Pages

Saturday, 25 August 2012

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ပေါ်အနှံ့ မကြုံစဖူး ရေကြီး





ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ပေါ်အနှံ့ မကြုံစဖူး ရေကြီးမှုဖြစ်စဉ်ကြောင့် လမ်းပန်းဆက်သွယ်ရေးတွင် အခက်အခဲများ ကြုံတွေ့နေရသည်ဟု မြို့ခံများ၏ ပြောကြားချက်အရ သိရသည်။

အဆက်မပြတ် ရွာသွန်းသော မိုးနှင့် တောင်ကျရေများကြောင့် မြို့ပေါ်ရပ် ကွက်များတွင် ရေကြီးရေလျှံမှုများဖြစ် ပေါ်နေပြီး သွားလာရေးခက်ခဲမှုများ ကြုံတွေ့နေရသည်။ ကျောင်းများ၊ ရုံးများ၊ ဈေးများသို့ သွားလာနိုင်ခြင်း မရှိဘဲ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ရပ်ကွက်(၁)တွင် နေထိုင်သူ မြို့ခံတစ်ဦးက ပြောသည်။

''ယခင်ကဆိုလျှင် မိုးရွာရင် လားရှိုး မြို့အထွက် မူဆယ်ဘက်အသွား အေဒီ ချောင်းက ရေလျှံလေ့ရှိပေမယ့် ဒီနှစ် လောက်ဆိုးဆိုးရွားရွားမဖြစ်ဖူးဘူး။ အခု ဒီနှစ်က ရပ်ကွက်အများအပြားတွင် ရေလျှံနေပြီး ရပ်ကွက်(၁)နှင့် ရပ်ကွက် (၅) တို့ပါ ရေများဝင်ရောက်ကာ ရေစီးသန်သည့်အတွက် လူကြီးတွေတောင် မျောပါသွားနိုင်တယ်။ ကလေးငယ်တွေကို ကျောပိုးပြီး သွားလာရတယ်။ ကျောင်းလည်း မလွှတ်နိုင်ဘူး။ အစိုးရဝန်ထမ်းတွေလည်း ရုံးမတက်နိုင်ဘူး။ ရေလျှံမှုရဲ့နောက်ဆက်တွဲက ကျန်းမာရေး အခက်အခဲရှိလာနိုင်ပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တပ်မတော်ကတော့ နေ့စဉ် စစ်ဆေးနေပြီး အန်ဂျီအိုတွေကလည်း အကူအညီ ပေးနေတာ တွေ့တယ်။ ဒီနှစ် နွေတုန်းက ရေခက်ခဲခဲ့တယ်။ အခုမိုးရွာတော့ မထင်ထားအောင် ရေလျှံတယ်။ အေဒီချောင်းက ရေကြီးမှုကြောင့် ကားလမ်းပိတ်တာဟာ လားရှိုးမြို့ထဲက မန်ဆူဓာတ်ဆီဆိုင် နားအထိ ရောက်တယ်။ ကားကြီးတွေလည်း သွားလို့မရဘူး။ တစ်ခါမှ ဒီလိုမကြုံဖူးဘူး''ဟု ရပ်ကွက်(၅)တွင် နေထိုင်သူ အစိုးရ ဝန်ထမ်းတစ်ဦးက ပြောကြားခဲ့သည်။

ယခုနှစ်တွင် မြန်မာနိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှု ဖြစ်စဉ်များနှင့် ကြုံတွေ့နေရပြီး ယင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများ မခံစားရမီတွင်ပင် စားသောက် ကုန်ဈေးနှုန်းများ မြင့်တက်သွားခဲ့သည် ဟုသိရသည်။ ရေကြီး ရေလျှံမှုများ၏ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာ၊ စားနပ်ရိက္ခာ ရှားပါးမှုပြဿနာများ အပေါ် ကြိုတင် ပြင်ဆင်ထားရန် လိုအပ်ပြီး စီးပွားရေးသမားများ၏ ကိုယ်ကျိုးရှာ ဈေးကစားမှုများ မဖြစ်ပေါ်စေရန် ကြပ်မတ်ပေးသင့် ကြောင်းနှင့် အများပြည်သူများက ဆန္ဒရှိနေကြကြောင်း သိရသည်။


သတင်း မြ၀တီ

No comments:

Post a Comment