျက်တယ်။ ဘာပဲဖြစ်ဖြစ် ဘ၀မှာ အချုပ်ထဲ၊ ထောင်ထဲ ပထမဆုံးအတွေ့အကြုံတခုတော့ ဖြတ်သန်းရပြီမို့ ဖြစ်သမျှအကြောင်း အကောင်းလို့ပဲတွေးလိုက်တာက စိတ်သက်သာရရပါတယ်။

ဦးအောင်ချမ်း ရဲ့ ပြောပြချက်အရ ဒီထောင်ထဲမှာ ကျနော်တို့စခန်းက ရဲဘော်တွေ နဲ့ ကိုမြင့်ဆန်းတို့ ရောက်နေတယ်ဆိုတာ တိတိကျကျသိလိုက်ရတယ်။ စခန်းက ရဲဘော်တွေက ၁၉၈၉ အစောပိုင်းလတွေမှာ မဏိပူရကနေ မီဇိုရမ်စခန်းကို အသွား ရဲက လမ်းမှာဖမ်းဆီးမိပြီး နယ်ခြားဖြတ်ကျော်မှုနဲ့ပဲ တရားစွဲပြီး ထောင်ကို ပို့လိုက်တာဖြစ်တယ်။ သူတို့က အောင်သန့်မင်း( မန္တလေးကနေ ကျနော်တို့နဲ့ တလှေထဲစီးလာသူ) ကိုထွန်းထွန်း၊ ကိုခိုင်ထွန်း၊ ကိုနေမျိုးအောင်( ကျနော်တို့ရောက်တော့ ကိုနေမျိုးအောင်ကထောင်က လွတ်ပြီး ဒေလီရောက်သွားတယ်) ကိုဇော်မြင့် တို့ဖြစ်တယ်။ မနက် ၆နာရီထိုးတော့ ကျနော်တို့ ကို ထောင်တံခါးဖွင့်ပေးတယ်။ သွပ်ပြားကာထားတဲ့ တဖက်ကအဆောင်၂ က ရေကန်ကိုသွားတယ်။ အဲဒီမှာစခန်းက သူငယ်ချင်းတွေနဲ့ ကိုမြင့်ဆန်းတို့ရယ်၊ တခြား ဘိန်းဖြူရောင်းဝယ်မှု၊ မူးယစ်ဆေးမှု နဲ့ ဗမာတော်တော်များများကို တွေ့လိုက်ရတယ်။ ကျနော်တို့ ရှစ်လေးလုံးအုပ်စုတွေက အခန်းတွေပြန့်ကြဲ ရောက်နေကြတာပါ။ တချို့က ဆောင် ၃ ခန်းမှာ ကျနော်တို့ကို လွှတ်ပေးရင် သူတို့ကတိုက်ခန်းထဲဝင်နေရတာ။ သူတို့ကိုလွှတ်ချိန် ကျနော်တို့ဝင်ရတယ်။ ကျနော်ကတော့ ကိုယ့်လူတွေတွေ့တော့ အားအတော်ရှိသွားတယ်။ ဒါနဲ့ တနေရာမှာ ကိုလင်္ကျာဝင်း နဲ့ ကိုစိန်ဝင်း ကို မြင်တော့ ၀မ်းသာအားရ သွားနှုတ်ဆက်မိတယ်။ ဒါပေမဲ့ သူတို့က အေးစက်စက်ပဲ။ ကိုလင်္ကျာဝင်းက “ ခင်ဗျား
ကျနော်တို့ကို လာစကားမပြောနဲ့ဗျာ ၊ ဒီမှာ ဗမာအချင်းချင်း ပြဿနာ မတက်ချင်ဘူး” လို့ မကြေမနပ်ပြောပါတယ်။ ကျနော်လည်း စိတ်မကောင်းဖြစ်ပြီး ကိုယ့်အခန်းဘက် ပြန်လှည့်လာခဲ့တယ်။ အတူနေ ကိုညီညီလွင်နဲ့ ဦးဇင်းကို ပြန်ပြောပြတော့ သူတို့က ဖျောင့်ဖျတယ်။ ဦးဇင်းက “ သူတို့ဘက်က ခံစားကြည့်အုံးလေ၊ စခန်းက လူတွေက ထိုးကြိတ်ပြီးထောင်ထဲထည့်လိုက်တော့ စိတ်နာမှာပေါ့၊ မင်းတို့လည်း ဓါးဆာခံတွေပေါ့၊ ငါရှင်းပြပေးပါ့မယ်၊ ဒီထဲမှာတော့ တယောက်နဲ့တယောက် ခင်ခင်မင်မင်နေတာ ကောင်းပါတယ်” လို့ပြောတယ်။ကျနော်တို့ရောက်ပြီး နောက်တလလောက်ကြာတော့ ကိုမြင့်စန်းတို့လည်းလွတ်တယ်။ အမှန်တော့ နိုင်ငံခြားသားအက်ဥပဒေ ၁၄(စ)ဟာ အလွန်ဆုံး ၆လပဲ ထောင်ချလို့ရတယ်။ ဒါပေမဲ့ အမှုပြတ်ပြီး ထောင်ကလွတ်တယ်ဆိုရင်တောင် မိုးရေးနယ်စပ်ကို ရဲကားကြုံရှိရသေးတယ်။ ကားကြုံမရှိရင် လွတ်ရက်စေ့ပေမဲ့ ထောင်ထဲမှာ ဆက်နေရသေးတယ်။ ကိုမြင့်ဆန်းတို့က တလလောက် ပိုနေရမယ်လို့ထင်တယ်။ သူတို့ လွတ်တဲ့နေ့မှာတော့ ကျနော့်နဲ့ညီညီကို လာနှုတ်ဆက်တယ်။ ကျနော်က “ နယ်စပ်ရောက်ရင် ဟိုဖက်က ရဲတွေဆီလွှဲမှာမို့ ခင်ဗျားတို့ ထပ်ပြီး အရေးယူခံရနိုင်တယ်၊ မဏိပူရ ရဲတွေကို လဂ်ထိုးပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် ၀င်ဗျာ” လို့ ပြောတယ်။ ကိုမြင့်ဆန်းက “ ဒီနံရံကြီး ဟိုဖက်ရောက်ရင် ဘာမှ မစိုးရိမ်တော့ပါဖူး” လို့ ပြန်ပြောတယ်။ နောက်ပိုင်းမှာ ကိုမြင့်ဆန်းတို့အုပ်စုကို စစ်အစိုးရ ပြန်ပြီးဖမ်းထားလိုက်တယ် ဆိုတဲ့ သတင်းပြန်ကြားပါတယ်။ အဲဒီနောက်ပိုင်း ကျနော်တို့ ရှစ်လေးလုံးအဖွဲ့တွေကို အမှုပြတ်ပေမဲ့ ထောင်ကနေ လွှတ်ပေးဖို့ အစီအစဉ်မရှိတော့ဖူးဆိုတာ နောက်မှ သိလိုက်ရပါတယ်။ ဘာလို့လည်းဆိုတော့ နယူးဒေလီမှာနေထိုင်တဲ့ ဗဟိုတရားရုံးရှေ့နေတယောက်လည်းဖြစ်၊ လူ့အခွင့်အရေး ရှေ့နေတဦးလည်းဖြစ်တဲ့ နန်ဒီတာ ဟတ်က်ဆာ (Nandita Haksar ) လို့ခေါ်တဲ့ အမျိုးသမီးကြီးတယောက်က အင်ဖားထောင်ထဲမှာ ရှိနေတဲ့ နိုင်ငံရေးလှုပ်ရှားတဲ့ မြန်မာကျောင်းသားတွေ တယောက်မှကို မြန်မာပြည်ပြန်မပို့ဖို့၊ ထောင်အာဏာပိုင်တွေကို မေတ္တာရပ်ခံထားလို့ဖြစ်ပါတယ်။ သူဟာ ကိုမြင့်စန်းတို့ ကို မြန်မာ အာဏာပိုင်တွေ ထပ်ပြီးထောင်ချတယ်ဆိုတဲ့ သတင်းကြားတာနဲ့ တုန်လှုတ်သွားတဲ့အကြောင်း၊ ဒါကြောင့် အင်ဖား ထောင်ထဲက ကျောင်းသားတွေ နောက်ထပ် အန္တရာယ်ထပ်မကျအောင် မြန်မာပြည်ပြန်မပို့ဖို့ မဏိပူရ ထောင်ရဲ့ အကြီးအကဲကို တွေ့ဆုံ မေတ္တာရပ်ခံခဲ့တယ်လို့ အန်တီ နန်ဒီတာက နောက်ပိုင်းမှာ ကျနော့ကို ပြောဖူးပါတယ်။ ဒီနေရာမှာ ထောင်ထဲကကျနော်တို့ တတွေနဲ့ အန်တီ နန်ဒီတာ ဆုံခဲ့ပုံကလည်း စိတ်ဝင်စားစရာ ရုပ်ရှင်ဇာတ်လမ်းဆန်ဆန်လေးမို့ ပြန်ပြီးပြောပြချင်တယ်။

