Pages

Monday, 4 November 2013

“လူငယ်တစ်ယောက်ရဲ့ အသက်ကို ကယ်တင်ကြပါစို့”


5 November 2013 at 02:04



    လူသားတစ်ယောက် ကမ္ဘာမြေပြင်မှ ထွက်ခွာသွားမှုအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ “သေသော သူသည် သုဿန်သို့ သက်သက်သာသာ သွားသင့်သည်” ဟူသော ဆောင်ပုဒ်အတိုင်း ကျန်ရစ်သူ မိသားစုတို့၏ အပူမီးများကို ငြိမ်းအေးပေးစေခဲ့သလို သက်ရှိလူသားများ၏ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးအန္တရာယ် များကို အတတ်နိုင်ဆုံး ကူညီဖေးမမှုများကို လုပ်ဆောင်ပေးလျှက်ရှိသည်။

    ၂.၁၁.၂ဝ၁၃ ရက်နေ့တွင်ကျရောက်သော ကျွန်တော်၏မွေးနေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ HIV ဝေဒနာရှင် စရကို ၏ မြန်မာနိုင်ငံတွင်းရှိ တိုင်းဒေသကြီး၏ ပြည်နယ် (၁၅)ခုနှင့် မြို့ပေါင်း(၂၅၅)မြို့နယ်သို့ စက်ဘီးတစ်စီးဖြင့် ကိုယ်တိုင်နင်းကာ ရောက်ရှိသည့် မြို့ရွာများတွင် HIV ဝေဒနာရှင်နှင့် ပါတ်သတ်သော အသိပညာပေး ဟောပြောပွဲ ကို ပြုလုပ်မည့် အစီအစဉ်အား စာနယ်ဇင်းသတင်းသမားများအား ရှင်းလင်းပေးခြင်း အခမ်းအနား ပြီးဆုံးသွားသည့် အချိန်၌ ကျွန်တော်၏မွေးနေ့တွင် လူငယ်လေးတစ်ယောက်၏ အသက်တစ်ချောင်းအား ကယ်တင်ရန်အတွက် နှိုးဆော်ခွင့်တစ်ရပ်ရရှိခဲ့သည်။

    ဤသည်မှာ ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ အေးသာယာမြို့နယ်နေ မောင်ဝင်းကိုလတ် အသက် (၁၈)နှင့် သူ၏ မိခင်ဖြစ်သူတို့မှာ ညိုးငယ်သော မျက်နှာ၊ နှုံးချည့်နေသော ခန္ဓာတို့ဖြင့် ကျွန်တော်တို့ထံ ရောက်ရှိလာခဲ့သည်။ မောင်ဝင်းကိုလတ် သည် ကျောက်ကပ်ဝေဒနာရှင်တစ်ဦးဖြစ်သည်။ သူ၏ မိခင်ဖြစ်သူမှ သားဖြစ်သူ မောင်ဝင်းကိုလတ်အား အသက်ရှင် ရပ်တည်နိုင်ရေးအတွက် ကုသခဲ့သော ဆေးမှတ်တမ်းများအား ကျွန်တော့်အားပြသခဲ့ပြီး မောင်ဝင်းကိုလတ်၏ ကျောက်ကပ်အား ဆေးကြောမှုတို့အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း သူ၏ဝေဒနာမှာ ဆိုးမြဲ၊ ခံစားရမြဲဖြစ်လျှက်နေသည်။ ယခုနောက်ဆုံးအကြိမ်အဖြစ် ကျောက်ကပ် ဆေးကြောပြီးစီးသွားပါက သူ၏ ကျောက်ကပ်အား အစားထိုးလဲလှယ်မှုပြုလုပ်မှသာ လူ့လောကကြီးထဲတွင် အသက်ရှင် ရပ်တည်နိုင်မည့် အခြေအနေဖြစ်သည်။ ထိုကဲ့သို့ အကြောင်းအရာကို သိ၍နေသော မောင်ဝင်းကိုလတ်၏ အစ်မအရင်းဖြစ်သူ မစုမြတ်နွယ် အသက် (၂၁)နှစ်သည် မိမိ၏ မောင်လေးဖြစ်သူအား လူ့ဘဝတွင် ဆက်လက်ရှင်သန်စေပြီး လူ့လောကအတွက် ကောင်းကျိုးများ ပြုလုပ်စေနိုင်ရန် အကြင်နာ၊ မေတ္တာ၊ စေတနာတို့ဖြင့် သူမ၏ ကျောက်ကပ်အား မောင်လေးဖြစ်သူအတွက် လှူဒါန်းရန် ဆုံးဖြတ်လိုက်သည်။ သူမအားလည်း သူမ၏ ကျောက်ကပ်ကောင်းကြောင်း လှူဒါန်း၍ရကြောင်း ဆေးစစ်ချက်များအရသိရှိခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် မောင်ဝင်းကိုလတ်၏ ကျောက်ကပ်ဝေဒနာအား ကုသပေးနေသူ ဆီး/ကျောက်ကပ်နှင့် အထွေထွေ ခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခ Dr. ဦးသန်းအေး မှ ကျောက်ကပ်အစားထိုး ကုသပေးမည်ဟု ပြောကြား ကာ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ခွဲစိပ်ခအလှုငွေ လာရောက် အကူအညီတောင်းခံရန်အတွက် လွှတ်လိုက် သည်ဟု သိရှိခဲ့ရသည်။

    ထို့ကြောင့် အနာဂါတ်အတွက် ခေါင်းဆောင်တစ်ဦးဖြစ်လာမည့် မောင်ဝင်းကိုလတ်အား ကျန်းမာ၊ ချမ်းသာ စွာဖြင့် လူထုအကျိုးများစွာအား အနာဂတ်တွင်ထမ်းရွက်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် လူငယ်လေး တစ်ယောက်၏ အသက်အား ကယ်တင်နိုင်ရန်အတွက် မိမိတို့နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့်အတူ (၇)ရက်သားသမီး အပေါင်းမှ လူသားချင်းစာနာစိတ်ဖြင့် ပူးပေါင်းပါဝင်လှူဒါန်းနိုင်ကြပါရန် တိုက်တွန်းနှိုးဆော် အပ်ပါသည်။

    ခွဲစိပ်ကုသမှုမှာ (၁)လအတွင်း ခွဲစိပ်တော့မည်ဖြစ်ပြီး ကုသမှုအတွက် ကုန်ကျစရိတ်မှာ သိန်း(၅ဝ) ကုန်ကျမည်ဟု သိရှိရပါသောကြောင့် ပါဝင်ကုသိုလ်ယူလိုသူများ အနေဖြင့် နာရေးကူညီမှု အသင်း(ရန်ကုန်) ရုံးခန်းဖုန်းနံပါတ် - ၅၈ဝ ၁၃၃ နှင့် အမှတ် (၁၃/က) ဗိုလ်မှူးဗထူးလမ်း၊ ၄၂ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့သို့ လာရောက်လှူဒါန်းနိုင်ကြပါသည်။
   

5 November 2013 at 02:04


U Kyaw Thu

No comments:

Post a Comment