အပြောင်းအလဲဟာ ပြောင်းလဲ သွားနိုင်တယ်.....

လက်ပံတောင်းအရေး တွေးမိသမျှ ရေးကြည့်ပါ့မယ်။ ကျွန်ုပ်ဟာ
ဘယ်စစ်အာဏာရှင်ကိုမှ မလိုလားသလို အစဉ် ဆန့်ကျင် ပါတယ်။ အခု စစ်ဗိုလ်ချုပ်
စစ်အာဏာရှင်ဟောင်း ဦးသိန်းစိန် အစိုးရ တက်လာပြီး အပြောင်းအလဲ တချို့
တွေ့လာရတယ်။ ဒီအပြောင်းအလဲဖြစ်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD လို၊
မင်းကိုနိုင်၊ ကိုကိုကြီးနဲ့ ၈၈ တွေလို မြန်မာ့ နိုင်ငံရေးမှာ တ ကယ်
အနစ်နာခံ စွန့်လွှတ်ခဲ့ကြသူတွေ ပါဝင်ခွင့် ရလာခဲ့တယ်။
ဒီလို
ဖြစ်စဉ်တွေကိုလည်း ဦးဆောင်တာက သမ္မတ ဦးသိန်းစိန်နဲ့
သူ့လက်ရုံးတချို့ပဲဆိုတာ ပြောလို့ရနိုင်ပါလိမ့်မယ်။ ဦးသိန်းစိန်နဲ့ သူ့
Team ဟာ လက်ရှိ ပြုပြင်ပြောင်းလဲရေး Trend ကို ပဲ့ကိုင်နေသူတွေလို့
ပြောလို့ရပါတယ်။ တဖက်ကလည်း ဦးသိန်းစိန်တို့ဟာ အရင် စစ်ခေါင်းဆောင်
ဗိုလ်ချုပ်မှူးကြီးနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ စစ်အစိုးရဟောင်း တွေကို
အကာအကွယ်လည်း ပေးရင်း စစ်အာဏာရှင် ချက်ကြိုးကို ဖြတ်နိုင်ဖို့ တစ တစ
ကြိုးစားလာနေတာ သတိထားမိပါ တယ်။ ဒီနေရာမှာ ဦးသိန်းစိန်သည်ပင်လျှင်
ဗိုလ်ချုပ်မှူးကြီးရဲ့ ဗျာဒိတ်တော်နဲ့ သမ္မတ ဖြစ်လာခဲ့ရတာ မဟုတ်ပါလား။
ဘာပဲပြောပြော သမ္မတ ဦးသိန်းစိန်ဟာ ဒီမိုကရေစီ အစိုးရဖြစ်ရေး၊
ကြွေးကြော်ပြီး နိုင်ငံတကာကပါ ချီးကျူးခံရလောက် အောင် သူ့ရဲ့
အေးတိအေးစက်ဟန်နဲ့ ရိုးသားမှုကို ပြသတဲ့နေရာမှာ ကျန်တဲ့
စစ်ဗိုလ်ချုပ်တွေထက်သာလွန်လို့ နာမည်ရ ခဲ့တယ်။ ဒီလို နာမည်ရလာတဲ့
ဦးသိန်းစိန်အပေါ် ကျန်တဲ့စစ်ခေါင်းဆောင်တွေနဲ့ စစ်ဗိုလ်လူထွက်
ကြံ့ဖွတ်လူကြီးမင်းများ မနာလိုဖြစ်လာရတာ လူသိရှင်ကြားရော၊ လူမသိ၊
သူမသိရောပါ။
ဒါကြောင့် သမ္မတ ဦးသိန်းစိန်ရဲ့
ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ကမ်း လုပ်ဆောင်လာမှုကြောင့် နိုင်ငံတကာအလယ်မှာ
မြန်မာဆိုတာ ပြန်ဝံ့ကြွားလာနိုင်ခဲ့တယ်။ ဒါကို စစ်ဗိုလ်ချုပ်ဟောင်းများ၊
ကြံ့ဖွတ်မင်းများ ပိုပြီး မနာလိုဖြစ်လာခဲ့တယ်။ ဒါ ကြောင့်ပဲ သမ္မတ
ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်မှာ
ခလုပ်ကန်သင်းဖြစ်စေမယ့် ဖြစ်ရပ်တွေ ဆက်တိုက်ဆိုသလို ဖြစ်လာတာ သတိထားမိတယ်။
ပထမ ဒေါ်အောင်ဆန်းစုကြည် ဥရောပ ခရီးစဉ်မတိုင်ခင်
