Pages

Friday, 2 November 2012

၈၈ မျိုးဆက်အဖွဲ့နှင့် ABSDF တွေ့မည်


ပြည်တော်မြင့် ~

ABSDF ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းနှင့် တပ်မှူးများ (ဓာတ်ပုံ- ပြည်တော်မြင့်/ဧရာဝတီ)


ထိုင်းနိုင်ငံတွင် ဘန်ကောက်မြို့သို့ ယနေ့ရောက်ရှိလာသည့် အဖွဲ့ဝင် ၈ ဦးပါ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့သည် ထိုင်းနိုင်ငံခရီးစဉ်အတွင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ခေါင်းဆောင်များနှင့် တွေဆုံ ဆွေးနွေးမည် ဖြစ်သည်။

ABSDF ဒု ဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းက”ဒီခရီးစဉ်မှာ သူတို့ ကျွန်တော်တို့နဲ့ ဆွေးနွေးဘို့ ရှိတယ်။ အဓိက လက်ရှိနိုင်ငံရေး အခင်းအကျင်းကိစ္စ၊  ပြည်တွင်းစစ် ရပ်စဲရေးနဲ့ ပတ်သက်ပြီး  ကျွန်တော်တို့အဖွဲ့ရဲ့ မူဝါဒတွေကို တင်ပြပြီး ဘယ်လို လက်တွဲပူးပေါင်းလို့ရမလဲ ဆိုတာတွေကို ဆွေးနွေးသွားဘို့ရှိတယ်” ဧရာဝတီသတင်းဌာနကို ပြောသည်။
ABSDF ကျောင်းသားတပ်မတော်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီလှုပ်ရှားမှုအပြီး နယ်စပ်ဒေသသို့ ရောက်ရှိသွားသော ကျောင်းသားများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ယခု ၎င်းတို့ တွေ့ဆုံမည့် ၈၈ အဖွဲ့နှင့် မျိုးဆက် တခုတည်း ဖြစ်သည်။

ထိုင်းခရီးစဉ်တွင် ပါဝင်သည့် ၈၈ အဖွဲ့ ကိုယ်စားလှယ်များ
ကိုမြအေး၊ ကိုပြုံးချို၊
ကိုအံ့ဘွယ်ကျော်၊ ကိုထွန်းမြင့်အောင်၊
ကိုစိုးထွန်း၊ မမီမီလွင်၊ မစမ်းစမ်းမော်
၈၈ အဖွဲ့၏ ခရီးစဉ်အတွင်း မြန်မာတိုင်းရင်းသားအဖွဲ့အစည်းပေါင်းစုံနှင့်လည်း ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်း အပါအ၀င် အကြောင်းအရာအများအပြား  ဆွေးနွေးသွားရန်ရှိသည်ဟု သိရသည်။

၎င်းတို့အဖွဲ့သည် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် တွေ့ဆုံလိုသော်လည်း ခေါင်းဆောင်များ အားလုံး ဗဟိုကော်မတီအစည်းအဝေး တက်ရောက်နေသဖြင့် တွေ့ဆုံမည့် အစီအစဉ်ကို ရပ်ဆိုင်းထားရသည်ဟု KNU ဘက်မှ တာဝန်ရှိသူ တဦးက ပြောသည်။

၈၈ မျိုးဆက်အဖွဲ့ ကိုယ်စားလှယ်များသည် ယခုလ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ နေထိုင်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း ဘန်ကောက်၊  ချင်းမိုင်နှင့် အခြားဒေသအချို့ကို သွားရောက်ပြီး  မြန်မာ့အရေး ဆောင်ရွက်နေသည့် အဖွဲ့များနှင့် တွေဆုံရန်ရှိသည်ဟု သိရသည်။
ရန်ကုန်မြို့ အခြေစိုက် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည်
 ပြီးခဲ့သည့်နှစ်များအတွင်း ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးလှုပ်ရှားသူများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

အများစုမှာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေး လူထုလှုပ်ရှားမှုတွင် ကျောင်းသားခေါင်းဆောင်များအဖြစ် ပါဝင်ခဲ့ကြသည်။

 ဒီမိုကရေစီဖော်ဆောင်နေသော မြန်မာပြည်၏ အထင်ကရ အင်အားစုတခု အဖြစ် လှုပ်ရှားလျက်ရှိသည်။
Friday, November 02, 2012  zarny win  ဧရာဝတီသတင်း

No comments:

Post a Comment