![]() |
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ စက်တင်ဘာလ ၂၄ ရက်နေ့ တနင်္လာနေ့မှာ Louisville တက္ကသိုလ်က ကျောင်းသူကျောင်းသားတွေ နဲ့ တွေ့ဆုံမှာ ဖြစ်သလို Kentucky ပြည်နယ် အနီးအနားက Tennessee ပြည်နယ်၊ Ohio ပြည်နယ်တွေက မြန်မာမိသားစု အသိုင်းအ၀ိုင်းတွေ နဲ့လည်း ဒီ Louisville တက္ကသိုလ်မှာပဲ တွေ့ဆုံမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံသား မိသားစုတွေ တွေ့ဆုံဖို့ စီစဉ်သူ တာဝန်ခံတဦးဖြစ်တဲ့ Kentucky ပြည်နယ်က ကိုတေဇ က ဗွီအိုအေကို အခုလို ရှင်းပြပါတယ်။
“ဆီနိတ်တာ မစ်ခ်ျမက်ကောနဲလ် နဲ့ သီးခြားတွေ့ဆုံဖို့ လုပ်နေတယ်လို့ သိတယ်ခင်ဗျ။ Louisville မှာ ရောက်ရှိနေတဲ့ အချိန်မှာတော့ ကျနော်တို့ ဒီညနေကစပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုတဲ့အနေနဲ့ ကျနော်တို့ ဘုရားကျောင်းမှာ နေရာကျယ်တဲ့အတွက် အဲဒီမှာပဲ ကျနော်တို့ စပြီး ကျင်းပဖြစ်တယ်။ အဲဒီမှာ ကျနော်တို့ စီစဉ်ထားတာ ကတော့ မြန်မာပြည် အတွက် မျှော်လင့်ချက်ပေါ့နော်၊ Hope for the Future of Burma Democracy ဆိုပြီး အဲဒီခေါင်းစည်းလေးနဲ့ ဟောပြောပွဲလေး တခုပါ။ ဒီက community လူကြီးတွေရော၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေရော၊ တယောက် လေးငါး မိနစ်လောက် ပြောခွင့် ကျနော်တို့ ပေးထားပါတယ်။ နောက် ကျနော်တို့ ပရိသတ်တွေ အားလုံးပေါ့။ သုံး လေးရာလောက်တော့ တက်မယ်လို့ ကျနော်တို့ ခန့်မှန်းထားပါတယ်။ ကျနော်တို့ မြို့ခံတွေရော၊ အခြား ဒေသအလိုက် လူတွေရော။ ပြီးရင် ကျနော်တို့ ရှေ့ထွက်ပြီးတော့ ည ၇ နာရီခွဲမှာ ဖယောင်းတိုင်မီး ထွန်းပြီးတော့ သက်ဆိုင်ရာ ဘာသာရေး ခေါင်းဆောင်တွေနဲ့အတူ ကျနော်တို့ ဆုတောင်းပွဲ ကျင်းပမှာပါ။”
ဒီကနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပွဲနဲ့ပတ်သက်ပြီးတော့လည်း ကိုတေဇ က အခုလို ပြောပြပါတယ်။
“ကျနော်တို့ မြန်မာ community က ၂၅၀ စာ သီးခြား လက်မှတ်တခု ရထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ lecture တက်ဖို့တက်ဖို့ပေါ့။ အဲဒီမှာ ကျနော်တို့ University of Louisville က ကျောင်းသူကျောင်းသားတွေရယ်၊ အာဏာပိုင် အဖွဲ့အစည်းက လူတွေရယ်၊ ဆီးနိတ်က ဧည့်သည်တွေနဲ့ ဒီမြို့က တခြား အဖွဲ့အစည်းတွေက လူကြီးတွေနဲ့ရော၊ နောက် ဒီက နိုင်ငံရေး အဖွဲ့အစည်းက လူတွေရော၊ မြို့ခံတွေလည်း တက်မှာပါ။”