ရခိုင်အရေးမီးစတွေကို မွှေးခဲ့တယ်။ ကျောက်နီမော်က မိန်းက လေး တဦး
မုဒိန်းကျင့် သတ်ဖြတ်ခံလိုက်ရတယ်။ ဒေသခံတွေ မကျေနပ်မှု စဖြစ်တယ်။ ဒီမှာပဲ
ဘူးသီးတောင်မှာ မွတ်ဆ လင် ၁၀ ဦးဟာ လက်သည် ရှာမရနိုင်အောင်
သတ်ဖြတ်ခံလိုက်ရပြီး ရခိုင်နဲ့ မွတ်ဆလင် အမုန်းမီးကို အရှိန်မြင့်အောင်
ဖန်တီးခဲ့တယ်။
ဒီလိုနဲ့ ရခိုင်က ဘင်ဂါလီနဲ့ မွတ်ဆလင် ကို မုန်း၊
မွတ်ဆလင်နဲ့ ဘင်ဂါလီက ရခိုင်နဲ့ ဗမာကို မုန်း၊ အမုန်းမီးတွေ အပြန်ဖြစ်
စေဖို့ လုပ်ရင် ရခိုင်အရေး အရင်းစစ်တော့ စစ်တပ်က အမြတ်ရသွားပြီး စစ်တပ်ကို
ကယ်တင်ရှင်ကြီးတွေအဖြစ် ပုံသွင်းယူ ခဲ့ကြတယ်။ တကယ် သေကြကြေကြတာက ရခိုင်နဲ့
ဘင်င်္ဂါလီတွေပဲမို့လား၊ အဲဒီတုန်းက ဘယ်ရဲက အဓိကရိုဏ်းဖြစ်တာ ကို သေနတ်တချက်
ဖောက်ခဲ့လို့လား၊ ဖောက်တော့လည်း ရခိုင်တွေဒေါသပိုဖြစ်အောင် ဆွပေးတဲ့အနေနဲ့
ရခိုင်လူအုပ်ထဲ ပစ်သွင်းတာမျိုးတော့ လုပ်ခဲ့တယ်။
နောက် ကချင်အရေး
မငြိမ်းချမ်းသေးတာဘာကြောင့်လဲ၊ ငြိမ်းချမ်းရေး စကားပြောဖို့ သမ္မတ
ဦးသိန်းစိန်နဲ့ သူ့ Team က ကြိုးစားနေချိန် စေ့စပ်ရေး၊ အပစ်အခတ်ရပ်စဲရေး
လုံးပန်းနေချိန် ဦးသိန်စိန်ကြီး နာမည်ပျက်ရေး စစ်တပ်က လက်မနှေး ခဲ့ဘူး။
သေနတ်ဖောက်တယ်။
ကချင်ဘက်လည်း ပြန်ပစ်အောင် ဖန်တီးတယ်။ ဒီလိုနဲ့
စစ်တပ်နဲ့ ကေအိုင်အေ အပြန်အလှန် ပစ်ကြခတ်ကြ၊ အပေါ်မှာတော့
ငြိမ်းချမ်းရေးစကားပြောဖို့ လုပ်နေ၊ အောက်ခြေမှာတော့ စစ်တပ်က ပစ်ခတ်။
စစ်တပ်နဲ့ ကေ အိုင် အေ အစွဲကြီးသူတွေကြောင့် ကချင်ပြည်နယ် ငြိမ်းချမ်းရေး
မရဖြစ်နေတာပါဘဲ။
တကယ်တမ်း ကချင်ပြည်သူ တွေက ငြိမ်းချမ်းရေးဆိုတာ
အိပ်မက်မက်လာတာ မျိုးဆက်တွေ လက်ဆင့်ကမ်းခဲ့တာတောင် အခုထိ အိပ်မက်က ဘယ်
ဆီနေမှန်း မသိရသေးဘူး။
အခုလည်း လာပြန်ပြီး ရခိုင်အရေး လက်စ၊ လက်န
မပေါ်အောင် အာရုံလွှဲဖို့က လိုအပ်လာသလို ကချင်အရေး စစ်တပ်ကို
အပစ်မြင်မှာစိုးလို့ လက်ကွက်ပြောင်း ကစားကြည့်တယ်။
ထုံးစံအတိုင်း
အသွင်ကူးပြောင်းရေးကာလ အပိတ်နိုင်ငံကနေ ပွင့်လင်းစ ပြုလာချိန်မှာ
လူထုဆိုတာ နှစ်ရှည်လများ ခါး စည်း ခံထားလာရသမျှကို ဖွင့်ပြောကြမယ်။
ဆန္ဒပြကြမယ်၊ ကန့်ကွက်ကြမယ်။ လွတ်လပ်တဲ့ အသီးအပွင့် အရသာကို
မြည်းစမ်းကြည့်ကြမယ်။ ဒါဟာ ဓမ္မတာပါဘဲ။
