Pages

Thursday, 8 November 2012

သံတွဲမြို့ဂျာမေဗလီကို စစ်ဆေးရာလက်နက်များ တွေ့ရှိသဖြင့် တာဝန်ရှိသူ နှစ်ဦးအားဖမ်းဆီး စစ်ဆေး

 Thursday, 08 November 2012 01:36


သံတွဲမြို့ပေါ်ရှိ ဂျာမေဗလီမှ လက်နက်များတွေ့ရှိသဖြင့် လူနှစ်ဦးကို ဖမ်းဆီးကာ ရုံးတင်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။         

အဆိုပါလက်နက်များကို အောက်တိုဘာလ ၃၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် သံတွဲမြို့ ၊အမှတ်(၃)ရပ်ကွက်၊ ဂျာမေဗလီကို ရှောင်တခင်ဝင်ရောက် စစ်ဆေးရာတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး တွေ့ရှိသော လက်နက်များမှာ သံပိုက်လုံးတပ်ဆင်ထားသောအရှည် ၅ ပေ ၉ လက်မခန့်ရှိ အသွားသန်လျက်ပုံပါ လှံတစ်ချောင်း၊ ၀ါးအရိုးသံပိုက်လုံး ၂ ပေ ၃ လက်မ ခန့်ရှိ ၀ါးဦးချွန် ၀ါးရှည်တစ်ချောင်း၊ ၀ါးရိုးတပ်ထားသော ၂ ပေ ၃ လက်မ ခန့်ရှိ ၀ါးရှည်တစ်ချောင်း၊ သံဖြင့်ပြုလုပ်ထားသော ဂျင်ကလိ ၁၅ ချောင်း၊ ဖူဂျီဆပ်ပြာပလတ်စတစ်ဘူးဖြင့် ထည့်ထားသော ဂေါ်လီလုံး ၁၇၈လုံး၊ လောက်စာလုံး လေးဂွပစ်အရွယ်ကျောက်ခဲ ၁၃ လုံး၊ ကျွဲချိုဖြင့်ပြုလုပ်ထားသော လေးဂွနှစ်ခုနှင့် သစ်သားလေးဂွတစ်ခု၊ လွယ်ကြိုးပါသော လွယ်အိတ်သားရေအညိုရောင် အလျားတစ်ပေခန့် အနံ ၁၀ လက် မခန့် အိတ်တစ်လုံး၊ အနီရောင်ဆေးသုတ်ထားသော သံပိုက်လုံးတစ်ချောင်း၊ အနီရောင်ဆေးသုတ်ထားသော နှစ်ပေခန့်ရှိ သံပိုက်လုံးတစ်ချောင်း၊ BINOCULARS  တံဆိပ်ပါပြောက်ကျားမှန်ဘီလူးတစ်ခုနှင့် မှန်ဘီလူးထည့်သည့် အစိမ်းရောင် ပြောက်ကျားအိတ်တစ်ခုတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှ သိရသည်။


သံတွဲမြို့ပေါ်ရှိ ဗလီနှင့်ဘုန်းကြီးကျောင်းများအား စစ်ဆေးရှာဖွေရန် ဆုံးဖြတ်ချက်အရ သံတွဲမြို့နယ်ရဲမှူး၊ အထူးစုံစမ်းစစ်ဆေးရေး၊မြို့နယ်ထွေ အုပ်၊မြို့မိမြို့ဖများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သည့်အဖွဲ့သည် သံတွဲမြို့  ၃ ရပ်ကွက်ရှိဂျာမေဗလီသို့ ၀င်ရောက်ရှာဖွေခဲ့ရာ ဗလီဆရာတစ်ဦးနှင့် ဗလီဂေါပကတစ်ဦးတို့အားတွေ့ရှိပြီး ဗလီအတွင်းရှာဖွေစဉ် လက်နက်များကိုတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သတ်၍ ဗလီဆရာဦး---(၆၁နှစ်)၊ ဘင်္ဂါလီ၂ ရပ်ကွက် သံတွဲမြို့နှင့် ဗလီဂေါပက ဦး----(၇၀နှစ်)၊ ဘင်္ဂါလီ ၂ ရပ်ကွက်၊ သံတွဲမြို့နေသူတို့အား သံတွဲရဲစခန်းမှ (ပ)၁၁၄ /၂၀၁၂၊ လက်နက် ပုဒ်မ ၁၉(င) အရ အမှုဖွင့်အရေးယူစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဖမ်းဆီးထားသူများကို ပုဒ်မ ၁၉ (က)ဖြင့် သံတွဲမြို့နယ်တရားရုံးတွင် နိုဝင်ဘာလ ၁ ရက်နေ့က စတင်အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပဋိပက္ခအခြေအနေများကို ထိန်းသိမ်းနိုင်ရန် တရားမ၀င်ကိုင်ဆောင်ထားသော လက်နက်ဥပဒေပါ လက်နက်များကို နီးစပ်ရာရဲစခန်းနှင့် လုံခြုံရေးအဖွဲ့များထံ သုံးရက်အတွင်း အပ်နှံရမည် ဖြစ်ကြောင်း အောက်တိုဘာလ ၃၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ကြေညာခဲ့သည်။ ထုတ်ပြန်ကြေညာပြီးနောက် လက်နက်များလာရောက် အပ်နှံမှုများရှိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှ သိရသည်။
Eleven Media Goup

No comments:

Post a Comment