Pages

Friday, 7 September 2012

မကဒတ(မြောက်ပိုင်း) အဖြစ်အပျက်နှင့် ပတ်သက်၍ မကဒတ(ကျောင်းသားတပ်မတော်) ဗဟိုကော်မတီ ၏ ထုတ်ပြန်ကြေငြာချက်


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး


မကဒတ(မြောက်ပိုင်း) အဖြစ်အပျက်နှင့် ပတ်သက်၍

မကဒတ(ကျောင်းသားတပ်မတော်) ဗဟိုကော်မတီ ၏ ထုတ်ပြန်ကြေငြာချက်

၁။         ၁၉၉၂ ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျေုာင်းသားတပ်မတော်) မြန်မာပြည် မြောက်ပိုင်း ဖြစ်ပေါ်ခဲ့သော အဖြစ်အပျက်များအတွင်း နစ်နာဆုံးရှုံး အသက်ပေးသွားခဲ့ကြသည့် ရဲဘော်များ၊ သက်ဆိုင်ရာ ကာယကံရှင်များ၊ မိဘဆွေမျိုးများနှင့်အတူ မိမိတို့အဖွဲ့အစည်းအနေဖြင့် ထပ်တူ ဝမ်းနည်းရသလို ယင်းကဲ့သို့ဖြေရှင်းဆောင်ရွက်ခဲ့မှုများအတွက် အလေးအနက် တောင်းပန်အပ်ပါသည်။

၂၊         ယင်းအဖြစ်အပျက်များသည် မကဒတ(ကျောင်းသားတပ်မတော်)၏ သမိုင်းရေးဆိုင်ရာ ကိစ္စဖြစ်သည်နှင့် အညီ မိမိတို့အဖွဲ့အစည်းအတွင်း၊ ဘယ်တုန်းကမှ မမေ့နိုင်ခဲ့သလို ဓမ္မဓိဋ္ဌာန်ကျသည့် သမိုင်းမှတ်တမ်းတခု ဖော်ထုတ် နိုင်ရေးအတွက် အစဉ်တစိုက် အလေးထားဆောင်ရွက်လျက်ရှိပါသည်၊

၃။         ထို့ကြောင့် ဗဟိုကော်မတီအစည်းအဝေး (၁/၂၀၁၂) ဆုံးဖြတ်ချက်အမှတ် (၂) အရ အမှန်တရားနှင့် တရားမျှတမှု ဖော်ထုတ်ရေးအလုပ်အဖွဲ့အား ၂၀၁၂ ခုနှစ် ဇန်နဝါရီလ (၈) ရက်နေ့တွင် အောက်ပါရည်မှန်းချက်များကို ဖော်ဆောင်နိုင်ရန် ဖွဲ့စည်းတာဝန်ပေးအပ်ထားရှိပြီးဖြစ်ပါသည်။

 (က)     သမိုင်းစာမျက်နှာပေါ်တွင် အကြောင်းနှင့်အကျိုးဆိုင်ရာ ဖြစ်ရပ်မှန်များကို စုံစမ်းဖော်ထုတ်သွားနိုင်ရေး၊

 (ခ)       ပါဝင်ပတ်သက်သူများအားလုံးအတွက် တရားမျှတမှုနှင့် အမှန်တရားပေါ်ထွန်းရေး၊

 (ဂ)       သက်ဆိုင်သူများအားလုံး နားလည်ကျေနပ်မှုနှင့် ပြန်လည်သင့်မြတ်မှု ရရှိစေရေး၊

 (ဃ)     မကဒတ၊ ကျောင်းသားထု နှင့် ပြည်သူလူထုအတွင်း ခိုင်မာသော စည်းလုံးညီညွတ်မှုကို ထိန်းသိမ်း တည်ဆောက်သွားနိုင်ရေး၊

 (င)       အနာဂတ်မြန်မာနိုင်ငံတွင် တာဝန်ရှိမှု၊ တာဝန်ယူမှု နှင့် တာဝန်ခံမှု အလေ့အထကောင်းများ ပေါ်ထွန်း လာစေရေး - တို့ဖြစ်သည်။

၎။         သို့ဖြစ်ပါ၍ ယနေ့ကာလတွင် ယင်းကိစ္စနှင့်စပ်လျဉ်း၍ အမှန်တရားနှင့် တရားမျှတမှုများ ပေါ်ထွန်းနိုင်ရေးအတွက် သက်ဆိုင်သူများအားလုံး ပူးတွဲညှိနှိုင်း ဖြေရှင်းသွားရန် လိုအပ်ကြောင်းနှင့် မိမိတို့၏ ကြိုးပမ်းအားထုတ်မှုများ အတွက်လည်း ပူးပေါင်းဆောင်ရွက်ကြပါရန် အလေးအနက် တိုက်တွန်းလိုက်သည်။




ဗဟိုကော်မတီ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်)

ရက်စွဲ။    ။ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်။
ABSDF Stand on NB Incident

No comments:

Post a Comment