Pages

Sunday, 16 December 2012

နိုင်ငံတကာဂီတဖျော်ဖြေပွဲလူကုန်ကူးမှုတိုက်ဖျက်ရေး တိုက်ရိုက်ဗွီဒီယို သတင်း,


MTV EXIT က စီစဉ်တဲ့ MTV EXIT Live in Myanmar အခမဲ့ ဂီတဖျော်ဖြေပွဲမှာ ကမ္ဘာကျော် အမေရိကန်အဆိုတော် Jason Mrazနဲ့ MTV EXIT ရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး သံတမန် မြန်မာ အဆိုတော်နှစ်ဦးဖြစ်သော Rဇာနည်၊ ဖြူဖြူကျော်သိန်းတို့နဲ့အတူ ချမ်းချမ်း၊ ချစ်သုဝေ၊ လင်းလင်း၊ ဖြိုးကြီး၊ စိုင်းစိုင်းခမ်းလှိုင်တို့ကလည်း ပါဝင်အားဖြည့် သီဆိုဖျော်ဖြေသွားပါမယ်။
ကမ္ဘာကျော် အမေရိကန်အဆိုတော် Jason Mraz ဟာ လူကုန်ကူးမှုကာ ကွယ်ရေးကို မီးမောင်းထိုးအသိပညာ ပေးတဲ့အနေနဲ့ မြန်မာနိုင်ငံမှာ ကျင်းပ မယ့် နိုင်ငံတကာဂီတဖျော်ဖြေပွဲကြီးမှာပြည်တွင်းမှ အနုပညာရှင်များနဲ့အတူ ဖျော်ဖြေတင်ဆက်မှာ ဖြစ်ပါတယ်။



ဖျော်ဖြေပွဲကို ဒီဇင်ဘာလ ၁၆ ရက်နေ့၊ ပြည်သူ့ရင်ပြင်မှာ ကျင်းပသွားမှာဖြစ်ပြီး အမြတ်ထုတ်မှုနဲ့ လူကုန်ကူးမှုအဆုံး သတ်ရေး နိုင်ငံတကာအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ MTV EXIT ကစီစဉ်တာ ဖြစ်ပါတယ်။

အဆိုတော် Jason Mraz ကတော့အစိုးရ သစ်လက်ထက်မှာ မြန်မာနိုင်ငံကို ပထမ ဆုံးလာရောက်ဖျော်ဖြေတဲ့ နာမည်ကျော်နိုင်ငံတကာအနုပညာရှင်ပဲဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်မှာ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာနရဲ့ ပံ့ပိုးကူညီပေးမှုနဲ့ အဆိုတော်Ozomatliလာရောက်ဖျော် ဖြေခဲ့ဖူးတာေ ကြာင့် ဆယ်စုနှစ်အတွင်း အနောက်နိုင်ငံကနေ မြန်မာနိုင်ငံမှာလာရောက်ဖျော်ဖြေတဲ့ ဒုတိယမြောက် ကမ္ဘာကျော်အနုပညာရှင်လည်းပဲ ဖြစ် ပါတယ်။

"အစိုးရသစ်လက်ထက်မှာ မြန်မာ နိုင်ငံကို ပထမဦးဆုံးလာရောက်ဖျော် ဖြေတဲ့သူဖြစ်ရတာကျွန်တော် အရမ်းကို ၀မ်းသာပါတယ်။ ကျွန်တော် မြန်မာနိုင်ငံ ကို ကျေးဇူးတင်ဝမ်းမြောက်စွာသွား ရောက်ဖျော်ဖြေမှာပါ။ ကျွန်တော်တို့ အပြောင်းအလဲတစ်ရပ် လုပ်နိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။

"ကျွန်တော့သီချင်းတွေနဲ့ တစ်ခုခုလုပ် ပေးနိုင်တယ်ဆိုတာကိုလည်း သက်သေ ပြနိုင်မှာပါ။ကျွန်တော့သီချင်းတွေဟာ အခြေအနေဆိုးတစ်ခုကို ကောင်းလာ အောင်၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုပိုရှိလာ စေတာမျိုးဖြစ်ချင်တာပါ။ ဒါကို အမ်တီဗီ က အသိအမှတ်ပြုပေးရင်ကျွန်တော် လည်း ၀မ်းမြောက်ဝမ်းသာ ကျေးဇူးတင် နေမှာပါ"လို့ Jason Mraz ပြောကြား ထားတာကို ၀ါရှင်တန်ပို့စ်မှာ ဖော်ပြထား ပါတယ်။

လူကုန်ကူးနဲ့ပတ်သက်တဲ့ကိစ္စတွေကို လွန်ခဲ့တဲ့ လေးနှစ်လောက်ကတည်းက စိတ်ဝင်စားလာခဲ့တဲ့ Jason ဟာ တခြား နိုင်ငံတွေလည်း ခုလိုပွဲတွေအတွက် သွားရောက်ဖျော်ဖြေခဲ့ဖူးပါတယ်။

