Pages

Monday, 22 October 2012

နိုင်ငံရေးကြောက်သူ {သွန်းနေစိုး}



ကျနော်က ...
နိုင်ငံရေးစာတွေ ရေးမယ်လို့လဲ ပြောသေးရဲ့။

တစ်ချို့သိတဲ့သူတွေလည်း သိပါလိမ့်မယ်။ ဟိုစပ်စပ် ဒီစပ်စပ် နိုင်ငံရေးယောင်ခဲ့တာကလေးတွေလည်း ရှိ။ ခုကျမှ အပေါ်ကလို ခေါင်းစဉ်ကြီးတပ်လိုက်တော့ ဘယ့်နှယ့်ဟာကြီးလဲလို့ ထင်ကြမှာပါပဲ။

တကယ်ပါ။ ကျနော် နိုင်ငံရေးကို တကယ်ကြောက်သွားတာ။

အရင်ဆုံး ... ကျနော်တွေးမိတဲ့အတွေးတွေးတွေက စတယ်။
မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းရဲ့ ထင်ရှားသူတွေထဲမှာ
ကျနော် အင်မတန်ခိုက်တဲ့သူတွေရှိတယ်။
ထိပ်ဆုံးက ဗိုလ်ချုပ်အောင်ဆန်းပြီးရင် သခင်သန်းထွန်းတို့၊ သခင်စိုးတို့ပေါ့။

ဒါပေမဲ့ သူတို့သမိုင်းဟာ ဖုံးကွယ်တိမ်မြှုပ်ခံရတယ်လို့ ကျနော်ထင်တယ်။
ဦးနေ၀င်းခေတ်တလျှောက် ဗိုလ်ချုပ်ပြီးရင် ဦးနေ၀င်းကပဲ တကယ့်လွတ်လပ်ရေးကြိုးပမ်းမှု စွမ်းဆောင်ရှင်ကြီးလိုလို။

ဟိုးတလောကလည်း ကျနော် ပြဿနာ တစ်ခု တက်သေးတယ်။ Hot News ဂျာနယ်မှာ ရေးတုန်းက။
ဒေါက်တာဗမော်အကြောင်း ရေးမိတော့ လူတစ်ယောက်က မော်နီတာဂျာနယ်ကနေ ကျနော့်ကို ဆော်တယ်။
သူပြောတဲ့ထဲမှာ ဒေါက်တာဗမော်ကောင်းကြောင်းက သိပ်များနေသလိုပဲ။
ကျနော်သိတာတော့ ဒေါက်တာဗမော်ဟာ ကိုလိုနီနန်းရင်းဝန်ကြီးလုပ်ခဲ့တယ်။ သူ့ခေတ်မှာ သေခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေ မနည်းဘူးပဲ။
သီချင်းတစ်ပိုင်းတစ်စတောင် ခုထိမှတ်မိနေသေးတယ်။ ဗမော်၊ ဘဦးတို့က ရှုပ်သနော် ... ဆိုလား။

ဒါနဲ့ ကျနော်က ရွှဲ့ပြီး ဒေါက်တာဗမော်သိပ်ကောင်းတယ်ထင်ရင် ဒေါက်တာဗမော်၏ မြန်မာ့လွတ်လပ်ရေးတွင် သက်စွန့်ကြိုးပမ်း ထမ်းဆောင်ခဲ့ပုံများဆိုပြီး စာအုပ်ထုတ်ပါလားဆိုတော့ ... သိပ်မကြာပါဘူးဗျာ၊ စာတစ်အုပ်ထွက်လာတာ တွေ့တယ်။ အဲဒီခေါင်းစဉ်မျိုးဆန်ဆန်နဲ့။ ဒေါက်တာဗမော်ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိကို ဘာသာပြန်ထားတာ။ ကိုယ်ရေးအတ္ထုပ္ပတ္တိ ဆိုမှတော့ သူ့ကိုယ်သူ အကောင်းပဲ ရေးတော့မပေါ့ဗျာ။ မဟုတ်ဘူးလား။ အဲဒါကို ပေးလိုက်တဲ့ မြန်မာပြန်နာမည်က လန့်စရာ။

ကျနော်ပြောချင်တာက ဒေါက်တာဗမော်ကောင်းခဲ့တာတွေ ရှိကောင်းရှိပါလိမ့်မယ်။
ဒါပေမဲ့ သူဆိုးခဲ့တာတွေလည်း ရှိမှာပါပဲ။
ကိုလိုနီခေတ်၊ ဂျပန့်ခေတ် ... နန်းရင်းဝန်ကြီး၊ အဓိပတိကြီးကောင်းစားနေစဉ်မှာ အသေခံတိုက်ခဲ့ကြတဲ့ သူတွေကရော။ ဘာလို့ တိမ်မြုပ်နေရတာလဲ။
စကားပမာ သခင်စိုးဆိုရင် ဂျပန်ကို တော်လှန်ဖို့ အစောဆုံးကြိုမြင်ခဲ့တဲ့သူ။ အစောဆုံးဆော်သြခဲ့တဲ့သူ။
ဒါပေမဲ့ သူ့အတ္ထုပ္ပတ္တိရယ်လို့ ဟုတ်ဟုတ်ငြားငြား မတွေ့မိပါ။
သခင်သန်းထွန်းဆိုလည်း ဂျပန့်ခေတ်မှာ သက်စွန့်ဆံဖျား စည်းရုံးခဲ့တာတွေ၊ မြေအောက်တော်လှန်ရေးခေါင်းဆောင်ခဲ့တာတွေ သိပ်မတွေ့ရ။
သခင်သန်းထွန်း၏ နောက်ဆုံးနေများ စာအုပ်ကြီးပဲ ထင်ရှားနေတယ်။
ရှေ့မီနောက်မီ ဗကပ ဟောင်းကြီး တစ်ယောက်က ပြောဘူးတယ်။ အဲဒီစာအုပ်မှာ သမိုင်းအမှားတွေ အများကြီးပါသတဲ့။
ကျနော်တို့ကတော့ မမီတော့ ဘယ်သိပါ့မလဲ။ ဒါပေမဲ့ မဖော်ထုတ်နိုင်ခဲ့တာကိုပြောတာ။

