Pages

Tuesday, 5 November 2013

အကြောင်းပြချက်မပေးဘဲ မူဝါဒတစ်ခုချမှတ်ခြင်းသည် အာဏာရှင်အငွေ့အသက်ရှိနေခြင်းဟုဒေါ်စုပြော



လျှပ်စစ်မီတာသုံးစွဲခများ တိုးမြှင့်ကောက်ခံရာတွင်ခိုင်လုံသည့် အကြောင်းပြချက်များ ပြည်သူလူထုထံသို့ ချပြရန်လိုအပ်ပြီး အကြောင်းပြချက်မပေးဘဲ အလုပ်တစ်ခုလုပ်ဆောင်ခြင်း၊ မူဝါဒတစ်ခုကို ချမှတ်လိုက်ခြင်းသည် အာဏာရှင်စနစ်၏ အငွေ့အသက်မကုန်သေးသည်ကို ပြသလိုက်ခြင်းဟု ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်သည်။

“ပြည်သူက မိုက်မိုက်ကန်းကန်းနဲ့ ကိုယ်လိုချင်တာပဲ အတင်းတောင်းတဲ့သူမဟုတ်ပါဘူး။ အများစုက ဒီလိုမဟုတ်ဘူး။ အဲတော့ရှင်းပြရမယ်။ မရှင်းပြပဲနဲ့။ အဲဒါကတော့ အာဏာရှင်စနစ်ရဲ့ အမွေဆိုးတွေရဲ့ အငွေ့အသက်မကုန်သေးဘူးလို့ပဲ အဲလိုပဲပြောရမှာပဲ။ ပြည်သူကို ဘာမှမရှင်းပြပဲနဲ့။ အဲဒါမျိုးမလုပ်ရဘူး လေ” ဟု နိုဝင်ဘာ ၄ ရက် လွှတ်တော် အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောသွားသည်။

လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံမှုကို ဥပမာပြု၍ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုရာတွင် “မီတာခကို အကြောင်းကြောင်းကြောင့် တိုင်းပြည်ရဲ့ရေရှည်အကျိုးကြောင့် အကြောင်းခိုင်ခိုင်လုံလုံရှိပြီးတော့ ဒီခိုင်လုံတဲ့အကြောင်းအရာ ပြောင်းသင့်တယ်ဆိုရင် ရှင်းပြရမယ်။ ပြည်သူကို ရှင်းပြရမယ်။ ဒီလိုဒီလို အခြေအနေတွေရှိတယ်။ ဒါကြောင့်မို့ ဒီလိုဒီလိုတော့လုပ်ရမယ်။ အဲဒီတော့ရေရှည်မှာတော့ ဒီလိုဒီလို ပြည်သူတွေကတော့ အနစ်နာခံရလိမ့်မယ်။ သို့သော်ငြားလဲ တိုင်းပြည်ရဲ့ရေရှည်အကျိုးအတွက်တော့ ဒါကိုသည်းညည်းခံပြီးတော့ ၀ိုင်းဝန်းပြီးတော့ကူညီပါ။ ဒီလောက်တော့ မပြောဘဲနဲ့မလုပ်ရဘူး”ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးဝေရေးအဖွဲ့က လျှပ်စစ်ဓာတ်အားသုံးစွဲခပြင်ဆင်သည့် နှုန်းထားများကို အောက်တိုဘာ ၂၅ ရက်တွင် ထုတ်ပြန်ထားသည်။ အိမ်သုံးဖြစ်ပါက တစ်ယူနစ်မှယူနစ်တစ်ရာအထိ ၃၅ ကျပ်ဖြင့် တွက်ချက်ကောက်ခံမည်ဖြစ်ပြီး ၁၀၁ ယူနစ်မှစတင်ကာ တစ်ယူနစ် ၅၀ ကျပ်နှုန်းဖြင့် တွက်ချက်ကောက်ခံမည်ဖြစ်ကာ နိုဝင်ဘာလမှ စတင်အကျုံးဝင်မည်ဖြစ်သည်။

ယင်းအပြင် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်နေသည်မှန်သော်လည်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အစီအစဉ်တကျချမှတ်ကာ လုပ်ဆောင်နေခြင်းမျိုးမရှိဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်သွားခဲ့သည်။

Mizzima - News in Burmese

ပြန်လည်မျှဝေပေးပါတယ်။
5.11.2013

No comments:

Post a Comment