Louisville မြို့ကို ဒေါ်အောင်ဆန်းစုကြည် မရောက်လာခင် စက်တင်ဘာလ ၂၂ ရက် စနေနေ့က နယူးယောက်မြို့မှာ Queens College တက္ကသိုလ် ကျောင်းသားတွေ၊ မြန်မာမိသားစုတွေ နဲ့ တွေ့ဆုံခဲ့ပါတယ်။ နိုင်ငံရေးသိပ္ပံပညာ သင်ယူနေသူ အမေရိကန် ကျောင်းသားတဦး က ဒေါ်အောင်ဆန်းစုကြည်ဟာ တချိန်တည်းမှာ အစိုးရနဲ့ သဘောထား ကွဲလွဲသူ၊ တချိန်တည်းမှာပဲ လွှတ်တော်အမတ် တဦး အနေနဲ့ အတွေးအမြင် ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေပါသလား လို့ မေးတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က -
“ပြောရမယ်ဆိုရင် ရှင်ထင်သလိုမျိုး ဖြစ်တာပေါ့ ရှင်။ ဒါကတော့ ဒီနှစ်ခုကြားမှာ အပီအပြင်ကို သဘာဝကျကျ အပြောင်းအလဲ ပေါ့။ အစိုးရနဲ့ သဘောထား ကွဲလွဲသူ ဆိုတာ တသက်လုံးတော့ အစိုးရနဲ့ သဘောထားကွဲ မနေကြပါဘူး။ ကျမတို့က အစိုးရနဲ့ သဘောထား ကွဲလွဲသူတွေ ဖြစ်နေကြတဲ့ အကြောင်းရင်းက အစိုးရနဲ့ သဘောထား မကွဲချင်ကြလို့ပါ။ ဒါဟာ တကယ်ပါ။ ကျမဟာ လွှတ်တော်အမတ် တယောက်အဖြစ်နဲ့ အချိန်တွေကို အသုံးချနေရတာကို ကျမ ထင်ထားတာထက် ပိုပြီး ပျော်ရွှင်ကျေနပ် မိပါတယ်။ လွှတ်တော်အမတ် တယောက်ရဲ့ အလုပ်ကို ဘယ်လိုလုပ်ရမယ် ဆိုတာကို သိလာလေလေ၊ ဒီအလုပ် အပေါ်မှာ ပျော်ရွှင် နှစ်သက်စရာတွေ တပုံတခေါင်းကို ဖြစ်လာလေလေပါပဲ။ ကျမတို့မှာ ဒီလမ်းကြောင်းအတိုင်းပဲ သွားသင့်ပါတယ်။ ဒီတော့ အစိုးရနဲ့ သဘောထား ကွဲလွဲသူ ဆိုတာ ပီပီပြင်ပြင် သဘောထား ကွဲလွဲတဲ့ professional အတိုက်အခံ အမြဲဖြစ်နေရမယ်လို့ ကျမကတော့ မယုံကြည်ပါဘူး။”
ဒါ့အပြင် မြန်မာမိသားစု အသိုင်းအ၀ိုင်းနဲ့ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး၊ တိုင်းရင်းသား အရေးတွေမှာ အဆင်မပြေတာကို မြင်လိုသူတွေ ရှိနေတာကြောင့် သတိထားကြဖို့နဲ့ ပြုပြင် ပြောင်းလဲကြဖို့ အခုလို သတိပေး သွားခဲ့ပါတယ်။
“အဆင်ပြေသွားနိုင်အောင်လို့ ခြေလှမ်းတွေကို မလှမ်းနိုင်အောင်လို့၊ အခက်အခဲ ဖြစ်အောင်လို့ လုပ်တဲ့ကိစ္စတွေ ဆိုရင်လည်း ကျမတို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ နိုင်ငံခြားမှာ ရောက်နေတဲ့ ကျမတို့ရဲ့ ပြည်သူပြည်သားများဟာ ကိုယ့်နိုင်ငံကို ပြန်ကြည့်လိုက်တဲ့အခါ ကျလို့ရှိရင် ဘယ်လို ပိုပြီးတော့ အဆင်ပြေအောင်၊ ဘယ်လို ရင်ကြားစေ့မှုတွေ ဖြစ်ပေါ်လာအောင် လုပ်ပေးနိုင်မလဲ ဆိုတာကို အဓိက စဉ်းစားကြပါ။ ဘယ်လို တို့မီးရှို့မီးတွေ လုပ်မလဲ ဆိုတာ မစဉ်းစားကြပါနဲ့လို့ ကျမ မေတ္တာရပ်ခံပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် ပြည်ထောင်စုကို စက်တင်ဘာလ ၁၇ ရက်နေ့က ရောက်ရှိလာခဲ့ပြီးတော့ အခုအခါ တတိယ ခရီးတထောက် အဖြစ် Kentucky ပြည်နယ်က Louisville မြို့ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
ဦးရော်နီညိမ်း (ဗွီအိုအေ မြန်မာဌာန)

No comments:
Post a Comment