Friday, 19 October 2012

ကြန့်ကြာနေသည့် ဒွါရာဝတီဈေးသစ် ဆောက်လုပ်ရေး စတင်




လွန်ခဲ့တဲ့ (၈)လခန့်က မီးလောင်ကျွမ်းခံခဲ့ရသည့် သံတွဲမြို့၊ဒွါရာဝတီဈေး အသစ်ပြန်လည်တည်ဆောက်ရေး
လုပ်ငန်းများ မကြာမီ ရက်ပိုင်းမှစတင်နေပြီဖြစ်သည်။
ဈေးသစ်တည်ဆောက်ရေး တင်ဒါ အောင်မြင်ခဲ့သော RICH LIFE ကုမ္ပဏီကဆောင်ရွက်နေပြီး ကုမ္ပဏီအနေဖြင့် ပြည်နယ်အစိုးရနှင့် စာချုပ်ပြီး (၆) လအတွင်း အပြီးသတ်ရမည်ဖြစ်ကြောင်း ဈေးသစ်တည်ဆောက်မှု ကြီးကြပ်ရေး ကော်မတီ ဒုဥက္ကဋ္ဌ ဦးစိုးသန်းက ပြောသည်။

ဈေးသစ်ပုံစံနှင့် ဆိုင်ခန်းများနေရာချထားမှု အပေါ် ဆိုင်ရှင်များနှင့် သက်ဆိုင်ရာတာဝန်ရှိများ အငြင်းပွားဆွေးနွေး မှုများကြောင့် တည်ဆောက်ရန် ကြန့်ကြာခဲ့ရကြောင်း ဈေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခင်ဈေးတွင် ဆိုင်ခန်းပေါင်း(၉၀၉)ခန်းရှိခဲ့သော်လည်း ဈေးအသစ်တွင်မူ
နှစ်ထပ်ဈေးရုံနှစ်ရုံ အပါအဝင် စုစုပေါင်း ဈေးရုံ ၃၃ ရုံ၌ ဆိုင်ခန်းပေါင်း (၁၀၀၆) ခန်း ပါဝင်မည်ဖြစ်သည်။

"မီးသတ်ကားအလွယ်တကူဝင်ရောက်နိုင်မယ့်၁၅ပေအကျယ်လမ်ကြီးနှစ်ခုနဲ့ ရေစင်တွေပါဝင်ပါမှာပါ" ဦးစိုးသန်းက YPI သို့ပြောသည်။

ယခုဈေးသစ်အတွက် ကျသင့်မည့် ဆိုင်ခန်းဖိုးများလွန်းသည် ဟုလည်းဈေးသူဈေးသားများကပြောသည်။ နံရံမပါသော၃ပေခွဲ၎ပေ ဆိုင်ခန်းတစ်ခန်းလျှင် နှစ်သိန်းနှစ်သောင်းကျော်၊ ဈေးပတ်လည်ရှိ ရှစ်ပေပတ်လည်ဆိုင်ခန်းတစ်ခန်းလျှင် သိန်းနှစ်ဆယ်ကျော် ပေးဆောင်ရန် သတ်မှတ်ထားသည်။

ယခုလို ဆိုင်ခန်း အဆောက်အဦခ မြင့်နေခြင်းနှင့် ပတ်သက်ပြီး ဦးစိုးသန်းက ဆိုင်ခန်းဖိုးတွေများသွားတာက တောဆိုင်ခန်းမဟုတ်တဲ့ ဈေးနေရာတွေဥပမာ.လမ်းတွေ ရေလှောင်
ကန်တွေ အတွက်ကြာင့်ပါ ဒါကိုဆိုင်ရှင်တွေက ပေးလိုက်ရတဲ့သဘောပါ"ဟု ပြောသည်။

ဒွါရာဝတီဈေး မီးလောင်မှုကြောင့် ဆုံးရှုံးမှု တန်ဖိုးမှာ ကျပ်သန်းပေါင်းထောင်ချီ ရှိသည်ဟု ဈေးသူဈေးသားများက ခန့်မှန်းကြသည်။ ဆုံးရှုံးမှု မီးအာမခံ မထားရှိသဖြင့် လျော်ကြေးတစုံတရာ မရရှိခဲ့ကြပေ။

မီးလောင်ကျွမ်းပြီးသည့်အချိန်မှစ၍ ယခုအချိန်ထိ ဒွါရာဝတီ ဈေးသူဈေးသားများမှာ ယာယီဈေးတွင် ဖွင့်လှစ်ရောင်းချလျှက်ရှိသည်။ ။
ပိုင်စိုး
မူရင်းသတင်း----Yangon Press International

No comments:

Post a Comment