Pages

Sunday, 16 September 2012

အစိုးရရှိမှန်းတောင်မသိလိုက်ရဘူး

အစိုးရ ရှိမှန်းတောင် မသိရဘူး ဆိုတာ ဘာလဲ

by Lwin Aung Soe on Sunday, September 16, 2012 at 6:36pm ·


အစိုးရ ရှိမှန်းတောင် မသိရဘူး ဆိုတာ ဘာလဲ
.........................................................

ဂျပန်ပြည်သူတွေဟာ သူတို့အစိုးရကို ရှိတယ်လို့တောင် အလေးအနက် မစဉ်းစားကြပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ နေ့စဉ်ဘဝတွေမှာ သူတို့ကိုယ်တိုင်ကသာ ဆန္ဒရှိတဲ့အတိုင်း လွတ်လပ်စွာ လုပ်ကိုင်စီမံနိုင်ကြလို့ ဖြစ်ပါတယ်။

သူတို့ မလုပ်နိုင်တဲ့အခါကျမှ ဘာကြောင့် မလုပ်နိုင်ရတာလဲ ဆိုတဲ့ အကြောင်းရင်းကို ရှာပြီး အစိုးရဘက်က တာဝန် မကျေတာ ဖြစ်နေရင် မီဒီယာကို ချက်ချင်း အကြောင်းကြားပြီး စောဒက တက်ပါတော့တယ်။ တချို့ကလည်း နိုင်ငံရေးပါတီတွေနဲ့ အစိုးရကို တိုက်ရိုက် စောဒက တက်ကြတာ ရှိပါတယ်။

မီဒီယာက အဲဒီလို စောဒက သတင်းကို လွတ်လပ်စွာ ထုတ်ဖော်လိုက်တဲ့အခါ ပြည်သူတွေက သိသွားပြီးတဲ့နောက်မှာတော့ သူတို့ရဲ့ နိုင်ငံသား အခွင့်အရေးတွေကို မထိခိုက်စေဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးပမ်းပါတော့တယ်။

အစိုးရတွေက သူတို့တာဝန်တွေကို မပျက်ကွက်ရအောင် အမြဲတမ်း ဂရုစိုက်နေရပါတယ်။ ဒါ့အပြင် နောက်ထပ် ဘာတွေလိုနေဦးမလဲလို့ အမြဲ ကြံဆစဉ်းစားပြီး ကြိုတင်ပြင်ဆင် လုပ်ထားပေးလေ့ ရှိပါတယ်။



ဂျပန်လူမျိုးတွေရဲ့ စရိုက်ကောင်းတခုကတော့ သူတို့ဘက်က တာဝန် မပျက်ကွက်အောင် ဂရုစိုက်တတ်ကြတာ ဖြစ်ပါတယ်။ အခြားသူတွေဘက်က တာဝန်ပျက်ကွက်တာကိုလည်း မကြိုက်ပါဘူး။ ကိုယ့်ဘက်က တာဝန်ကျေထားတာကြောင့်လည်း တာဝန်မကြေတဲ့ အခြားသူကို ပြတ်ပြတ်သားသား ပြောနိုင်ကြတာ ဖြစ်ပါတယ်။

ဂျပန်ပြည်သူတွေက ဘယ်လောက်ထိ ပြတ်သားသလဲဆိုရင် အစိုးရကိုတောင် သူတို့ မကြိုက်ရင် သတ္တိရှိရှိ ဝေဖန်ပြီး ထွက်ခိုင်းတတ်ကြပါတယ်။ ဂျပန်အစိုးရအဆက်ဆက်ကတော့ ဒါမျိုး အပြောမခံရအောင် ကြိုးစားကြပါတယ်။ အစိုးရအပေါ် ဝေဖန်တာတွေဟာ မီဒီယာကတဆင့် အသံထွက်လာတာနဲ့ တပြိုင်နက် အစိုးရဝန်ကြီးတွေဖြစ်စေ၊ ဝန်ကြီးချုပ်ဖြစ်စေ၊ အစိုးရ တဖွဲ့လုံးဖြစ်စေ တာဝန်ယူတဲ့အနေနဲ့ နှုတ်ထွက်ပေးကြပါတယ်။ မြို့နယ် ခရိုင် မြို့တော် အုပ်ချုပ်ရေး အဖွဲ့အစည်းတွေမှာလည်း အလားတူ ဖြစ်ပါတယ်။ မီဒီယာနဲ့ အတိုက်အခံ နိုင်ငံရေးပါတီတွေက ပြည်သူတွေကိုယ်စား ဒါကို တာဝန်အရ လုပ်ပေးကြပါတယ်။

တကယ်တော့  အစိုးရဟာ တာဝန် သိပ်ကျေပွန်လို့ ဘာမှ အပြစ်တင် စောဒကတက်စရာ ရှိမနေတာကြောင့် ပြည်သူတွေမှာ သူတို့ လိုအပ်ချက်တွေ အမြဲတမ်း အဆင်သင့် ဖြစ်နေပြီး အစိုးရ ဆိုတာကို ရှိမှန်းတောင် မသိကြတာ ဖြစ်ပါတယ်။ အတုယူစရာ ကောင်းတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ဒါကတော့ ကျနော် တွေ့ကြုံမိသမျှ ဒီမိုကရေစီ ဂျပန်နိုင်ငံက အဖြစ်ပါ။ အခြားဒီမိုကရေစီ နိုင်ငံတွေမှာလည်း အလားတူ ဖြစ်နေကြတာကိုတော့ ဖတ်ဖူးကြားဖူးပါတယ်။

ကျနော်တို့ မြန်မာနိုင်ငံကြီးမှာလည်း ဘယ်အစိုးရ တက်နေမှန်း မသိအောင် ပြည်သူတွေဟာ နေ့စဉ်ဘဝတွေကို လွတ်လပ်စွာ ကိုယ့်တာဝန်ကိုယ်ယူပြီး ပျော်ရွှင်နိုင်ကြပါစေဗျာ။

လွင်အောင်စိုး
၁၆-၉-၂ဝ၁၂




No comments:

Post a Comment