Monday, 24 September 2012

အမိမြေလွတ်မြောက်ဖို့ ငါ့တို့အစွမ်းကုန်ညီညွတ်စို့ အန်အယ်ဒီ ကို ဝိုင်းရံစို့



ဒီမိုကရေစီအင်အားစုများခင်ဗျား

ကျွန်တော် အန်အယ်ဒီ ပါတီဝင် မဟုတ်ပါ။ ၈၈ မျိုးဆက်ကျောင်းသား တဦးပါ။ ဒီအချိန်မှာ အန်အယ်ဒီ ကို ဝိုင်းရံပေးကြဖို့ အထူး တိုက်တွန်းလိုက်ပါတယ်။

ကျွန်တော်တို့ အားလုံးဟာ နအဖ ရဲ့ ၂၀၀၈ စစ်ကျွန် စနစ် ကိုဦးတည်မဲ့ စစ်အခြေခံ ဥပဒေ (ခ) ၂၀၀၈ အတုယောင် အခြေခံဥပဒေ ကို ဝိုင်းဝန်း ဆန့်ကျင်ကြရမယ်။

ကျွန်တော်တို့ အားလုံးဟာ နအဖ ရဲ့ ၂၀၁၀ အတုအယောင် ရွေးကောက်ပွဲကို ဝိုင်းဝန်း ဆန့်ကျင်ကြရမယ်။

ကျွန်တော်တို့ အားလုံးဟာ နအဖ ရဲ့ ၂၀၁၀ အတုအယောင် ရွေးကောက်ပွဲ ဖြစ်လာရင် လဲ ဒီရွေးကောက်ပွဲ ရလဒ် ကို တရားမဝင်ကြောင်း အပြတ်အသတ် လှုံ့ဆော်ကြရမယ်။


ကျွန်တော်တို့ အားလုံးဟာ အမိမြေမှာ စစ်အာဏာရှင်စနစ်ကို မြေမြှုတ် သဂြိုလ် ကြ ရ မှာ
ရှစ်ဆယ့်ရှစ်လူထုအရေးတော်ပုံကြီးရဲ့ တောင်းဆိုချက် မဟုတ်ပါလား။

ဘာဖြစ်လို့လဲ? "ရှစ်လေးလုံးပြည်သူတွေ ရဲ့ အသက် နဲ့ ရင်းပြီးပေးဆပ်လိုက်ကြရတဲ့ ရှစ်လေးလုံး ရဲ့ အသီးအပွင့် ဟာ ၉၀ ရွေးကောက်ပွဲရလဒ်ပါ။ ၉၀ ရွေးကောက်ပွဲရလဒ် ကို အတူလက်တွဲ ဝိုင်းဝန်း ကာကွယ် ကြဖို့ တိုက်တွန်းလိုက်ပါတယ် ခင်ဗျာ။"

အန်အယ်ဒီ ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး သဘောထား ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံတကာက ဒါကို တလေးတစား အသိအမှတ်ပြု နေရပါတယ်။ဒါဟာ ၉၀ ရွေးကောက်ပွဲရလဒ် အသက်ဝင်ဆဲ အန်အယ်ဒီ ရဲ့ သဘောထား မို့ ဒီကနေ့ မြန်မာ့ နိုင်ငံရေး ရဲ့ အသက် သွေးကြောအဖြစ် နိုင်ငံတကာက သတ်မှတ် လိုက်တာဖြစ်ပါတယ်၊ ဒါဟာ နိုင်ငံတကာ ဥပဒေ အရကော မြန်မာ့ ဥပဒေအရပါ သတိထားစရာ အထူး အရေးပါတဲ့အချက်ပါ။ အန်အယ်ဒီ ဟာ ၉၀ ရွေးကောက်ပွဲရလဒ် ကို ပါတီမှတ်ပုံ တင်စရာမလိုဘဲ ဆုပ်ကိုင်ထားလို့ရနိုင်ပါတယ်။ ၂၀၀၈ အတုယောင် အခြေခံဥပဒေ ကို ပြင်ပေးမှ ရွေးကောက်ပွဲ ဝင်သင့်ပါတယ်၊ မှတ်ပုံတင်သင့်ပါတယ် လို့ ယူဆပါတယ်။