ဆောင်းပါးအမှတ်(၁၀)မှာ ရူပါကောင်းကောင်း ကသဲစစ်ဗိုလ် တယောက်နဲ့ ကျနော်တို့စခန်းက မအိ ဆိုတဲ့ အမျိုသမီးတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ရေးခဲ့ဘူးတာမှတ်မိမယ်ထင်တယ်။ ၁၉၈၉ မတ်လထဲမှာ ကျနော်တို့ အပေါ် အကျဉ်းသားတွေလို ဆက်ဆံတာကြောင့် ကသဲအရာရှိတွေကို ဆန္ဒပြ သပိတ်မှောက်ရာကနေ နောက်ဆုံး နယ်စပ်တောထဲပို့ခံရ တဲ့ အဖြစ်အပျက်ပါ။ အဲဒီတုံးက စခန်းမှာရှိတဲ့ အမျိုးသမီး(၃) ယောက်လုံး( မအိ၊ မစန်းပွီး၊ မနီနီသိန်း) တို့ကို တောင်ပေါ် ရွာလေးမှာ ထားပြီး ကျနော်တို့က တောထဲမှာနေကြပါတယ်။ မအိနဲ့ တရားဝင်လက်မထပ်ပေမဲ့ အတူပေါင်းသင်းနေထိုင်တဲ့ ကသဲစစ်ဗိုလ် ချောင်ဗား က ဗမာဒုက္ခသည်အမျိုးသမီး
ကို ခိုးပြေးလို့ ရာထူးချခံနေရတဲ့အချိန်ပါ။ ကျနော်တို့ကို နယ်စပ်မောင်းထုတ်တော့ ချောင်ဗားက ခရီးလွန်နေတယ်။ သူပြန်လာတော့ မအိက မရှိတော့ဖူး။ သူလည်းမိုးရေးနယ်စပ်ထိ သွားရှာတယ်။ အမှန်တော့ ရွာမှာခိုလှုံနေတဲ့ မစန်းပွီး၊ မအိနဲ့ နီနီသိန်း တို့ကို ကသဲစစ်တပ်က ရိုက်နှက် ဖမ်းဆီးပြီး အင်ဖားထောင်ကို ပို့လိုက်တယ်။ နောက်ဆုံးတော့ ချောင်ဗားလည်း သတင်းရသွားတယ်။ ဒါနဲ့ ကသဲရှေ့နေတွေကို ငှားပြီး မအိကို ထောင်က ထုတ်ဖို့ကျိုးစားတယ်။ ဒါပေမဲ့ အဆင်မပြေဖူး။ သူတို့နှစ်ယောက်က မဏိပူရထုံးတမ်းအရ တရားဝင်လက်ထပ်ထားသူတွေမဟုတ်တော့ ထင်သလိုမလွယ်ကူဖူး။ မအိက ဒုက္ခသည် အစ္စလမ်ဘာဝင်၊ ချောင်ဗားက ဟိန္ဒူပုဏ္ဍားမျိုးတွေဆိုတော့ ချောင်ဗား ရဲ့ မိဘဆွေမျိုးတွေကလည်း သဘောမတူဘူး။ မျိုးနွယ်တူ ကသဲဆရာဝန်မလေးနဲ့တောင် စေ့စပ်ဖို့ ကမ်းလှမ်းတဲ့ကြားကခုလိုဖြစ်သွားတာဆိုတော့ မကြည်ဖြူဖူး။ ကန့်ကွက်ကြတယ်။ ချောင်ဗားကလည်း ကြားလူဘယ်လိုဖျက်ပစေ၊ မအိမှမအိ။ နောက်ဆုံး မဏိပူရက နာမည်ကြီး လူငယ် လူ့အခွင့်အရေးရှေ့နေ တီးရှိုဝါး( နောက်ပိုင်းမှာ ကျနော်တို့အမှုပါလိုက်ပေးသူ) နဲ့တွေ့တယ်။ သူကတဆင့် အန်တီနန်ဒီတာနဲ့ ဆုံပြီး အမှုလိုက်တယ်။ ဖြစ်ချင်တော့ မအိက ကသဲစကားရော၊ အင်္ဂလိပ်စကားရောမတတ်ဘူး။ သူတို့ချစ်ကြွမ်းဝင်ခဲ့တာကိုက လက်ဟန်ခြေဟန်တွေစတာ။ ထောင်ထဲရောက်တာလဲ တလကျော်ပဲရှိသေးတယ်။ ဒီတော့ ဘာသာပြန်လိုတာနဲ့ အစောပိုင်းကတည်းက ထောင်ထဲရောက်နေတဲ့ ၈လေးလုံးကျောင်းသား ကိုနေမျိုးအောင်က အကူအညီပေးတယ်။ အဲဒီမှာ အန်တီနန်ဒီတာက ထောင်ထဲက ဗမာကျောင်းသားတွေရဲ့ အကြောင်းစုံကို သိလိုက်ရတယ်။ ဒါနဲ့ မအိတို့အမှုကို ဖြတ်နိုင်ပြီး ရုပ်ရှင်ဆန်တဲ့ သူတို့အချစ်ဇာတ်လမ်းဖြောင့်ဖြူးသွားတယ်။(ဒီဆောင်းပါးရေးဖို့ မအိကို ဆက်သွယ်တော့ သူတို့ဇနီးမောင်နှံ သားသမီး သုံးယောက်နဲ့ အင်ဖားမြို့မှာပျော်ပျော်ရွှင်ရွှင်နေထိုင်နေပြီး သူ့ခင်ပွန်းချောင်ဗားလည်း မဏိပူရ စစ်တပ်အရာရှိကြီးဖြစ်နေပြီတဲ့)။

အဲဒီနောက် ထောင်ထဲက မစန်းပွီးကို အရင်ဆုံးထုတ်တယ်။ ပြီးတော့ ကိုနေမျိုးအောင်။ နယူးဒေလီလို ဆွေမျိုး အသိအကြွမ်းမရှိတဲ့နေရာမှာ ရေရှည် ရှင်သန်ရပ်တည်ဖို့ခက်ခဲပါတယ်။ ဥပဒေရဲ့အကာအကွယ်၊ လုံခြုံရေး၊ အလုပ်အကိုင်၊ စားဝတ်နေရေး ကိုပါ ထည့်သွင်းစဉ်းစားရတာဆိုတော့ ရှေ့နေအန်တီကြီးဟာ အရင်ဆုံး အကူအညီပေးနိုင်သူကို အရင်ရှာရပါတယ်။ မြန်မာ့အရေးတက်ကြွတဲ့ အော်လ်အင်ဒီးယားရေဒီယိုက ဦးမောသီရိ ဆီကို ရော ၀န်ကြီးချုပ်ဟောင်း ဦးနုရဲ့သမီး ဒေါ်သန်းသန်းနုကိုရော ဆက်သွယ်ပြီး မစန်းပွီးနဲ့ ကိုနေမျိုးအောင်တို့ နေထိုင်ရေးကို အကူအညီယူတယ်။ နှစ်ယောက်စလုံးက တတ်နိုင်သလောက်အကူအညီပေးပါတယ်။ နောက်ထပ်လည်း ထောင်ထဲမှာ ကျန်နေသေးလို့ အားလုံးရဲ့ အနာဂတ်အတွက် အန်တီနန်ဒီတာက UNHCR ကိုချည်းကပ်တယ်။ UNကလည်း အိန္ဒိယ အစိုးရနဲ့ နားလည်မှုယူ ရုံးဖွင့်ထားတာ၊ အိမ်နီးချင်း နိုင်ငံတွေက ဒုက္ခသည်တွေကို အိန္ဒိယက နယူးဒေလီမှာလက်မခံဘူး။ အဲဒီတုံးက UNHCR အစောင့်အရှောက်ခံဒုက္ခသည်ဆိုလို့ အာဖဂန်နစ္စတန်နဲ့ အီရန် တွေပဲရှိတယ်။ ဒါပေမဲ့ အန်တီနန်ဒီတာရဲ့ ဥပယ်တမျှင်နဲ့ မစန်းပွီးကို UNHCR က အသိအမှတ်ပြုအောင်လုပ်နိုင်ခဲ့တယ်။ အိန္ဒိယမှာ မြန်မာဒုက္ခသည်အဖြစ် မစန်းပွီးက အရင်ဆုံးအသိအမှတ်ပြုခံရတယ်။ သူ့ ဒုက္ခသည် မှတ်ပုံတင်နံပါတ်က (၀၀၀၁) ဖြစ်တယ်။

အဲဒီအချိန် ထောင်ထဲက ကျနော်တို့အားလုံး အပြင်ကအခြေအနေတွေဘာမှ မသိတော့ မျော်လင့်ချက်မဲ့နေသလိုခံစားနေရတယ်။ စကားလည်းမတတ်၊ စရိုက်လည်းမတူ တပါးနိုင်ငံအကျဉ်းထောင်မှာ အနှိမ်ခံ၊ အရိုက်ခံပြီး စိတ်ကျဉ်းကြပ်နေတယ်။ တနေ့တနေ့ ထောင်နံရံအပြင်က လေတိုက်ပြီးယိမ်းနွဲ့နေတဲ့ ယူကလစ်ပင်ကြီးကို အားကျနေတယ်။ ထောင်အပြင်က ဓာတ်တိုင်ကြီးတွေဖြစ်ချင်နေတယ်။ နေ့စဉ် ပေါ်ကပျံသန်းသွားတဲ့ လေယာဉ်ပျံ
ကြီးကိုငေးမောစိတ်ကူးယဉ်နေတယ်။ အုတ်နံရံကြီးအပြင်ကို အုပ်စုလိုက်ပျံတက်သွားတဲ့ ခိုငှက်တွေဖြစ်ချင်နေတယ်။ စိတ်မွန်းကြပ်မှုတွေနဲ့ ရူးသလို ကြောင်သလို ဖြစ်နေတယ်။ ထောင်ထဲနေရမှ လွတ်လပ်မှုရဲ့ အရသာကို ပိုခံစားသဘောပေါက်လာတယ်။ ဒါပေမဲ့ ကိုယ် မသိမမြင်နိုင်တဲ့ ဘ၀အဆက်ဆက်က ၀ဋ်ကြွေးတွေကို ဆပ်နေရတုံးပါ။

ကိုညို ။

Thursday, 23 May 2013

“သမတကြီး ထွက်မပြေးနဲ့”