"မကြာသေးခင်ရထားတဲ့ ခန့်မှန်းချက် တွေအရ ကမ္ဘာပေါ်မှာကျွန်ပြုခံနေရတဲ့ သူ ၂၇ သန်းလောက် ရှိနေပါတယ်။ ဒီလို ဖြစ်ရတာ ဟာ စီးပွားရေးအကျပ် အတည်းကြောင့် ဖြစ်ရတာပါ။လူလူချင်း အမြတ်ထုတ်မှုတွေကို အနောက်နိုင်ငံ တွေမှာတင်မကဘူး။ ဆင်းရဲပြီး မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေမှာလည်း တွေ့နေရပါ တယ်။

"လူသားကို ကုန်ပစ္စည်းတစ်ခုအဖြစ် ရောင်းဝယ်တာဟာ အမြတ်အစွန်း အများကြီးရတဲ့လုပ်ငန်းတစ်ခုပါ။ ဒါ ကြောင့် ဒီလိုမျိုး လူလူချင်းခေါင်းပုံဖြတ် တာကို တိုက်ဖျက်ဖို့ ကျွန်တော့ရဲ့အသံ၊ ကျွန်တော့ရဲ့သီချင်းနဲ့ အားဖြည့်ကူညီ ပေးဖို့ ခုလိုပါဝင်ခဲ့တာပါ" လို့ Jason ကပြောပါတယ်။

MTV EXITက မြန်မာနိုင်ငံမှာ၂၀၀၉ခုနှစ်နဲ့၂၀၁၂ခုနှစ်အတွင်းမှာလူကုန်ကူးမှုတိုက်ဖျတ်ရေးကို ဖော်ညွှန်းတဲ့ ဖြစ်ရပ်မှန်မှတ်တမ်း ရုပ်ရှင်တွေကို ရိုက် ကူးထုတ်လွှင့်ခဲ့ပေမယ့်နိုင်ငံတကာဂီတ ဖျော်ဖြေပွဲကြီးကိုတော့ ပထမဆုံးအကြိမ် စီစဉ်ခြင်းပဲ ဖြစ်ပါတယ်။

"မြန်မာနိုင်ငံရဲ့လူကုန်ကူးမှုတိုက်ဖျက် ရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ MTV EXIT ကမှတ်တမ်းရုပ်ရှင်တွေ ရိုက်ကူး ထုတ်လွှင့်ခဲ့ပြီးပါပြီ။ အခုဒီတစ်ကြိမ်မှာ တော့ တေးဂီတ၊ အကအဖွဲ့၊ သရုပ် ဆောင် စတဲ့အလွှာစုံက အနုပညာရှင်တွေ ပါဝင်တဲ့ ခမ်းနားကြီးကျယ်တဲ့ အခမဲ့တေးဂီတ ဖျော်ဖြေပွဲကြီးကို မြန်မာနိုင်ငံမှာ ပထမ ဆုံးအကြိမ်ပြုလုပ်မှာပါ" လို့ MTV EXIT ရဲ့ Campaign Director Mr. Matt Love ၊ကမြန်မာတိုင်း(မ်)ကိုပြောပါတယ်။

သူက တေးဂီတပွဲဆိုပေမယ့်လည်း သူတို့ရိုက်ကူးထားတဲ့ လူကုန်ကူးမှုဆိုင် ရာ မှတ်တမ်းရိုက်ရှင်များ၊ အနိုင်ကျင့်ခံ ရသူများနဲ့ အင်တာဗျူးများကို ဖျော်ဖြေ ပွဲမှာ ပရိုဂျက်တာနဲ့ ပြသပြီး ပရိသတ်ကို လူကုန်ကူးမှုအကြောင်း မီးမောင်းထိုးပြ သွားမှာပါလို့လည်း ရှင်းပြပါတယ်။

ခုလိုနိုင်ငံတကာဂီတဖျော်ဖြေပွဲမျိုးကို အာရှနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ ကမ္ဘောဒီး ယား၊ ဖိလစ်ပိုင်၊ဗီယက်နမ်၊ လာအို၊ နီပေါနဲ့ တရုတ်နိုင်ငံတွေမှာတော့ အကြိမ် ၃၀ ကျော်ကျင်းပခဲ့ပြီးအောင်မြင်မှုတွေ လည်း ရရှိခဲ့တယ်လို့ Mr Love ကပြော ပါတယ်။

"တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့် လိုက်ရင် မြန်မာနိုင်ငံမှာ နိုင်ငံတကာ ဂီတဖျော်ဖြေပွဲကျင်းပဖို့ ပြင်ဆင်ရတာ နည်းနည်းတော့ကွာခြားပါတယ်။ အရမ်း စည်းလုံးကြတဲ့ မြန်မာနိုင်ငံသားတွေ အတွက် အပြောင်းအလဲတွေအများကြီး ဖြစ်ပျက်နေတဲ့ကာလမှာ ပထမဆုံးနိုင်ငံတကာ ဖျော်ဖြေပွဲ၊ ပြီးတော့ အခမဲ့ဆိုတာ တွေကြောင့် မျှော်လင့်ရတာတွေက လည်း အများကြီးပါပဲ" လို့လည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အခုလို ဂီတဖျော်ဖြေပွဲ ကျင်းပနိုင်ဖို့အတွက်ကို တစ်နှစ်ကျော် အချိန်ယူ ပြင်ဆင် ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

မြန်မာတိုင်း(မ်)

No comments:

Post a Comment