အန်အယ်ဒီ ဟာ ဒီမိုကရေစီ အရဖွဲ့စည်းထားတဲ့ပါတီပါ။ ခေါင်းဆောင်တွေရှိတယ် ပါတီဝင်တွေရှိတယ်။ အန်အယ်ဒီ ကို အားပေးသူဖြစ်ဖြစ် အဖွဲ့ဝင်အဖြစ်ပဲဖြစ်ဖြစ် ခေါင်းဆောင်ပိုင်းဖြစ်ဖြစ် နှစ်ဆယ့်နှစ် နှစ် လုံးလုံး ဒုက္ခသုက္ခတွေ ကို ခံပြီး လုပ်ကိုင်ကြတဲ့ အတွက် ကျွန်တော်တော့ အန်အယ်ဒီ ကို အပြတ်လေးစားတယ်။ ဒီမိုကရေစီ ပါတီကြီးတခုအဖြစ် ဒီလောက် ရပ်ခံနေတာကို က လေးစားလောက်နေပါပြီ။ ပါတီတခုဆိုတာ အဖွဲ့အစည်းတခုဆိုတာ လူစုံပါတဲ့ အတွက် မကောင်းသူ ကောင်းသူ ပါစမြဲပါပဲ။ အခုလို အန်အယ်ဒီ ကို နအဖ က မတရားဖိနှိပ်နေ ချိန်မှာ မြေနိမ့်ရာလှံစိုက် အပြတ်အသတ် ဝေဖန်ရှုံ့ချကြသူတွေကို ကျွန်တော် မေးခွန်းတခုပဲမေးချင်ပါတယ်။ အန်အယ်ဒီ အကြောင်းကောင်းကောင်းလေ့လာဖူးသလားလို့ပါ။

အန်အယ်ဒီ နှစ်ဆယ့်နှစ် နှစ် လုံး ကြေငြာချက်တွေ ကို စုဆောင်းလေ့လာဖူးပါသလား။ ဒေါ်အောင်ဆန်စုကြည် စာအုပ်များ ကို အချိန်ယူဖတ်ဖူးကြပါသလား။ နအဖ ရဲ့ မတရားအဖမ်းအဆီးများ ကြားထဲ ဗိုလ်ချုပ်အောင်ဆန်း ပုံ ရင်ထိုး ထိုး၊ ဒေါ်အောင်ဆန်စုကြည် ပုံ ရင်ထိုး ထိုး၊ ပင်နီတိုက်ပုံ ကချင်ပုဆိုးနဲ့၊ ရင်ပုံးအင်္ကျီ ယောတမီနဲ့ ၊ ဒီချုပ် ပါတီမပြိုကွဲအောင် နဲ့ ဒီမိုကရေစီ ကိုတဖက်တလမ်းက ခံတပ်ကြီးလို ဝိုင်းကြဝန်းကြတာကို ကျေးဇူးမဲ့ စကားမဆိုကြဖို့ နဲ့ ဝေဖန်ကြယင်း ပုက်ခတ်သလို မဖြစ်စေဖို့ အထူးပန်ကြားလိုပါတယ်။ ဒီအချိန်ဟာ အန်အယ်ဒီ ကို ဝေဖန်တိုက်ခိုက်ကြမဲ့ အစား ကျွန်တော်တို့ အားလုံးဟာ နှလုံးသွင်းသင့်တာကတော့
အန်အယ်ဒီ ရဲ့အခက်အခဲ ဟာ ကျွန်တော်တို့ ဒီမိုကရေစီ အင်အားစုတွေအားလုံး ရဲ့ အခက်အခဲအဖြစ် နှလုံးသွင်းပေးကြစေလိုပါတယ်။ ရန်သူထောင် တဲ့ ထောင်ချောက်ထဲ မဝင်ကြပါနဲ့။ ဘုံရန်သူ မပျောက်ပါစေနဲ့။ ရန်သူရဲ့ စိန်ခေါ်မှုများလေလေ သူရဲကောင်းတွေ မိတ်ဆွေကောင်းတွေကို ရှာဖွေဖို့ အချိန်ရလေလေပါပဲ။