Photo ..Whitehouse blog
ပြီးခဲ့တဲ့စနေနေ့က မြန်မာ့တသွင်ဆန်း ဒီမိုကရေစီစနစ် ဖော်ဆောင်နေတဲ့သမတဦးသိန်းစိန်ရဲ့ နှစ် (၅၀)အတွင်း ပထမဆုံး အမေရိကန် ခရီးစဉ်မှာ (တကမ္ဘာလုံးက ဒီမိုကရေစီနိုင်ငံတွေနှာခေါင်းရှုံ့သွားစေနိုင်လောက်တဲ့ )သမိုင်းတွင်မဲ့ စကား တခွန်းပြောသွားပါတယ်။ ဒီစကားကြောင့်မြန်မာသမတကြီးဟာ မပြောသင့်တာကိုပြောတယ်၊ အင်မတန် ထုံထိုင်း န လွန်းတဲ့ သနားစရာသတ္တ၀ါလေးပါလားလို့လည်း သတင်းစာဖတ် ကမ္ဘာ့ပြည်သူကတထိုင်တည်း မှတ်ချက်ချကြပါတယ်။ ငါတို့ သမတကြီးကွလို့မြှောက်ထိုးပင့်ကော် သာကူးတွေရော၊ နိုင်ငံရေးသိက္ခာကို ရသမျှအောက်ထစ်ဈေးနဲ့ အသနားခံပြည်တော်ဝင်ပြီးစစ်ရာထူးပြုတ် ခေါင်းပေါင်းတွေဆီံ ပါးယက် နားယက် လုပ်နေတဲ့ ဒီမိုကရေစီ ကပ်းပါးပိုးတွေလည်းကိုယ့်မျက်နှာကိုယ့် ပေါင်ကြားထဲဝှက်ထားရမလိုလို ဖြစ်သွားကြတယ်။

သမတကြီး ဘာပြောသွားလဲစာဖတ်သူတွေ သိထားပြီးဖြစ်ပါတယ်။

“နိုင်ငံရေးလုပ်ငန်းစဉ်မှာ တပ်မတော်က ပါဝင်ခွင့် မရှိဘူးလို့ ဒီလိုပြောလို့ ဒါတော့ မမှန်ဘူးလို့ ကျနော် ထင်ပါတယ်။ တပ်မတော်က နိုင်ငံရေးနဲ့ ကင်းကွာလို့တော့ မရပါဘူး။ အစဉ်အလာ ရှိခဲ့ပါတယ်။ သမိုင်းကြောင်း ရှိခဲ့ပါတယ်။ ၂၅ % ဆိုတာက လွှတ်တော်ထဲမှာ လောလောဆယ်မှာတော့ ရှိသင့်ရှိထိုက်တယ်” ဆိုတဲ့ ဒီမိုကရေစီကိုဗြောင်စော်ကားတဲ့စကားလေး၊ ထပ်ပြီးစိန်ခေါ်တဲ့စကားပါ။ မင်းတို့ဖာသာ ဘာပြောပြော ငါတို့ကတော့မြန်မာ့နိုင်ငံရေးကို လက်ဝါးကြီးအုပ်ထားမှာပဲလို့ အာဏာရူးတွေရဲ့ ဇာတိရုပ်ကို ဆွဲခွါပြလိုက်တာဖြစ်တယ်။ဒီမိုကရေစီစနစ်ကိုဖော်ဆောင်ပေးနေပါပြီဆိုတဲ့ သမတ ကိုယ်တိုင်က စစ်အာဏာရှင် အနံ့အသက် မစင်သေးဖူးဆိုတာ ပြသတာဖြစ်တယ်။သမတ ကိုယ်တိုင်က ဇာတိစိတ်မဖျောက်နိုင်တော့ ကျန်ယူနီဖောင်းချွတ်တွေဆို ပိုဆိုးပေါ့..။နောက်တခွန်း ရှိသေးတယ်။ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံတဲ့ပွဲမှာ၊ ဒီမိုကရေစီကို ပျက်ရယ်ပြုလိုက်တဲ့စကား။ဗမာပြည်မှာ ဆန္ဒပြတာဟာ စီးပွားရေး လုပ်ငန်းလိုဖြစ်လာတဲ့အကြောင်းပါ လှောင်ပြောင်လိုက်တာပါ။

“ကဲ.. ဆန္ဒပြကြမယ်။ ၃၀၀၀ ပေးမယ်ဆိုတော့ အကုန်ပါသွားတာဘဲ။ဈေးဆစ်လိုက်သေးတယ်..ကလေးကတော့ ၃၀၀၀၊ လူကြီးကတော့ ခုနကလို ၅၀၀၀၊ ဆန္ဒပြတာလည်းအလုပ်အကိုင်ဖြစ်နေတယ်”..အော်..ဒီမိုကရေစီ ရဲ့ အခြေခံ လုပ်ဆောင်ချက်ကိုတောင် အသိအမှတ်မပြုနိုင်၊ပျက်ရယ်ပြုစော်ကားနေသူက သမတကြီးကိုယ်တိုင်ဖြစ်နေတော့ ဗမာပြည်သူတွေက နိုင်ငံတကာအဆင့်မှီအောင် ဘယ်ကို ဦးတည်ပြီး ဘယ်လို လျှောက်ကြမှာလဲ။

ဦးသိန်းစိန်ကို ဆန္ဒပြတဲ့အချိန်သမတအဖွဲ့ထဲက ယူနီဖောင်းချွတ်တယောက်က “ ခင်ဗျားတို့ဗျာ..သမတကြီးက တိုင်းပြည်နဲ့ ပြည်သူတွေအတွက်ဒီလောက်ကောင်းအောင်လုပ်ပေးနေတာ ဆန္ဒမပြသင့်ပါဖူးကွာ” လို့ပြောသတဲ့။ အော်..ဖြစ်မှ ဖြစ်ရလေ၊မမြင်ဘူးလို့ မူးကို မြစ်ထင်နေသူတွေလို့သာ အော်ငြီးချင်တော့တယ်။ သမတရဲ့ ရပ်တည်ချက်ဟာသာမန် ပြည်သူတွေထက် တပ်မတော်ခေါင်းဆောင်ဟောင်းတွေနဲ့ သူတို့အသိုင်းအ၀ိုင်းတွေ အကျိုးစီးပွားကိုပိုပြီးအကာအကွယ်ပေးနေတယ်ဆိုတာ သိတ်သိသာပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လူအများထောက်ခံ အတည်ပြုထားတာ ဖြစ်တယ်။ သော့ခတ်ထားတဲ့ သံမဏိမျိုးဟုတ်ပါဘူး။ သူ့မှာ ပြင်ဆင်နိုင်တဲ့ amendment ပါပြီး လုပ်ထုံးလုပ်နည်းတွေရှိပါတယ်။ ဒီလုပ်ထုံးလုပ်နည်းတွေအတိုင်း ကျနော်တို့ ပြင်ဆင်လို့ရပါတယ်”လို့ သမတက မြန်မာတွေနဲ့တွေ့ဆုံပွဲမှာပြောသွားတယ်။

ခက်ပါ့။ ဒီအစိုးရဟာ လိမ်ရင်းလိမ်ရင်း မိမိလိမ်စင်ကြီးကိုမိမိဖာသာ အဟုတ်ထင်သွားကြပြီ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း(၁၂) မှာ ပြင်ဆင်ခြင်းနဲ့ပတ်သက်ပြီးရေးထားတာ သိတ်မရှုတ်ထွေးပါဘူး၊ ရှင်းရှင်းလေး အဓိပ္ပါယ်ပေါက်နိုင်ပါတယ်။ တကယ်တမ်းပြင်မယ်ဆိုပြင်ဖို့ မလွယ်အောင်လုပ်ထားတာ အားလုံးသဘောပေါက်တယ်။ အမြီးသဘောပဲ ရှင်းပြပရစေ။

ပုဒ်မ၄၃၃ အပိုဒ်(က) မှာရေးထားတာက အခြေခံဥပဒေပြင်မယ်ဆိုရင် တင်သွင်းမဲ့အဆိုကို မူကြမ်းအနေနဲ့ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းရမှာဖြစ်တယ်။ အဲဒီပြည်ထောင်စုလွှတ်တော် က ကိုယ်စားလှယ်၂၀ရာခိုင်နှုံး သဘောတူတင်ပြလာမှ၊ လက်ခံဆွေးနွေးမဲ့ အဆင့်ရောက်မှာ။ ၂၀ရာနှုံးမပြည့်ရင် လှည့်ကြည့်မှာမဟုတ်ဖူး။ ကြံ့ဖွတ်နဲ့ ကြံ့ဖွတ်မဟာမိတ်တိုင်းရင်းသားတွေရယ်၊ ကြံ့ဖွတ် နို့သက်ခံရယ်၊ ယူနီဖောင်းဝတ် မိုးကျရွှေကိုယ်တော်တွေရယ်မပါပဲ အတိုက်အခံ ဒီမိုကရေစီအင်အားက ၁၂ရာခိုင်နှုံးတောင်မပြည့်ဖူး။ ဒါတောင် အခြေခံဥပဒေရဲ့အားလုံးကို ပြင်လို့မရသေးဖူး။ အဲဒီပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ (က)မှာ ဥပဒေရဲ့ အခန်းပေါင်း(၉၅) ခုလောက်သီးခြားသတ်မှတ်ထားတာရှိသေးတယ်။ အဲဒါတွေပြင်မယ်ဆိုရင်တော့ ပြည်ထောင်စုလွှတ်တော်ရဲ့၇၅ရာခိုင်နှုံးက သဘောတူလက်ခံမှတဲ့..။ ၂၀ရာနှုံးတောင် မဟုတ်တော့ဖူး။ လက်ခံရုံနဲ့လည်း မပြီးသေးဘူး၊ ပြင်ဖို့အတွက်ဆို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲက ကျင်းပရအုံးမှာ..၊ ပြီးတော့မဲပေးခွင့်ရှိသူ အာလုံးရဲ့ တ၀က်ကျော် နဲ့မဲရမှ ပြင်ဆင်ရမှာ။ သမတ ဦးသိန်းစိန် နိုင်ငံတကာခရီးစဉ်တိုင်းဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ရေးဆွဲပြဌာန်းထားတဲ့ ဥပဒေ လုပ်ထုံးနည်းအတိုင်း ပြင်ဆင်နိုင်ပါတယ်လို့ပြောလေ့ရှိပါတယ်။ လွယ်လွယ်တော့ မထင်လိုက်ပါနဲ့။ သမတက သူတို့ ရပ်တည်ချက်နဲ့ပတ်သက်ရင်တချက်ကလေးမှ အလျှော့မပေးဘူးပါဖူး။ ကိုယ့်ဒီမိုကရေစီအင်အားစုတွေကသာ ရက်ရက်ရောရော ဖြစ်နေကြတာ။