ဒီလို သဘောတရားကို နားလည်နေတဲ့ လက်သည်တွေက ဦးသိန်းစိန်ကြီး ထောင်ချောက်ထဲရောက်အောင်တွန်းပို့ကြမယ်ဆိုတဲ့ စိတ်ကူးက ရှိပြီးသား။
ဦးသိန်းစိန်ကြီးတို့မှာက အတိုက်အခံကို အားပြုရင်း အတွင်း
အာဏာလွန်ဆွဲပွဲမှာ ပြုပြင်ပြောင်းလဲရေး အရှိန်ရဖို့ ခြေကုတ် ယူရတယ်။
သူတို့မှာ စိတ်ပဲ ရှိပြီး လုပ်ရည် ကိုင်ရည်က မရှိလှရှာဘူး။ တချိန်က
ပြည်ပအခြေစိုက် အတိုက်အခံပစ်ဖဲတွေကို အကြံပေးအဖြစ်
မင်းဆရာလုပ်ခိုင်းထားလိုက်တယ်။
အဲဒီလူတွေက သူတို့ထဲ စကေးရှိတယ်။
နိုင်ငံတကာ မျက်နှာစာမှာ ဦးသိန်းစိန်ကြီးကို ရောင်းကောင်းအောင်
ကြော်ငြာထိုး တတ်တယ်။ ဒါတွေကို သကောင့်သားများ မျက်မုန်းကြိုးနေတာ ကြာပြီ။
ဒါက တပိုင်း။
ဒီအချိန်မှာ တရုတ်ကြီးကို ဆန့်ကျင်နေတဲ့
လက်ပံတောင်းဒေသခံတွေရဲ့ သပိတ်ကို မွေးထားတာ ကြာနေပြီ။ ဘယ်အချိန် ထ
ဖောက်ခွဲရမလဲ စောင့်နေတယ်။ တချက်တည်းနဲ့ ၂ ကောင်ပစ်ဖို့ အချိန်က
ကျလာချိန်မှာ ဖောက်ခွဲလိုက်တယ်။ ဦးသိန်းစိန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်
တခါတည်း ၂ ကောင်ကျပေါ့။ ခပ်ကြမ်း ကြမ်း ဖြိုခွင်းလိုက်တာက သံဃာတော် တွေ
အရေခွံတွေကွာကျသွားပြီး လူထု မကျေမနပ်ဖြစ်လာအောင် တနိုင်ငံလုံး ဒေါသမီးတွေ
ဟုန်းဟုန်းတောက်လာအောင် အကွက်သွင်းလိုက်တယ်။
ဦးသိန်းစိန်ကြီးက
ဘာပဲဖြစ်ဖြစ် တာဝန်အရှိဆုံးမို့လား။ ဒီကိစ္စလောင်မီးက ဦးသိန်းစိန်နဲ့ သူ့
Team လက်ရှိနေရာမှာ မမြင်ရ တော့အောင် လုပ်လိုက်တယ်။ ဒီတော့
ဆန္ဒပြပွဲတွေထွက်လာပြီး သူတို့ နုတ်ထွက်ပေးဖို့ တောင်းဆိုလာဖို့
နှပ်ကြောင်းပေး ထားတယ်။ ဆင်ထားတဲ့ ဂွင်ထဲ တည့်တည့် ၀င်သွားနေပြီ။
ဦးသိန်းစိန်နဲ့ သူ့ Team ဒီနေရာမှာ မရှိတော့ရင်တော့
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရော၊ ၈၈ တွေ၊ ကျန်တဲ့ ဒီမိုဆိုတဲ့သူ တွေလည်း
အခုလို ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ထဲလည်း ဆက်ပါဝင်လာဖို့ မလွယ်တော့ဘူး။
ဒီအပြင် ပြုပြင်ပြောင်းလဲရေး ဆိုတာ အသာလေး ဘေးချိတ်ထားလိုက်တော့မယ်။
ဒါတွေကို အတိုက်အခံဆိုသူတွေနဲ့ မြန်မာပြည်သူတွေ တွေးမိကြရဲ့လား။ တွေးမိသမျှ
ရေးကြည့်မိလိုက်တာလေးပါ။ ပြည်သူတွေ သတိရှိကြဖို့လိုပါတယ်။ ပွဲလန့်တုန်း
ဖျာခင်းချင်တဲ့သူတွေအများကြီးရှိနေတယ်။
မင်းလွင်စိုး
No comments:
Post a Comment