ကျွန်တော်က ဒီနေ့ နိင်ငံရေး ပြသာနာများအပေါ် "ကျနော်တို့ ရဲ့ သဘောထား" ဆိုပြီး ထုပ်ပြန်ထားတဲ့ ကိုမိုးသီးဇွန် အဖွဲ့ အကြံပြုထားတာကို ထပ်လောင်း ရေးပြချင်ပါတယ်။ ခေတ်မီတယ်။ ထိမိတယ်။ ခေတ်စကား နဲ့ပြောရရင် လန်းတယ်ပေါ့ဗျာ။


၁- အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရွေးကောက်ပွဲကိုမှတ်ပုံမတင်ပါရန် မေတ္တာရပ်ခံပါတယ်။

၂- ရွေးကောက်ပွဲကို မ၀င်ပါရန် ပန်ကြားပါတယ်။

၃- ၂၀၀၈ အခြေခံဥပဒေကို လုံးဝ လက်မခံပါ ရန် တိုက်တွန်း လိုပါတယ်။

၎- အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဖျက်သိမ်းကောင်း ဖျက်သိမ်းခံရနိင်တယ်။ သို့ သော် ဒီမိုကရေစီအောင်ပွဲအဖျက်သိမ်းမခံရဖို့ က ပို အရေးကြီးပါတယ်။ ( ဗိုလ်ချုပ်အောင်ဆန်းဟာ ၁၁ နစ်အတွင်းမှာ (၈) ဖွဲ့ ပြောင်းပြီးလုပ်ပေးခဲ့ရတယ်။ ဒီနည်းဗျူဟာကြောင့် လွတ်လပ်ရေး ရခဲ့တယ်။ အောင်ပွဲခံခဲ့တယ်။ )

အင်ဒိုနီးရှားသမတ ဟောင်း မကာဝါသီဟာ သူတို့ အဖွဲ့ ကနေထွက်လိုက်မှ ဆူဟာ တိုကိုဖြုတ်ချနိင်ခဲ့တယ်။
ဘာဖြစ်လို့ လည်းဆိုတော့ အဖွဲ့ ထဲက ဆူဟာ တိုလက်ထက် က ဖြုတ်ထားတဲ့သူတွေဟာ မကာဝါသီပါတီမှာ ခေါင်းဆောင်မှုရလာပြီး ဆူဟာ တို နဲ့ အလွမ်းသင့်ရေး ပေါ်လစီတွေကိုပဲ တင်ပြနေတယ်။ လူထုတိုက်ပွဲတွေကို ဦးအောင်ရွှေ ဂိုဏ်းသား တွေလို အကြောင်းအမျိုးမျိုးပြပြီးရှောင်နေခဲ့ကြတယ်။ နောက်ဆုံးမှာ မကာဝါသီ ကဒီလူတွေနဲ့ လမ်းခွဲလိုက် ပြီး တကယ်တိုက်ပွဲဝင်နေတဲ့ကျောင်းသားတွေ၊ အလုပ်သမားတွေ ၊ ပြည်သူတွေနဲ့ ပေါင်းလိုက်မှာ ဆူဟာ တို ပေါ်အောင်ပွဲခံနိင်ခဲ့တယ်။

၅- ဒေါ်အောင်ဆန်းစုကြည်မြန်နိင်ငံရေးမှာ ပါဝင်ခွင့်ရှိကိုရှိရမယ်။ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်ခွင့်ရှိကိုရှိ ရမယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမှာ ၀င်ခွင့် ကို ပစ်ပယ်ခြင်းဟာ ဒီနေ့ လူထုဆန္ဒကိုပစ်ပယ်ခြင်းဖြစ်တယ်။

၆- ပါတီမှတ်ပုံတင်ခြင်း၊ ရွေးကောက်ပွဲဝင်ခြင်းတွေဟာ ဒေါ်အောင်ဆန်းစုကြည်သဘောထားကိုတောင်းခံပြီးမှဆောင်ရွက်သင့် ပါတယ်။