တကယ်တော့ သမတ ဦးသိန်းစိန်ရဲ့ကြံ့ဖွတ်အစိုးရဟာ ပြည်သူရဲ့ ယုံကြည်မှုနဲ့ မဟုတ်ပဲ မဲခိုးတက်လာတဲ့အစိုးရပီပီ တိုင်းပြည်နဲ့ပြည်သူအပေါ် လေးနက်ယုံကြည်မှုမရှိပါဘူး။ ဒီမိုကရေစီခေတ်မို့ ဒီမိုကရေစီ သံယောင်လိုက်နေပြီးကိုယ့်စကားနဲ့ အလုပ်ပေါ်မှာလည်း ကိုယ်ပိုင်ဆုံးဖြတ်ချက်ခိုင်ခိုင်နဲ့ ယုံကြည်မှုရှိသူတွေမဟုတ်ပါဘူး။နှစ် ၆၀ လုံးလုံး ဒီလို လူညစ်တွေနဲ့ပဲ ကြုံခဲ့ရတာတော့ မြန်မာပြည်သူတွေ နိုင်ငံရေးကံဆိုးမိုးမှောင်ပဲ။ ဒေါ်အောင်ဆန်းစုကြည်လွှတ်တော်နိုင်ငံရေးလမ်းကြောင်းပေါ်ရောက်တာနဲ့ ဗိုလ်ပြုတ်တွေ သိက္ခာပြောင်လက်လာပြီလို့အထင်ရောက်နေတယ်။ စင်ပေါ်တက်ပြီး က မှ ချိုမိုင်မိုင်တွေ ထွက်လာပါတယ်။ မနှစ်က ပြည်သူ့လွှတ်တော်နာယကကြီးသူရရွှေမန်းနဲ့အဖွဲ့ အိန္ဒိယလွှတ်တော်ထဲ သွားလေ့လာတယ်။ အိန္ဒိယမှာ လွှတ်တော်အမတ်တွေကို မိမိတို့ဒေသဖွှံ့ဖြိုးရေးလုပ်ဖို့ ဆိုပြီးရူပီး၂ကုဋေ မတည်ပေးပါတယ်။ သူရရွှေမန်းက အဲလိုအရာတွေတော့နှစ်ခြိုက်တယ်။ အတုယူတယ်။ ဒီလို ကိုယ့်စည်းရုံးရေး တည်ဆောက်တဲ့ အရာတွေပဲ အတုယူသင့်တာမဟုတ်ပါဖူး၊ ဒီမိုကရက်တစ်ကျင့်စဉ်နဲ့ အတွေးအကြံ တွေပါ ယူသင့်ပါတယ်။ ရှိနေတဲ့ အာဏာရှင်စရိုက်လက္ခဏာတွေကို တိုက်ချွတ်ဆေးကြောနိုင်တဲ့ဒီမိုကရက်တစ်စိတ်ဓာတ်နဲ့ အတွေးအခေါ်တွေပါ အိန္ဒိယကနေယူလာသင့်တယ်။ အိန္ဒိယမှာ မိမိတို့ပြည်သူတွေ နစ်နာချက်တွေကို အစိုးရ၀န်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကအစဦးဆောင်ပြီး ဆန္ဒပြတောင်းဆိုတယ်။ လူထုရှေ့က ရပ်တယ်။ ဗမာပြည်မှာတော့ နိုင်ငံရေးသမားတွေဆန္ဒပြတာ မတွေရဖူး။ ပြည်သူတွေက မိမိအခွင့်အရေးအတွက် မိမိတို့ဖာသာ တောင်းဆို တိုက်ပွဲဝင်နေရတယ်။အမတ်တွေ၊ နိုင်ငံရေးသမားတွေက ဆန္ဒပြသူတွေနဲ့ မပတ်သက်ရဲဘူး။ ဆန္ဒမပြဖို့တောင် သွားတားကြတယ်။အတော်ဟုတ်တဲ့ နိုင်ငံရေးသမားတွေ။

သမတဦးသိန်းစိန်ရဲ့ အမေရိကန်ခရီးစဉ်ဟာ ဒီမိုကရေစီစိတ်ဓာတ်တွေ၊ ကျင့်စဉ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့အစီအစဉ်ထက်ဆန်ရှင် ပိတ်ဆို့မှု အလုံးးစုံ ရုတ်သိမ်းရေး၊ စီးပွားအထောက်အပံ့နဲ့ ရင်းနှီးမြှုပ်နှံရေးကိစ္စတွေက ပိုမိုအဓိကကျတယ်။ ဒါပေမဲ့ ဦးသိန်းစိန်ပြောခဲ့သလို စိန်ခေါ်ချက်တွေကကိုတော့ဆက်ရင်ဆိုင်ရအုံးမယ်။ ရိုးသားစွာ အပြောင်းအလဲ မလုပ်ချင်လို့ကတော့ စိန်ခေါ်ချက်က ဒုနဲ့ဒေးပါ။ သမတ အိုဘားမားက အိမ်ဖြူတော်သတင်းစာရှင်းပွဲမှာအခုလိုသတိပေးခဲ့တယ်။ “တခြားနိုင်ငံတွေမှာ ဖြစ်သလိုပဲပေါ့ ဒါက အားလုံးလေးလေးစားစားနဲ့ လုပ်မယ်ကိုင်မယ်ဆိုလို့ရှိရင်စီးပွားရေးအရရော၊ နိုင်ငံရေးအရာရော အားလုံး အဆင်ပြေပြေနဲ့ တခါတည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်လို့ရှိရင် အောင်မြင်မှာပါ” တဲ့။အိုဘားမားရဲ့ ဒီမိုကရက်တစ်ပါတီက ဘာမှမလုပ်သေးတာထက်စာရင် နည်းနည်းလုပ်တာကိုတော့ အားပေးရမယ်ဆိုတဲ့သဘောထားရှိပါတယ်။ ဒါပေမဲ့ အတိုက်အခံရစ်ပါဗလစ်ကင် ပါတီအမတ်တချို့ကတော့ ဦးသိန်းစိန်ကိုခေါ်တာ သိတ်စောလွန်းတယ်လို့ ဝေဖန်နေပါတယ်။ ရော်ကဖဲလား စင်တာက အမေရိကန် ပြည်ပ ဆက်သွယ်မှုနိုင်ငံရေးစီးပွားရေးပညာရှင် Joshua Kurlantzick က မြန်မာပြည်မှာ အသားအရောင် လူမျိုးခွဲခြားမှု Apartheid ဖြစ်နေပြီလားလို. မေလ၁၆ရက်နေ့က စာတမ်းတစောင်မှာဖော်ပြခဲ့တယ်။

အမေရိကန်ကို အလည်ရောက်နေတဲ. ၄ ရက် ခရီးအတွင်းမှာလည်း ယခင်ကရင်းနှီးမြှပ်နှံမှု လုံးဝ မရှိတဲ. အနေအထားကနေ-ဆန်ရှင် ကို တစိတ်တပိုင်းရုတ်သိမ်းခဲ.မယ်ဆိုလျှင်တောင်စစ်ဆေးခံနိုင်တဲ. ကဏ္ဍတွေမှာ သုညအဆင့်ကနေ ၃၃% လောက်ထိ တက်သွားနိုင်မှာ ဖြစ်ပြီး၊ ဒီမို ကရက် တစ် မကျ တဲ. လုပ်ပုံ ကိုင်ပုံတွေကို သိသာ စွာ ဖယ်ရှားပေးနိုင်မှ သာ၊ အမေရိက နဲ့ အပြည်အ၀ ဆက်ဆံနိုင်မှာ ဖြစ်တယ်လို ဆိုပါတယ်။ ခြုံပြော ရရင် လက်ရှိ ဦးသိန်းစိန်ပြောတဲ.ရီဖေါင်းဟာ မလုံလောက်သေးဘူး။ နောက် ၆ လ အတွင်း လက်တွေ. ပြနိုင်မှ- အမေရိကန်ကို အယုံသွင်းနိုင်မှာ လို. သုံးသပ်ထားပါတယ်။

့အမေရိကန်ကတော့ မြန်မာအစိုးရက ဒီထက်ပိုပြီးလုပ်ပေးလို့ရတာတွေအများကြီးကျန်သေးတယ်လို့ ထင်မြင်နေတယ်။ တကယ်လည်း သမတ ဦးသိန်းစိန်မှာ ၀ှက်ဖဲတွေ ရှိနေတယ်။ အခုလို အပြောင်းအလဲဆိုတာကလည်း နိုင်ငံတကာဖိအားတို့၊ အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေရဲ့ တွန်းအားတို့ ဆိုတာကို ဦးသိန်းစိန်ကBBC နဲ့ အင်တာဗျူးတခုမှာ ငြင်းပယ်ခဲ့ဖူးတယ်။ “ ဒါဟာ အရင်အစိုးရ ရဲ့ လမ်းညွှန်မြေပုံအရ သူ့အချိန် ရောက်လာလို့ ဖော်ဆောင်ရတဲ့ အပြောင်းအလဲတခုပါ” လို့ ၀န်ခံခဲ့ဖူးတယ်။ သမတဦးသိန်းစိန်ဟာ သူ့အတွေးအခေါ်နဲ့သူ လွတ်လပ်တဲ့ ဆုံးဖြတ်ချက်နဲ့ မြန်မာ့သမိုင်းတွင်မဲ့ အပြောင်းအလဲသစ်ကို ဖော်ဆောင်နေတာမဟုတ်ပါဘူး။ စစ်အာဏာရှင် ခေတ်ကတည်းက တဆင့်စီ လုပ်ဆောင်ရမဲ့ စီမံကိန်းအတိုင်း သူ့ကဏ္ဍအလိုက် တဖြေးဖြေးချင်း အာဏာရှင် ရုပ်ပြောင်နာမ်ခွါ ဒီမိုကရေစီ အသွင်ပြောင်းရေးလုပ်ဆောင်နေတာဖြစ်တယ်။ အတုမှ အတုစစ်စစ်ပါ။ အတုမှန်းသိအောင်သက်တမ်း၂နှစ်ကျော်အတွင်း စကားထဲကရော၊ လက်တွေလုပ်ဆောင်မှုတွေကပါ ဇာတိပြခဲ့ပြီးဖြစ်တယ်။