တစ်ခါတစ်လေ သမိုင်းက တော်တော်ရယ်ရတယ်။
ဘုရားကားအောက် မြောက်ကားအထက် ဖြစ်နေတာတွေ အများကြီး။
တကယ်စွန့်လွှတ်စွန့်စားခဲ့သူက တိမ်မြုပ်ပြီး ရေပေါ်ဆီ နေရာယူတတ်သူက နေရာရနေတာတွေ အများကြီး။

အဲဒါကို ခုခေတ်မှာ ပိုတွေ့ရသလားလို့။
ခုတလော နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ တော်တော်စကားပြောဖြစ်တယ်။
သူတို့ရဲ့ ဖြတ်သန်းမှုတွေ၊ သူတို့ရဲ့ လက်ရှိဘ၀တွေ၊ ပြီးတော့ ... သူတို့ရဲ့ အနာတွေ။

ထောင်ထဲမှာတုန်းက ... HS ဆွဲရအောင် (အစာငတ်ခံ ဆန္ဒပြရအောင်) လုပ်တိုင်း အဝေးဆုံးရှောင်သူမျိုးက အခု အပြင်မှာ သူရဲကောင်းကြီးလုပ်နေတာတွေ။
ထောင်ထဲမှာ အာဏာပိုင်သတင်းပေး လုပ်နေသူက အသံကောင်းဟစ်နေတာတွေ။
သူဖော်လို့ တစ်ပြုံလုံး ထောင်ကျခဲ့ရပြီး အပြင်ရောက်မှ အမျိုးသားသူရဲကောင်းယောင်ဆောင်နေတာမျိုးတွေ အများကြီး။

သူတို့ပြောတာ နားထောင်ရင်း ကျနော် နိုင်ငံရေးဆိုတာကြီးကို တကယ်ကြောက်လာပါတယ်။
အရင်က ဘာပဲလုပ်ခဲ့ဦး အခုလက်ရှိ ကောင်းတာဆက်လုပ်နေရင် တစ်မျိုးပေါ့လေ။
အခုလည်း ကပ်ဖားရက်ဖားလောက်၊ အိတ်ပြေးဆွဲရုံလောက်နဲ့ နေရာရနေသူတွေ၊
အဲဒီလို ဖော်လံဖားအလုပ်ပဲ ဆက်လုပ်နေတဲ့ သူရဲကောင်းအသစ်ကြီးတွေကို တွေ့လာရတော့ ...
ကျနော် စဉ်းစားမိတာ တစ်ခုရှိလာတယ်။

နိုင်ငံရေးဆိုတာ ကိုယ်ကျိုး လုံးဝကြည့်ရင်ကြည့်၊
ဒါမှမဟုတ် ကိုယ်ကျိုး လုံးဝစွန့်ရင်လည်း စွန့်ရတဲ့ အလုပ်မျိုးပဲ လို့ပါ။
ကိုယ်ကျိုးစွန့်တာမှ နာမည်၊ ဂုဏ်သိက္ခာ၊ မိသားစု၊ ဘ၀ အားလုံးစွန့်ရမှာနော်။
ဘယ်လောက်ကြီး ကိုယ်ကျိုးစွန့်ခဲ့ စွန့်ခဲ့ သေတာတောင် နာမည်လည်း မကျန် လူမသိသူမသိတွေ ထုနဲ့ဒေး။
တကယ်စွန့်လွှတ်စွန့်စားခဲ့သူတွေပေမဲ့ နေရာမယူတတ်လို့ နေရာမရသူတွေအများကြီး။
ဘ၀ပျက်သွားသူတွေ ဘ၀ပျက်နေဆဲသူတွေကို တွေ့တဲ့အခါ ခံစားတတ်တဲ့ နှလုံးသားက သူတို့အတွက် ကျနော် အသည်းနာမိပါတယ်။

ဟိုတစ်ဘက်မှာတော့ ဖော်လံဖားတွေက ...
ဆရာကြီး သခင်ကိုယ်တော်မှိုင်းစကားလို မင်းတကာ အာဏာမြှောင်လို့ ဘာကောင်ကြီး ညာကောင်ကြီးတွေဖြစ်ကုန်ကြ။
သေချာတာတော့ ဒီမိုး ဒီရေ ဒီလူတွေနဲ့ ကျနော်ကြောက်လှမိတဲ့ အကြောင်းပါပဲ။

သွန်းနေစိုး Thorn Nay Soe

No comments:

Post a Comment