၇- ပြည်သူ သွေးစည်းညီညွတ်ရေးအဖွဲ့ ချုပ် ( ၀ သ ဖ ) နဲ့  ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ ချုပ် ( KI0)
မွန်ပြည်သစ်ပါတီ ( NMSP) တို့  နယ်ခြားစောင့် တပ်ဖွဲ့ အသွင်သို့ မလုပ်ကြပါ ရန်၊ လုပ်မည်ဆိုပါက တပ်များကို
မိမိတို့ သာ ဦးဆောင်မှု ကိုရယူထားရန် မေတ္တာရပ်ခံပါတယ်။

၈- ကျနော်တို့  FBF အနေ ဖြင့် တဖက်သတ်ရေးဆွဲထားတဲ့ ရွေကောက်ပွဲဥပဒေတွေကိုဆန့်ကျင်တယ်။ ၂၀၁၀ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တယ်။ ၂၀၀၈ အတုယောင်အခြေခံဥပဒေ ကိုဆန့်ကျင်တယ်။ နိင်ငံလုံးဆိုင်ရာ အထွေထွေသပိတ်ကြီး ဖေါ်ထုတ်နိင်ရေးအတွက် အင်အားစုအားလုံးနဲ့ လက်တွဲ သွားဖို့ အမြဲအဆင်သင့်
ရှိနေပါတယ်။ ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျနော်တို့ လက်တွဲဖို့ ဖိတ်ခေါ်အပ်ပါတယ်။

ဒါဟာကိုမိုးသီးဇွန် အဖွဲ့ က အကြံပြုထားတာကို ထပ်လောင်း ရေးပြလိုက်တာပါ။

ကျွန်တော်တို့ အကြံ ပြုချက်များကို လစ်လျှူရှူ့ပြီး အန်အယ်ဒီပါတီထဲကနေ ၂၀၁၀ အတုယောင် ရွေးကောက်ပွဲ ကို ဝင်မယ်ဆိုရင်လည်း ဝင်မယ့်သူက ကိုယ့်ဟာကိုယ် အန်အယ်ဒီပါတီထဲကနေ ထွက်ပြီးတော့မှ ရွေးကောက်ပွဲ ဝင်သင့်ပါတယ်။ အန်အယ်ဒီပါတီ ကို ယူမသုံးကြပါနဲ့။ အန်အယ်ဒီ ဟာ ပါတီရပ်တည်ရေးအတွက် တခုတည်းစဉ်းစားပြီး မှတ်ပုံတင်မယ် ၊၂၀၁၀ အတုယောင် ရွေးကောက်ပွဲ ကို ဝင်မယ်ဆိုရင် တော့ စစ်ဘိနပ် ကိုလျှာနဲ့ လျှက်တဲ့ ပါတီ အဖြစ် မြန်မာ့သမိုင်း အမှိုက်ပုံထဲ မှာ ဇတ်သိမ်းမလှ ဖြစ်တော့ မှာကို သတိပြုစေလိုပါတယ်။ အန်အယ်ဒီပါတီဟာ ၂၂ နှစ် အတွေ့အကြုံအရ ရင့်ကျက်ပြီးဖြစ်တာမို့ မှတ်ပုံမတင်၊ ရွေးကောက်ပွဲ ကို မဝင်ဘဲ စစ်အာဏာရှင်စနစ်ကို ပြည်သူနဲ့ တသားတည်း ရပ်ပြီးလက်တွဲ တိုက်ပွဲဝင်သွားဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျား။

စစ်ရာဇဝတ်ကောင် သန်းရွှေ ကျဆုံးပါစေ။
နအဖ ကျဆုံးပါစေ။
စစ်အာဏာရှင်စနစ် ကျဆုံးပါစေ။

ဒီမိုကရေစီအရေးတော်ပုံ အောင်ရမည်။ ။

ဇော်ဝင်း (နယူး ရော်ခ့်)

No comments:

Post a Comment