ဦးသိန်းစိန် အစိုးရဟာ ယခင် စစ်အစိုးရအမွေခံပီပီ လက်ဝါးရိုက်ပေါ်လစီတွေရှိနေတာကြောင့် အနှစ်၂၀ကျော် ဖျက်ဆီးမှုရဲ့ တရားခံတွေကို ကာကွယ်နေရတယ်။ အနာဂတ်တိုင်းပြည်ရဲ့ဓနဥစ္စာနဲ့ အာဏာကို စနစ်တကျထိမ်းသိမ်းထားဖို့ သေသေသပ်သပ်လုပ်ဆောင်နေပါတယ်။

တိုင်းပြည်ရဲ့ အဓိကကျတဲ့ စီးပွားအရင်းအမြစ်၊ အဆက်အသွယ်လုပ်ငန်းရပ်တွေကို ယခင် အာဏာသိမ်း စစ်ဗျူရိုကရက်တွေကသာ လက်ဝါးရိုက် ကိုင်တွယ်ထားဆဲဖြစ်တယ်။

မကြာသေးခင်ကထွက်လာတဲ့ ၀ီကီလစ်ခ် သတင်းမှာ ကမ္ဘာ့ကြွယ်ဝမှုရဲ့ ၂၅ရာခိုင်နှုံးလောက် ရင်းနှီးမြှုပ်နှံထားတဲ့အင်္ဂလန်က ကေမန်ကျွန်းနဲ့ ဗာဂျင်ကျွန်းတို့က ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့ စီးပွားလုပ်ငန်းရဲ့ဘဏ်စာရင်းနာမည်တချို့မှာ မြန်မာနိုင်ငံက ဦးအေးဇော်ဝင်း နာမည် တွေ့ရပါတယ်။ သူ့ရဲ့ လက်ပွားနာမည်တွေအများကြီးနဲ့စာရင်းတွေတွေ့ရတယ်။ အလားတူ မြန်မာကုမ္မဏီသေးသေးတွေအယောင်ပြပြီး ဘန်ကောက်၊မလေးရှား၊ စင်္ကာပူ၊ဟောင်ကောင်၊ အင်္ဂလန်မှာလည်း ကြားခံအဆင့်သုံး လေးဆင့်ခံပြီး ငွေစုထားတာကို သိရတယ်။ သတင်းတခုအရG8 လို့ခေါ်တဲ့ စက်မှုထိတ်သီး နိုင်ငံတွေထဲက ဂျာမဏီနဲ့ ပြင်သစ် ဦးဆောင်ပြီး လျှိ့ဝှက်ဘဏ်စာရင်းတွေနဲ့ပတ်သက်လို့ ဥပဒေထုတ်သွားမဲ့ အကြောင်းလည်းသိရတယ်။

သမတ ဦးသိန်းစိန်ရဲ့ အမေရိကားခရီးဟာ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ဝိဥာဉ် ကို ပြန်လည်အသက်သွင်းဖို့ ခြေလှမ်းသာဖြစ်တယ်။ ဒါပေမဲ့ သမတရဲ့ အထင်နဲ့ လက်တွေ့စပ်ဟတ်ချင်မှ ဟတ်မိမှာပါ။ သူ တောင်းဆိုတာ ရနိုင်ဖို့ သူလုပ်ပေးရမဲ့တာဝန်တွေ ရှိနေပါတယ်။ ဒီခရီးစဉ်ဟာ သမတ ဦးသိန်းစိန်အစိုးရအဖို့ ဒီမိုကရက်တစ်လမ်းကြောင်းပေါ်ပီပီပြင်ပြင် လျှောက်ဖို့ တွန်းပို့တာကို ခံလိုက်ရတယ်လို့မြင်ပါတယ်။ အမေရိကားရဲ့ တွန်းထိုး ခံဖို့လာတဲ့ခရီးစဉ်ပဲ ဖြစ်ပါလိမ့်မယ်။ ဒီမိုကရက်တစ်စံနှုံးနဲ့အညီ မောင်းနှင်ရမဲ့လမ်းကိုဦးသိန်းစိန် အစိုးရ မလွဲမသွေ လျှောက်ရတော့မယ်။ ရှောင်လို့မရပါ။ ၀ါရှင်တန်ကVOA စီစဉ်တဲ့ တွေ့ဆုံပွဲမှာ ပွင့်လင်း ရဲတင်းတဲ့မေးခွန်းတွေထိတ်တိုက်တွေ့ရလို့ သမတ ဦးသိန်းစိန် ရင်ဘတ်က မိုက်ကရိုဖုံးတောင်ဖြုတ်ဖို့မေ့ပြီးပွဲမပြီးခင် ထွက်ပြေးသွားရပါတယ်။ အလားတူပွဲလည်း သမတကြီး ထွက်ပြေးဖူးတယ်။ အော်စလိုမှာဆန္ဒပြမှုနဲ့ ထိတ်တိုက်တွေ့လို့ ထိတ်လန့်သွားတဲ့ သမတဟာ နောက်တနေ့ မြန်မာမိသားစုတွေနဲ့အမေးအဖြေလုပ်မဲ့အစီအစဉ်တောင် မလုပ်ရဲပဲ ထွက်ပြေးဖူးတယ်။ သမတ ဒီတခါတော့ ထွက်ပြေးမနေပါနဲ့။နှုတ်လည်းကျွံ၊ ဘ၀လည်းကျွံ တိုင်းပြည်လည်းကျွန်တပိုင်းဖြစ်နေပြီမို့ ဒီမိုကရေစီ ယဉ်ကျေးမှု စည်းအပြင်ကို ထွက်ပြေးဖို့တော့ မကျိုးစားပါနဲ့ လို့ပဲ သတိပေးချင်ပါတယ်။

ကိုညို(အော်စလို)

၂၃ မေ ၂၀၁၃

Tuesday, 21 May 2013

လွတ်လပ်ပွင့်လင်းလာသော ကမ္ဘာ့အခင်းအကျင်းမှာ တိုင်းပြည်အတွက် ရွေးချယ်ရမည့် အနာဂတ်လမ်း

လွတ်လပ်ပွင့်လင်းလာသော ကမ္ဘာ့အခင်းအကျင်းမှာ တိုင်းပြည်အတွက် ရွေးချယ်ရမည့် အနာဂတ်လမ်း ( အောင်ခိုင်မြင့် )



၂၁ မေ ၂၀၁၃

နိုင်ငံရေး ၊ စီးပွားရေး လွတ်လပ်ပွင့်လင်းလာသော ကမ္ဘာ့အခင်းအကျင်း



ခေတ်မီတိုးတက်သော နည်းပညာများကို ဗဟိုပြုပြီး ထောင့်ပေါင်းစုံတွင် အလျင်အမြန်ပြောင်းလဲနေသော ကမ္ဘာကြီးသည် ရွာတစ်ရွာကဲ့သို့ တစ်ဖက်၌ကျဉ်းမြောင်းလာပေသည်။ တစ်ခြားတစ်ဖက်တွင်မူ နိုင်ငံများစွာသည် အသားအရောင်၊ ဘာသာတရား ၊လူမျိုးရေး ခွဲခြားမှုမရှိပဲ အမြင်ကျယ်ပြန့် ကာ တိုးတက်ဖွံ့ ဖြိုးစွာ ရပ်တည်နိုင်အောင်အပြိုင်အဆိုင် ကြိုးစားလျက်ရှိပေသည် ။ထို့ ကြောင့် တစ်ချိန်က လူမဲမှန်လျှင် လူဖြူများက ကျွန်လူတန်းစားဟူ၍ သတ်မှတ်ခဲ့သော အမေရိကန်နိုင်ငံတွင် လူဖြူအမေ လူမဲ အဖေမှ မွေးဖွားလာခဲ့သော သမ္မတအိုဘားမားသည် အိမ်ဖြူတော်တွင် သမ္မတ ဖြစ်နေပေပြီ။



ကမ္ဘာ့နိုင်ငံများတွင် အတွေးအခေါ်မတူညီမှုများကို ညှိနှိုင်းဆောင်ရွက်ကာ လူ့ အခွင့်အရေးများကို လေးစားလိုက်နာသော အစိုးရနှင့်ပြည်သူ တို့ အေးအတူပူအမျှ ယှဉ်တွဲနေထိုင်သည့် နိုင်ငံများသည် ခေတ်မီ ဖွံ့ ဖြိုးတိုးတက်လျက်ရှိသော်လည်း အဓမ္မ၀ါဒများကို ကျင့်သုံးကာ အစိုးရမှ လူထုကို ဖိနှိပ်ပြီး လူ့ အခွင့်အရေးချိုးဖောက်သော နိုင်ငံများသည် ပဋိပက္ခများ ၊ ပြဿာနာများ ရှုပ်ထွေးကာ နိုင်ငံရေးမတည်ငြိမ်မှုများ ပြင်းထန်လျက် စီးပွားရေးဆုတ်ယုတ်ပြီး ဆင်းရဲမွဲတေနေသည်ကို တွေ့ ရှိရပေမည် ။



