Pages

Thursday, 1 November 2012

မြန်မာအစိုးရတပ် နှင့် တိုင်းရင်းသားပူးပေါင်းတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွား



October 31, 2012 Posted by သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်နှင့်နမ့်ခမ်းမြို့နယ် အကြား စယ်နေကျေးရွာအနီးတွင် အစိုးရတပ် နှင့် တိုင်းရင်းသား ပူးပေါင်းတပ်တို့အောက်တိုဘာလ ၂၇ ရက်ကတိုက်ပွဲဖြစ်ပွားခဲ့သည်ဟုစုံစမ်းသိရှိရသည်။

ပလောင်ဒေသတွင် ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၊ သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် ပလောင် လွတ်မြောက် ရေးတပ်မတော် TNLA စသောပူးပေါင်းတပ်များကမူးယစ်တိုက်ဖျက်ရေးနှင့် နိုင်ငံရေးစည်းရုံးရေးဆင်း နေချိန် အစိုးရစစ်တပ်က လိုက်လံနှောင့်ယှက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA အတွင်းရေးမှူးမိုင်းဘုန်းကျော်ကပြောပါသည်။

“ကျနော်တို့ ပူပေါင်းတပ်တွေက တရွာဝင်တရွာထွက် နယ်လှည့် ဆွေးနွေးရေးဆင်းနေတုန်း မှာ အစိုးရတပ်ကနောက် ကနေလိုက်လာတော့ တိုက်ပွဲဖြစ်တော့တာဘဲ။ မနက် ၉ နာရီ ကနေ နေ့ လည် ၁း၃၀ နာရီအထိ တိုက်ပွဲဖြစ်ကြတယ် ၊ ဒီနေ့အထိတော့အစိုးရတပ် ဘက်ကကျနော်တို့ ရှိနေတဲ့ နေရာ မှန်း ပြီးလက်နက်ကြီး နဲ့ ပစ်နေသေးတယ် ၊ ကျနော် တို့ တပ်ကိုတော့မထိ ဘူး”ဟု မိုင်းဘုန်းကျော်က ပြောပြသည်။

ဤတိုက်ပွဲသည် အစိုးရတပ် ခမရ(၅၀၁)နှင့်ခလရ(၁၄၄)ပူးပေါင်းစစ်ကြောင်း ဖြစ်ပြီး ၊အစိုးရ ဘက် က (၈) ယောက် သေ (၁၀)ယောက်ကျော်ဒဏ်ရာရရှိနေကြောင်း၊ ဒဏ်ရာရ သူများအား ယမန်နေ့က မိုင်းဝီးဆေးရုံ မှသယ်ထုတ် သွားကြပြီဖြစ်ကြောင်း မည်သည့်နေရာသို့ ပို့ဆောင်မည်ကိုမူ မသိရသေးကြောင်း၎င်းကဆက်လက်ပြောပြသည်။

အစိုးရ တပ်ဖွဲ့များသည်ပလောင်ကိုယ်ပိုင်အုပ်ချုပ်ဒေသဖြစ်သည့်နမ့်ဆန်နှင့်မန်တုံမြို့နယ် ထဲတွင်တပ်ရင်း (၁၀) ရင်း ထက်မနည်း လှုပ်ရှားနေကြောင်း ၊နမ့်ခမ်းမြို့ နှင့် မန်တုံမြို့နယ်ရှိ ပိုက်လိုင်းလုံခြုံရေးအကြောင်းပြကာ အစိုးရကတပ် အင်အားပိုမိုတိုးချထားကြောင်း သူကဆက်ပြီးပြောပြသည်။

မြန်မာအစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် တဖွဲ့ပြီးတဖွဲ့ အပစ်ရပ်ကာ ငြိမ်းချမ်းရေးတည် ဆောက် နေသော်လည်း တအာင်းအမျိုးသား လွတ် မြောက်ရေးတပ်မတော် TNLA ကိုမူ ငြိမ်းချမ်းရေး ကမ်းလှမ်းထားခြင်း မရှိသေးဘူး ဟု အတွင်းရေးမှူး မိုင်းဘုန်းကျော် က ဆိုသည်။

ထို့အတူ အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တဖွဲ့ဖြစ်သည့် ကေအိုင်အိုနှင့် အစိုးရတို့ ယနေ့ အောက်တို ဘာလ ၃၀ ရက် ရွှေ လီမြို့၌ တွေ့ဆုံသော်လည်း စစ်ပွဲရပ်တန့်ရေးအတွက် ဆွေးနွေးနိုင်ခြင်းမရှိဘဲ နိုင်ငံရေးအရဆက် လက်ဆွေးနွေး သွားမည်ဆိုသည့် သဘောတူညီမှုဖြင့်သာ ဆွေးနွေးပွဲပြီးဆုံးသွားခဲ့သည်။

No comments:

Post a Comment