Pages

Thursday, 8 November 2012

ကချင်ဒုက္ခသည်များ နိုဝင်ဘာတွင် အိမ်ပြန်ရန် မျှော်လင့်



8 Nov 2012

နိုဝင်ဘာလ ရောက်တိုင်း ကောက်သစ်စားပွဲ ခေါ် ဘုရားသခင် ကျေးဇူးတော် ချီးမွမ်းတဲ့ပွဲတွေကို ကျင်းပပြီး နောက်နှစ် တွေအတွက် ဆုတောင်းတာတွေ၊ အစီအစဉ် ချမှတ်တာတွေ လုပ်ဆောင်လေ့ရှိတဲ့ ကချင်လူမျိုးတွေအတွက် ဒီအချိန် ရောက်ရင် မူရင်းဒေသကို ပြန်ချင်တယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ၀ိန်ပေါင်နိန်းထွဲ အဖွဲ့ တာဝန်ခံ ဒေါ်မယ်ရီတွမ်က ပြောပါတယ်။

ဒေါ်မယ်ရီတွမ်က “နိုဝင်ဘာဆိုတာ စပါးရိတ်သိမ်းတဲ့အချိန်ဖြစ်တယ်။ အသီးအနှံတွေလည်း အင်မတန်မှ ပေါကြွယ်ဝတဲ့ အချိန်ဖြစ်တယ်။ ကျမတို့ ကချင်လူမျိုးတွေအနေနဲ့ လက်ထဲမှာ ပြည့်ပြည့်စုံနေတဲ့အချိန်လို့တောင် ပြောလို့ရတယ်။ အထူး သဖြင့် ဒီလဟာ ဘုရားသခင်ကျေးဇူးတော် ချီးမွမ်းတဲ့လဖြစ်တယ်။ ဒီအချိန်မှာ လူတွေက ကိုယ့်ရဲ့ရပ်ရွာမှာ အလုပ်လည်း အရမ်းများတဲ့အချိန်ဖြစ်သလို ရွာတိုင်းမှာ အိမ်တိုင်း တနှစ်တာလုံး စိုက်ပျိုးခဲ့ရတာတွေကို ရိတ်သိမ်းပြီးတော့ ဘုရား သခင်ကို ကျေးဇူးတော် ချီးမွမ်းတဲ့လ။ အဲဒါကို သူတို့ အရမ်းတမ်းတတယ်။ စခန်းထဲမှာရှိနေတဲ့ သူတွေကတော့ဖြင့်ဆိုပြီး သူတို့ကိုယ်စား အရမ်းလည်း စိတ်မကောင်းဖြစ်မိတယ်။ ”
ကချင်လူမျိုးတွေဟာ အသက်မွေးဝမ်းကြောင်းအဖြစ်နဲ့ တောင်ယာလုပ်ငန်းကို လုပ်ကိုင်ကြတဲ့သူတွေ ဖြစ်ပြီး အရင်က နိုဝင် ဘာလ ရောက်ရင် ကောက်ပဲသီးနှံတွေ ရိတ်သိမ်း ရောင်းချပြီး ငွေစရွှင်တဲ့ အချိန်ဖြစ်တဲ့အတွက် ပျော်စရာကောင်းတဲ့ အချိန် ဖြစ်ပေမယ့် အခုတော့ သောင်းနဲ့ချီတဲ့ ကချင် ရွှေ့ပြောင်းဒုက္ခသည်တွေဟာ စခန်းတွေ၊ တောတွေထဲမှာ ပုန်းအောင် ပြီးတော့ မရေမရာဘ၀နဲ့ အချိန်တွေ ဖြတ်သန်းနေရပါတယ်။

၁ နှစ်ကြာနီးပါး စစ်ပြေးနေတဲ့ လနာ့ဇွပ်ဂျာ ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ဒုက္ခသည်တဦးက အိမ်ပြန်ချင်တဲ့ ခံစားချက်ကို အခုလို ပြောပါတယ်။
“မပြန်နိုင်သေးတဲ့အပေါ်မှာ ခံစားရတာကတော့ ကိုယ့်ရဲ့ထားထားခဲ့တဲ့ ရပ်ရွာ၊ အိုးအိမ်၊ ခြံတွေကို အမြဲတမ်းသတိရတယ်။ အဘိုးအဘွားတွေဆိုရင် မျက်ရည်နဲ့ပဲ အမြဲတမ်းနေနေရတယ်။ ကျမတို့ ပြန်လို့မဖြစ်ပါဘူး။ အားလုံးလိုလိုက ပြန်ချင် ကြတယ်။ ပြန်လို့ရရင် အတောင်ရှိရင် ချက်ချင်း ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်ချင်ကြတယ်။”
အစိုးရတပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်တို့ရဲ့ ၁ နှစ်ကျော်နီးပါးကြာ ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် သောင်းနဲ့ချီတဲ့ ကချင် ဒုက္ခသည်တွေက တောတွင်းနဲ့ နယ်စပ်က စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေကြရပါတယ်။

သေနတ်သံတွေကြားထဲကနေ အ၀တ်တထည်ကိုယ်တခုနဲ့ ထွက်ပြေးလာတဲ့အတွက် ပိုဒုက္ခရောက်တယ်လို့ ဒုက္ခသည် တွေက ပြောပါတယ်။
၂ ဘက် လက်နက်ကိုင်တွေရဲ့ တားမြစ်ထားချက်တွေကြောင့် ကုလသမဂ္ဂက ထောက်ပံ့တဲ့ ပစ္စည်းတွေကလည်း ဒုက္ခသည် တွေ ဆီ မရောက်နိုင်သလို ဒုက္ခသည်အများစုက အစားအသောက်နဲ့ သန့်ရှင်းတဲ့ရေ အလုံအလောက်မရ ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လက တရုတ်နိုင်ငံမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေကိုလည်း တရုတ်အာဏာပိုင် တွေက အတင်းအကျပ် ပြန်ပို့ခဲ့ပါတယ်။ အရင်ရက်ပိုင်းက အစိုးရနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်တို့အကြား စေ့စပ်ဆွေးနွေး ပြောဆိုတာ တွေက ဒုက္ခသည်တွေ မူရင်းနေရာကို ပြန်နေရေးအတွက် မျှော်လင့်ချက်တခု ဖြစ်စေခဲ့ပါတယ်။

(DVB)

No comments:

Post a Comment