နိုင်ငံရေးတည်ငြိမ်မှုသည် စီးပွားရေးဖွံဖြိုးတိုးတက်မှုကို အထောက်အကူပြုသည်မှာ မှန်ကန်သော်လည်း ခေတ်သစ်ကမ္ဘာတွင်မူ နိုင်ငံရေးတည်ငြိမ် ယုံမျှဖြင့် စီးပွားရေး ရင်းနှီးမြုပ်နှံမှုများအား ဆွဲဆောင်ရာ၌ အတော်အသင့်သာ အထောက်အကူပြုနိုင်သည်ကို တွေ့ ရှိရပေမည် ။ လွတ်လပ်သော ကမ္ဘာတွင် ပွင့်လင်းမြင်သာသောစနစ်များကို ကျင့်သုံးလာရာ အရင်းရှင်စီးပွားရေးစနစ်၌ စီးပွားရေးလုပ်ငန်းရှင်များသည် နိုင်ငံရေးတည်ငြိမ်ယုံမက စီးပွားရေး ရင်းနှီးမြုပ်နှံမူ ဥပဒေသများ ခိုင်မာကောင်းမွန်ကာ အခွန်အကောက်နည်းသော ၊ လုပ်အားခဈေးပေါသော၊ သဘာဝအရင်းအမြစ်သာမက လူသားအရင်းအမြစ်ပေါကြွယ်ဝသောနိုင်ငံများကို ရင်းနှီးမြုပ်နှံ လုပ်ဆောင်လာကြသည်မှာ သဘာဝကျပါသည် ။



ဖောက်ပြန်မှုတွေကြား မြန်မာ့စီးပွားရေး ခေါင်းမော့ လာမည်လား



မြန်မာပြည်တွင် စီးပွားရေးရင်းနှီးမြုပ်နှံမှု အခွင့်အရေးများရရှိဖို့ ရာ သက်ဆိုင်ရာအာဏာပိုင်များကို လာဘ်ထိုးမှုများရှိနေသေးသ၍ စီးပွားရေးသည် ယခင် အာဏာရှင်လက်ထက်က ကဲ့သို့  ပင် အစိုးရပိုင်သတင်းစာခေါင်းကြီးပိုင်းတွင်သာ စာလုံးမဲ ကြီးများဖြင့် မိုးမွှန်အောင် တိုင်းပြည်၏ စီးပွားရေး တိုးတက်နေပေမည် ။လွတ်လပ်စွာ ပြိုင်ဆိုင်မှုအစား အစိုးရအာဏာပိုင် ဆွေမျိုးများကသာ စီးပွားရေး အခွင့်အလမ်းများကို ကြိုးကိုင်ထားမှုသည် ရေရှည်တွင် ဖွံ့ ဖြိုးတိုးတက်မှုအား ကြီးမားစွာ အနှောက်အယှက် ဖြစ်နေသည်ကို တွေ့ ရပေမည် ။



စစ်အာဏာရှင်စနစ်လက်ထက်မှ မှားယွင်းသော နိုင်ငံရေးအမွေကို ဆက်ခံကျင့်သုံးနေသမျှ တိုင်းပြည်သည် ရေရှည် ပြည်တွင်းစစ်ဖြစ်ပွားကာ တိုင်းပြည်သည် နိုင်ငံရေးတည်ငြိမ်မှုမရှိဖြစ်နေပေမည် ။ မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်တွင် ဆင်းရဲမွဲတေမှုဖြစ်ရခြင်း၏ အဓိက တရားခံမှာ စစ်ရေးကိုသာ ကျွမ်းကျင်သောစစ်အုပ်စုမှ ဦးဆောင်ကာ ဦးပိုင်လို အကျင့်ပျက် ခြစား စီးပွားရေးစနစ်ကို လက်ခံကျင့်သုံးနေခြင်းကြောင့်ပင်ဖြစ်ပေသည် ။



ကျနော်နေထိုင်ရာ တရားဥပဒေစိုးမိုးသော ကနေဒါတွင်မူ အစိုးရမှ ပြုလုပ်သော ဖောက်ပြန်မှား ယွင်းမှုများကို အတိုက်အခံ အင်အားစုများသာမက မီဒီယာများမှ စောင့်ကြည့်နေပေသည် ။ယခုတစ်လောတွင် ပါလီမန်အမတ်များ၏အကျင့်ပျက် ခြစားမှုများ ဗူးပေါ်သလို ပေါ်လာသဖြင့် တရားရုံးသို့ တက်ရသော မြို့ တော်ဝန်အပါအ၀င် ရာထူးမှ နှုတ်ထွက်ရသော လွှတ်တော်အမတ်များ သတင်းက သတင်းစာများတွင် ရေပမ်းစားနေပေသည် ။အပြည့်အစုံကို အောက်ပါ ၀က်ဆိုက်မှာ ကြည့်ပါ..။

http://www.theloop.ca/news/ctvnews/article/-/a/2406500/Harper-s-chief-of-staff-Nigel-Wright-resigns-amid-Duffy-scandal



ပြုပြင်ပြောင်းလဲဖို့ အထူးလိုအပ်နေသော တိုင်းပြည်



၂၅ နှစ်ကြာ ခွဲခွာခဲ့သော မြန်မာပြည်အား ပြီးခဲ့သော ၂၀၁၃ ဧပြီလက အလည်အပတ်ရောက်ရှိခဲ့ရာ တိုင်းပြည်၏ နိုင်ငံရေး ၊ စီးပွားရေး အခြေအနေများနှင့်အတူ အကျင့်ပျက် ခြစားမှုများကို ကြားသိတွေ့ မြင်ခဲ့ရသည် ။မြစ်ကူးတံတားတွေက ကောင်းမွန်လာသော်လည်း လူတွေ၏ အကျင့်စာရိတ္တကတော့ အတော်ကို ပြုပြင်ရပေဦးမည်ကို တွေ့ ရှိခဲ့ရသည် ။



အမေရိကန် ၊ ဂျပန်နိုင်ငံလို ခမ်းနားကြီးကျယ်သော နိုင်ငံတကာလဆိပ်များတွင် အနှောင့်အယှက်မရှိ ခရီးသွားလာခဲ့သော ကျနော်သည် သေးငယ်၍ မခမ်းနားသည့် ရန်ကုန်လေဆိပ်အရောက်၌ မိမိထံမှ ခရီးဆောင်အိပ်ကိုမပြောမဆို ယူသွားသူနောက်သို့  အပြေးလိုက်ရင်း လက်ဖက်ရည်ဖိုးတောင်းခြင်းကို စတင်ခံစားလိုက်ရသည် ။ပြည်သူတွေ၏ စားဝတ်နေရေးမပြည်လည်မှုသည် တိုင်းပြည်ကို ရိုက်ခတ်နေပြီး အစိုးရ၏ အလုပ်အကိုင်မဖန်တီးပဲ ပြည်တွင်းစစ်ကိုသာ ဖန်တီးနေခြင်းသည် တိုင်းပြည်၌ ပြုပြင်ပြောင်းလဲရန် အမှန်တစ်ကယ်လို အပ်နေသလို ခံစားလိုက်ရပေသည် ။



ယခင် စစ်အာဏာရှင် လက်ထက်တွင် အကျင့်ပျက် ခြစားသော ၀န်ကြီးတစ်ဦးသည် နယ်မြို့ များသို့ အကြောင်းအမျိုးမျိုးပြပြီး လိုက်လံစစ်ဆေးကာ လိုအပ်သည်များကိုညွှန်ကြားရာတွင် လက်ဆောင်ပစ္စည်းများကို သက်ဆိုင်ရာမြို့ မှ ပေးရယုံမက ည၌ အတူတူအပျော်အိပ်မည့် မိန်းမပျိကိုပါ ထိုဝန်ကြီးအတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ရပေသည် ။ အထက်ပါ ၀န်ကြီးသည် မြို့ တစ်မြို့ အရောက်တွင်မူ မိန်းမပျိုအား ရှာမပေးနိုင်သော မြို့ နယ်ဝန်ထမ်းများသည် အလုပ်ပြုတ်မည်ကို စိုးရိမ်ပြီး ၀န်ထမ်းထဲမှ အရွယ်ရောက် သမီးပျိုကို ၀န်ကြီးနှင့် အိပ်ရန်စီစဉ်ပေးရသည့် အဖြစ်မျိုး မြန်မာပြည်တွင် အမှန်တကယ် ဖြစ်ပွားခဲ့ကြောင်း ရင်နာနာနှင့် မကောင်းသတင်းကို ကြားခဲ့ရပေသည် ။



ဧရာဝတီတိုင်းရှိ မြို့ နယ် တစ်မြို့ နယ်တွင်မူ သက်ဆိုင်ရာ အာဏာပိုင်တစ်ဦးသည် ဗလီကို နှစ်လက်မမြင့်ပြီး ပြန်ဆောက်ခွင့်ကိုတိုးတိုးတိတ်တိတ် ခွင့်ပြုခဲ့ရာမှ လာပ်လာဘ မြိုးမြိုးမြက်ရရှိခဲ့ရာ အဆိုပါ အစိုးရ အာဏာပိုင်သည် ရန်ကုန်တွင် တိုက်ခန်းများ ၊ ကားများ ၀ယ်ယူကာကြီးပွားချမ်းသာသွားမှုက တမြို့ နယ်လုံး ဟိုးလေးတကျော် ကျောဖြစ်ခဲ့ပေသည် ။ ၁၉၈၈ မှစတင်ပြီး ယုံကြည်မှုဖြင့် လက်နက်ကိုင်တောခို ခဲ့သော ကျနော်သည် မြန်မာပြည်သို့ ပြန်အရောက်၌ မိဘတို့ ဆန္ဒအတိုင်း ( ၅ )ရက်ကြာ ဘုန်းကြီးဝတ်ခဲ့ပေသည် ။ ထိုအခါ ဘုန်းကြီးကျောင်းသို့ လာရောက်ကာ လူ့ ဘ၀ရောက်ခိုက် အလှူအတန်းအားလက်နှင့် မပြတ်လိုသော ဒကာ ၊ဒကာမများသည် ဆွမ်းဟင်းများကို လှူဒန်းရန် ယူဆောင်လာယုံမက တော်လှန်ရေးဖြင့်တောခိုသွားခဲ့သော ကျနော်လိုဘုန်းကြီးအတွက် သတင်းများကိုလည်း ယူဆောင်လာခဲ့ကြပေသည် ။



