Pages

Monday, 22 October 2012

One More ကတဆင့် သန်းတရာကျော် လှူပြီးပြီ




 

~

ဒီလိုစာသင်ကျောင်းမျိုးကိုလည်း One More ကတဆင့် အကူအညီတွေ ရောက်နေပြီလို့ သိရပါတယ်

တစ်ယောက် ငွေ ၁,၀၀၀ ကျပ် စုပြီး ပညာရေး၊ ကျန်းမာရေးနဲ့ သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့တဲ့နေရာတွေကို အဓိကထား လှူဒါန်းနေတဲ့ One More အဖွဲ့ဟာ အခုဆို သက်တမ်း (၁)နှစ်နဲ့(၂)လ ရှိပြီဖြစ်ပါတယ်။

One More ဟာ ပြည်တွင်းမှာ လစဉ်အလှူငွေကောက်ခံရရှိမှု အများဆုံးဖြစ်ပြီး ပွင့်လင်း မြင်သာမှုရှိတဲ့ အတွက်ကြောင့် အလှူရှင်ပါဝင်မှုက တစ်ဆတစ်ဆ တိုးများလာခဲ့ပါတယ်။  

ယခုအချိန်ထိ လူဦးရေ (၁၆၃,၁၀၁) ကနေ ကောက်ခံရရှိတဲ့ ကျပ်ငွေ စုစုပေါင်း (၁၆၃,၁၀၁,၀၀၀) ကို မြန်မာ နိုင်ငံအနှံ့ မှာရှိတဲ့ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများ၊ ဆေးရုံများ၊ ဒုက္ခသည်စခန်းများကို လှူဒါန်းပြီးဖြစ်ပါတယ်။

    “One More ကို လှူဒါန်းလို့အဆင်ပြေအောင်နဲ့ အားလုံး ပါဝင်လှူဒါန်းနိုင်အောင် စီစဉ်ထားပါတယ်။ လှူဒါန်းမှုတွေမှာဆို လူချမ်းသာတွေသာ လှူဒါန်းနိုင်တာမျိုး မဟုတ်ဘဲ လူတိုင်းအားလုံး ပါဝင် လှူဒါန်းနိုင်ဖို့ ရည်ရွယ်ပြီး One More ကို တည်ထောင်ခဲ့တာဖြစ်ပါတယ်” လို့ စတင်တည်ထောင်သူများထဲမှာ တစ်ဦး အပါအ၀င်ဖြစ်တဲ့ ကိုပြည်သွေးနိုင်က ဆိုပါတယ်။

    လစဉ်လကုန်ရက်တိုင်း လက်ခံရရှိတဲ့ငွေအားလုံးကို လက်ကျန်ငွေမချန်ပဲ လှူတာမျိုးဖြစ်ပြီး လှူဒါန်းမှု တွေနဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်တွေကို ဂျာနယ်တချို့နဲ့ One More ရဲ့အင်တာနက် စာမျက်နှာဖြစ်တဲ့ www.onemore1000.net မှာ လစဉ် ဖော်ပြပေးထားပါတယ်။

    အခုလတွေအတွင်း လှူဒါန်းတဲ့ အလှူရှင်တွေထဲမှာ ပြည်တွင်းကအလှူရှင်တွေသာမက နိုင်ငံခြား ရောက် မြန်မာနိုင်ငံသားတွေလည်း ပါဝင် လှူဒါန်းလာကြတာ တွေ့ရပါတယ်။

    နိုင်ငံခြားရောက်မြန်မာတွေ ပါဝင်လှူဒါန်းဖို့ အဆင်ပြေအောင် ၁၀၀၀ကျပ်နဲ့ ညီမျှတဲ့ နိုင်ငံခြားငွေ လွှဲလို့ရမယ့် charity account တစ်ခု စကာင်္ပူမှာ ဖွင့်ဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

    “one more မှာ တစ်လတစ်ထောင် လှူနေတာကြာပြီ၊  များများစားစား လှူဒါန်းမှု မလုပ်နိုင်တဲ့ ကျွန်တော်တို့လို လခစားဝန်ထမ်းတွေအတွက် ဒါက အဆင်ပြေတယ်၊  မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ လူအများစုက တစ်ယောက်ကို တစ်ထောင်လှူမယ် ဆိုရင် ဒုက္ခရောက်နေတဲ့ နေရာတွေကို ကူညီမှုတွေ ပေးနိုင်တယ်၊  တစ်လ တစ်ထောင်ပဲလှူတယ် ဆိုပေမဲ့ အားလုံးစုပေါင်းပြီး လှူဒါန်းတဲ့ အခါကြတော့ ထိရောက်မှု အများကြီး ရှိပါတယ်” လို့ One More မှာ လစဉ် ပါဝင်လှူဒါန်းနေသူတစ်ဦးက ပြောပါတယ်။


    မြန်မာနိုင်ငံဒေသအသီးသီးမှာရှိတဲ့ စေတနာဖြင့် ကူညီပေးနေသူများရဲ့ စီစဉ်ဆောင်ရွက်ပေးမှုနဲ့ OneMore ကို ဆန္ဒတူချင်း ချိတ်ဆက်လည်ပတ်နေတာဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ပြည်၊ မြင်းခြံ၊ မြစ်ကြီးနား၊ မုံရွာ၊ ဆိပ်ဖြူ၊ လာရှိုး၊ ဒလ၊  ကွမ်းခြံကုန်း၊ ဘားအံ၊ စစ်တွေအစရှိတဲ့ နေရာဒေသများစွာသို့ လှူဒါန်းမှုများပြုလုပ်ခဲ့ကြောင်းသိရပါတယ်။
Monday, October 22, 2012  Sithu Linn  

No comments:

Post a Comment