နိုင်ငံတကာတွင် လက်ကိုင်ဖုန်းများကို နေရာတကာ၌ အချိန်မရွေး စိတ်ကြိုက် ၀ယ်ယူနိုင်သော်လည်း မြန်မာပြည်တွင်မူ ၁၅၀၀ ကျပ်တန် ဖုန်းကဒ် အတွက် ရပ်ကွက်အာဏာပိုင်များသို့ လျှောက်လွှာများတင်ပြီး မဲနှိုက် ယူရမည့် စနစ်သည်လည်း ကျနော့အဖို့ အလွန်ထူးဆန်းနေပေသည် ။သို့ သော် ယခု ဖောက်ပြန်မှုများသည် မြန်မာလူထုအတွက်တော့ ရိုးအီနေပြီ ဖြစ်သော ကိုးရီးယားဇာတ်လမ်းတွဲများလို ဖြစ်ကာ တိုင်းပြည်၏ အထက်အာဏာပိုင်များ အဆင့်ဆင့်သည် ၄င်းကဲ့သို့ ခေတ်အဆက်ဆက် ဖောက်ပြန်နေကြဖြစ်ကြောင်း ကျနော့ကို ရှင်းပြကာ အထူးအဆန်းဖြစ်နေသော ကျနော်ကိုပင် အထူးအဆန်းသဖွယ် ပြန်ကြည့်တာကို ခံလိုက်ရပါသည် ။



ရိုးသားသောသူများနှင့် ဖောက်ပြန်သောခေတ်



ခေတ်အဆက်ဆက်တွင် သမိုင်း အဖြစ်အပျက်တို့ သည် မျိုးဆက်တစ်ခုမှ တစ်ခုသို့ ကောင်းခြင်း ဆိုးခြင်းကို အမွေအဖြစ် မလွဲမသွေသယ်ဆောင်လာပေသည် ။ ကျနော်တို့ အဖေလက်ထက်တွင် စနစ်ဆိုးထဲ ရုန်းကန်ခဲ့ရသော အဖေသည် ကျနော်၏ စစ်အာဏာရှင်စနစ်အပေါ် တော်လှန်ရေးလုပ်မှု၌ သူ့ အစိုးရအလုပ်ကို ထိခိုက်မှန်းသိသော်လည်း မသိကျိုးကျွံပြုကာ ခွင့်ပြုခဲ့ပေသည် ။လ၀က ဒုလက်ထောက် တိုင်းဦးစီးမှူး လုပ်ကိုင်ခဲ့သော အဖေသည် လာပ်ပေးလာပ်ယူ မလုပ်ပဲ ရိုးသားကြိုးစားမှုကြောင့် လ၀က လောကတွင် နာမည်ကောင်းရခဲ့ပေသည် ။



ကနေဒါမှ မြန်မာပြည်သို့  ကျနော်ပြန်အလာကို အဖေသည်အိပ်ယာထဲမှ စောင့်နေခဲ့ပြီး ပူလောင်လှသော နွေရာသီ ဧပြီလ ( ၂၁ )ရက်နေ့ တွင် ကွယ်လွန်ခဲ့ပေသည် ။ အဖေ့၏ ရိုးဂုဏ်ကြောင့် အဖေ့ အသုဘသို့ လူပေါင်းစုံ လာရောက်ကျရာ အဖေ့သူငယ်ချင်း တစ်ဦးဖြစ်သော ဦးတင်အေးသည် ပုသိမ်မြို့ နယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ကာ အဖေ့နှင့် အလုပ်အတူတူ လုပ်ခဲ့သော လ၀က အကြောင်းကို ပြောပြခဲ့ပေသည် ။အဆိုပါ အန်ကယ်သည်လည်း ရိုးသားကြိုးစားသူ တစ်ဦးဖြစ်လျက် ယခုအခါ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ အနားယူကာ ဘာသာရေးကို ဇောက်ချလုပ်ကိုင်နေပေသည် ။



ပုသိမ်မြို့ တွင် ပြုလုပ်သော အဖေ့အသုဘသို့ လာရောက်သော တစ်ခြားတစ်ယောက်မှာ သမ္မတကြီး ဦးသိန်းစိန်၏ မိန်းမရဲ့ တူတော်မောင်ဖြစ်ပေသည် ။ ထိုသူသည် ကျနော့ ညီနှင့် ခင်မင်ရင်းနှီးသူဖြစ်ပြီး ဘ၀ကို ရိုးသားကြိုးစားကာ မုန့် ဟင်းခါးရောင်းချခြင်းဖြင့် အသက်မွေးဝမ်းကျောင်းလျက်ရှိပေသည် ။



ကျနော့်ညီသည် ( ၁၈ ) နှစ်ကြာ လ၀က လက်ထောက်မြို့ နယ်မှူးလုပ်ကိုင်ရာမှ ၂၀၀၆ တွင် ထိုင်းမြန်မာနယ်စပ်၌ ကျနော်နှင့်တွေ့ ဆုံမှုကြောင့် အကြောင်းအမျိုးမျိုးပြကာ ရာထူးမှအနေားပေးခံခဲ့ရပါသည် ။ ကျနော့ညီသည်လည်း စီးပွားရေး အဆင်မပြေပေမဲ့ ရိုးသားကြိုးစားလျက် ဆိုင်ကယ်ကယ်ရီမောင်းလိုက် ကွမ်းယာရောင်းလိုက် VCD အခွေဆိုင်ဖွင့်လိုက် ကြုံရာအလုပ်ဖြင့် စီးပွားရှာရာ သမ္မတ၏ တူတော်မောင်နှင့် ခင်မင်လျက်ရှိပေသည် ။



ကျနော်သည် ဖေ့ဘုတ်နှင့် အင်တာနက်စာမျက်နှာများတွင် ပျံ့ နှံ့ လျက်ရှိသော သမ္မတဦးသိန်းစိန်အကြောင်းကို သိလို၍ မေးမြန်းခဲ့ရာ သူသည်စိတ်ရှည်လက်ရှည်ဖြင့် ကျနော့ကို ပြန်လည်ဖြေကြားခဲ့ပါသည် ။ သမ္မတ ဦးသိန်းစိန်သည် ကျနော့ အမေ အထက်တန်းပြ ဆရာမလုပ်ရာ ပုသိမ်မြို့ အထက ( ၁ ) ကျောင်းထွက်တစ်ဦးလည်း ဖြစ်ပေသည် ။ သမ္မတဦးသိန်စိန်သည် လာပ်ပေးလာပ်ယူမှုကို အလွန်ပင် မုန်းတီးကြောင်းအပါအ၀င် သမ္မတကို လက်ဆောင်ပေးသည့် အနွေးထည်အိပ်ထဲသို့ ရွှေချောင်းထည့်ပေးရာ အဆိုပါရွှေချောင်းအား လာပ်ထိုးသူထံ ပြန်လည်ပေးအပ်ခဲ့ကြောင်း ၊ဦးသိန်းစိန်တို့ လင်မယား( ၂ ) ယောက် ကြက်မွေးပြီး ကြက်ဥကောက်ကာ အိမ်နီးချင်းများကို ပေးခဲ့တဲ့အကြောင်း ၊ သမ္မတဦးသိန်းစိန်တွင် ညီအစ်ကို မောင်နှမ ( ၃ ) ယောက်ရှိပြီး ထိုအထဲမှ တစ်ယောက်သည် ကျိုင်းတုံတွင် သေဆုံးခဲ့ပြီး တစ်ယောက်သည် ငပုတောမြို့ နယ်ရှိရွာတစ်ရွာတွင် နေထိုင်ပြီး ထိုဒေသရှိ သမ္မတကြီး၏ တူတော်မောင်တို့ သည် အရက်ရောင်းပြီး စီးပွားရေးလုပ်ကိုင်ရာ သမ္မတဦးသိန်းစိန်အနေဖြင့် အလုပ်အကိုင်မပေးနိုင်သဖြင့် သူ၏ တူတော်မောင်များ အလုပ်အကိုင်သည် မိမိကို ဂုဏ်သိက္ခာကျစေမဲ့အကြောင်းသာ ပြောဆို ဆုံးမခဲ့ကြောင်းသိရှိခဲ့ရသည် ။အဆိုပါ တူတော်မောင်သည် NLD ကို ကြိုက်နှစ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူလည်းဖြစ်ကာ တပ်မတော်မှ အဖြစ်မှန်တွေကို ရေးသားထားသော ကြပ်ပြေးအရှုပ်တော်ပုံစာအုပ်ကို လည်း ကြိုက်နှစ်သက်ကြောင်း ကျနော့ကို ပြောခဲ့ပါသည် ။



ဆိုလိုသညိမှာ ရိုးသားသောသူများနှင့် ဖောက်ပြန်သောခေတ်သည် အံဝင်ခွင်ကျ မဖြစ်သော်လည်း သမ္မတကြီးအပါအ၀င် ရိုးသားသူများသည် မြန်မာပြည်တွင် အမှန်တစ်ကယ်ရှိပါသည် ။ထို့ ကြောင့် ကိုယ်ကျိုးစွှန့် သော ဒေါ်အောင်ဆန်းစုကြည်သည် ရိုးသားသော သမ္မတဦးသိန်းစိန်နှင့် အလုပ်တွဲလုပ်နိုင်ခြင်းဖြစ်ပေမည် ။သို့ သော် သူများ၏ ရိုးသားမှုကို ခံတပ်သဖွယ် အခွင့်ကောင်းယူကာ မိမိကိုယ်ကျိုးအတွက် ဖောက်ပြန်သူများသည်လည်း လွှတ်တော်ထဲ အရပ်ထဲ နေရာတကာ ရှိနေသည်မှာ အမှန်ပင်ဖြစ်ပေသည် ။



တိုင်းပြည်အတွက် ရွေးချယ်ရမည့် အနာဂတ်လမ်း



မြန်မာပြည်သည် အီရတ် ၊ ဆီးရီးယား နိုင်ငံများကဲ့သို့ အစွန်းရောက် အတွေးအခေါ်ဖြင့် ဆူဇိုက်ဗုံးများ နေ့ စဉ်ကွဲမနေခြင်းသည် အဆိုးထဲမှ အကောင်းဖြစ်ပေသည် ။တော်လှန်ရေး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများသည် နိုင်ငံရေး ပြဿနာကို လက်နက်ကိုင်မဖြေရှင်းပဲ စားပွဲဝိုင်းတွင် အဖြေရှာလို မှုကို လက်ရှိအစိုးရမှ ပြေလည်အောင်ဖြေရှင်းရင်း တိုင်းရင်းသားအရေး ၊ ကိုယ်ပိုင်ပြဌာန်းခွင့်များကို စနစ်ကတျလေ့လာပြီး အသိအမှတ်ပြုနိုင်ရန် အနာဂတ်တွင် အတူတကွ ယှဉ်တွဲနေထိုင်ရေးမူဝါဒများ ချမှတ်လုပ်ကိုင်ရပေမည် ။



သမ္မတကြီးဦးသိန်းစိန် အမေရိကန်ခရီးစဉ်များတွင် ကြိုဆိုမှုများ အပြင် ဆန္ဒပြမှုများ ရင်ဆိုင်ရမှုသည် ဒီမိုကရေစီ စနစ်ကို ကျင့်သုံးသော နိုင်ငံခေါင်းဆောင်များ ကြုံဆုံရမှုအနေဖြင့် သဘာဝကျပါသည် ။ သို့ သော် နိုင်ငံတကာသို့ သမ္မတဦးသိန်းစိန်လာရောက် လည်ပတ်စဉ် ဆန္ဒပြမှုတွင်ပါဝင်ခဲ့သူများ သည် မြန်မာပြည်သို့ ပြန်လည်ပတ်ရန် ဗီဇာမရရှိခြင်းများ ရှိနေခြင်းသည် ပြုပြင်ပြောင်းလဲရေးကို ဦးတည်ကာ မြန်မာပြည်သို့ ပြန်လာရန်ဖိတ်ခေါ်နေသော သမ္မတပုံရိပ်ကို ပြည်တွင်းစစ်ဖြစ်နေသကဲ့သို့ အရုပ်ဆိုး အကျည်းတန်နေပေသည် ။ရခိုင်အရေး ၊ကချင်အရေး ၊ ရှမ်းပြည်အရေး ၊၀ အရေး ၊ လက်ပန်တောင်းတောင်အရေး ၊ မိတ္ထီလာအရေးစသောအရေးများ ပြဿနာပေါင်း သောင်းခြောက်ထောင် ပူပူနွေးနွေးဖြစ်နေသော တိုင်းပြည်၏သမ္မတသည် နောက်ကြောင်းပြန်လှည့်လိုသော စစ်အုပ်စုလက်ကျန်များအပါအ၀င် အတိုက်အခံအတုများကို လည်းရင်ဆိုင်ရပေမည် ။



မည်သို့ ပင်ဖြစ်စေကာမူ ဦးသိန်းစိန်ကို လူလိမ်ဟု ပြောဆို ဆန္ဒပြမှုများ အပါအ၀င် မတူညီမှုများကို လွတ်လပ်ပွင့်လင်းစွာ တင်ပြပိုင်ခွင့်သည်ပင် ဒီမိုကရေစီ၏ အနှစ်သာရဖြစ်ပြီး အတိုက်အခံအင်အားစုများအပါအ၀င် အစိုးရသည်ပင် ဆန့် ကျင်ဖက်လူထုအသံများကို နားထောင်ကာ ရွေးချယ်ရမည့် အနာဂတ် စီးပွားရေး နိုင်ငံရေးလမ်းကို တိုင်းပြည်တွင် ချမှတ်ကျင့်သုံးနိုင်ရန် နားလည် ပြည့်ဝသော အရည်အချင်း ရှိရပေမည် ။





အောင်ခိုင်မြင့်

၂၁ မေ ၂၀၁၃

( ဘ၀တစ်ပါးသို့ ကူးပြောင်းသွားသော အဖေ့အတွက် တစ်လပြည့် အမှတ်တရ )

Tuesday, 14 May 2013

နှလုံးသားထဲကကိုနေမျိုးဇင်သို့ 

 
13 May 2013

 အလှူအတန်း သူလုပ်ပေးခဲ့
ပညာရေးလည်းပါဝင်အားဖြည့်...
ရေတွင်းရေကန်ရေလျှံရအောင်
တစိုက်မတ်မတ်သူလုပ်ဆောင်ခဲ့
အဟုန်ပြင်းပြင်း သူ့ ရင်တွင်းက
အတွင်းကျကျ အဆင်းလှလှ
သင်းတမြမြ ၀င်းပခဲ့တဲ့နေမျိုးဇင်...

မတရားတာကိုငုံ့ မခံ
အာဏာရှင်စနစ်ကျဆုံးစေဖို့ 
ရေကြည်သွန်းလောင်း
သူ့ လမ်းကြောင်းမှာ
ပန်းပေါင်းတစ်ရာပွင့်စေခဲ့တဲ့နေမျိုးဇင်.....

အကြင်နာတရားရင်ဝယ်ထားလို့ 
သစ္စာတရားကို ရင်မှာမွေးခဲ့
ရေငတ်သူကိုရေချိုတိုက်ခဲ့
သူ့ မေတ္တာကပြည်သူ့ အတွက်
အမှန်တရားကိုလိုလားသူ
မိသားစုအရေးလဲတာဝန်ကျေခဲ့
မြန်မာပြည်အရပ်ရပ်
သူ့ ခြေရာတွေအထပ်ထပ်
သူနိုင်ရာဝန်ထမ်းလို့ 
နိုင်ငံဂုဏ်လူမျိုးဂုဏ်
ထောင်ကြွေးကျန်ဥပဒေကိုအံတုလျက်
အရာရာတိုင်းကိုဖြတ်သန်းရင်း..
သန့် သန့် စင်စင်နဲ့ 
ကိုနေမျိုးဇင်အတွက်
အခါမနှောင်းမှီတောင်းဆိုကြစို့ ။ ။

ကိုထွန်းဝေ

13.5.2013
မေတ္တာဖြင့်မျှဝေရှယ်ပေးကြပါရန်..
တောင်းဆိုပါတယ်။

Thursday, 2 May 2013

ရှေးကုသိုလ်သာသနာနဲ့တွေ့ တဲ့ စုခေါင်းဆောင်


မွန်ဂီုလီးယား သာသနာ
အမေ့ အသွင်
ရနံ့ အသင်းတာကိုလ၊
ရွှေအဟုန် မွန်ဂီုစီးပြည်ကိုစီးဆင်းလာပြီး
အမေသာသနာနဲ့ 
တွေ့ စဉ်အခါက
ပြည်သူတွေကြည်နူးခဲ့ရတယ်။

အမေ့ သားတွေမို့၊
လေထဲမှာအရုပ်ရေးမယ့်ကျနော်
သည်ပန်းချီကို စုတ်တံနှင့်ရေးသော်လည်း
မေ့မရနိုင်စဖွယ်။

အမေလို့ တသသ ချစ်နေတဲ့ ပြည်သူတွေက
မွန်ဂီုလီးယား ဘုန်းတော်ကြီးခေါ်ကာတွေ့ လို့ 
သာသနာမှာ ဦးခိုက်မိပါသော်မှ
မေတ္တာဓါတ်နဲ့ ကမ္ဘာပတ်ရသူမို့ 
အမေစုရဲ့ဂုဏ်ဒြပ်တွေကြောင့်
သိနေလို့ မပြီးသေးသူ
ဦးခိုက်ကြည်ညို။

သာသနာ ငါးထောင်တဲ့
မွန်ဂီုလီးယား ကဘုန်းကြီးတွေ
အလေးပေးခဲ့လို့  ခပ်အေးအေး
လက်မနှေးတဲ့ ဒို့ အမေ
ဗုဓ္ဒဘာသာ ရွှေရောင်နီသန်းကွဲ့ မနှေး
အမေ့ ကိုယ်မှာ မေတ္တာတွေမြူးပါတဲ့
သာသနာရောင်ခြည်သန်းဖို့ 
တို့ မေမေ ဒေါ်ဒေါ်စုလေးမှာကွယ်
မွန်ဂီုလီးယားမှရှေးကုသိုလ်ထူး။ ။

ကိုထွန်းဝေ
၂ရက်၅လ၂၀၁၃
ရင်တွင်းဖြစ်


လေးစားစွာမျှဝေပါတယ်.

Tuesday, 30 April 2013

ယခင်က ယခုနဲ့ မတူတာတွေ



ယခုက ယခင်နဲ့ အလှမ်းဝေးတာတွေ ပါးပါးလေးနဲ့  ကျည်ဆံမသုံးဘဲ အပြုံးလေးနဲ့  ကြမ်းတမ်းခက်ထန်တဲ့ အာဏာသားအစိုးရကို မပင်မပန်းပန်းဥာဏ်လေးကစားပြပြီးအနှစ်တွေနဲ့ ပညာသား ပါပါ ပြသခဲ့ပါပြီ။ကမ္ဘာကြီးခေါင်းဆောင်တွေကို မမေ့ဖို့  အတိတ်က အရိပ်တွေကို ပညာနဲ့ အရာရာကို ဆရာကူစရာမလို မိမိရဲ့ အသိ အတတ်ပညာနဲ့  ဆက်ပြီး အသိတွေ အကြောက်တရားတွေမရှိကြဖို့  ရှေ့ ဆောင်လမ်းပြကြယ်အဖြစ်ခရောင်းလမ်းမှာ လမ်းခင်းပေးအုံးမယ့် ယခု ဒေါ်အောင်ဆန်းစုကြည် ပါ.။အမြော်အမြင်ကောင်းတဲ့ ဒေါ်အောင်ဆန်းစုကြည် က ဆုတွေတဖွေးဖွေး ယူပြနေတာ နိုင်ငံတော်အတွက် တန်ဖိုးကြီးကြီးနဲ့ သိကြစေလိုတယ် မြင်စေလိုပါတယ်။

ဒီပုံက ဂျပန်စစ်ပြန်မိတ်ဆွေကြီး Yamada San နှင့်ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှားပါးပုံဖြစ်ပါကြောင်း။

ကိုထွန်းဝေ
မျှဝေပါတယ်.။
29.4.2013