ဘ၀ ဆိုတာ မြွေလိမ် မြွေကောက် စီးဆင်းနေတဲ့ မြစ်တစ်စင်းပဲ
ဝေဒနာ နွေလွင်ပြင်မှာ သောက တောင်တန်းတွေကို ဖြတ်သန်း
မိုး မာယာတောထဲ ဒုက္ခ မှာ ကိုယ်တိုင် ရေတိမ်နစ်
မိမွေးတိုင်း ဖမွေးတိုင်း အသံတိတ် ငိုကြွေးမှုတွေသာ အခန်းဆက် ရှည်လာတယ်..။
ပေါက်လွတ်ပဲစား သဘာဝ တရားကပဲ မျက်စိမှုန်တာလား
မသေချာခြင်းများ ယိုင်နဲ့နဲ့ဘ၀ကို အငြိုးအပြည့် ထိပ်တိုက် တိုက်ခိုက်
မွန်းကြပ်တဲ့ လမ်းခုလတ်မှာ ကံကြမ္မာကပဲ ခြေကျိုးနေလို့လား
ဟန်ဆောင် သူတော်ကောင်း နဲ့မကောင်းမှုတွေ သာ ငါတို့ဆီ ရောက်ရောက်လာတယ် ..။
ပုတ်သိုးတဲ့အချိန်တွေကို ခေါင်းပေါင်းထားစဲ အနာဂတ်မှာ
အတ္တများ ယူနီဖောင်းလို ဆင်ထူ ၀တ်ဆင်သူတွေ စိတ်ဆိုးနေပြန်တယ်....၊
မပြောင်းမလဲ လောကထဲ မြင်နေသမျှ မိုက်မဲ
ဖောက်ပြန်မှုတွေသာ နေရာတကာ မဲ အသာစီးရ
ရှုရှိုက်နေတဲ့လေဟာ ယမ်းငွေ့တွေ ပေကျန် စွန်းထင်း
သစ်ပင်တွေသာ အဂတိ လိုက်စားမှု ကင်းတော့တယ် ..။

နင်းပြားတွေက စိတ်တင်းထားပြီး မစဉ်းစားအားဘူး
အသနားခံ မျက်လုံးတွေနဲ့ ပိုင်ဆိုင်မှုတွေ ချ ပြရင်း
ရေမြုပ်နေတဲ့ တဲကို ဖက်တွယ်ထားတဲ့ ဗလာလက်
ပြေးရင်း လွှားရင်း မိုင်းတက်နင်းမိတဲ့ ခြေတစ်ဖက်
ရင်းနှီး မြုပ်နှံမှုလုပ်ဖို့ အထက်ကိုရင်းနှီးအောင် ပေါင်းနေရတဲ့ခေတ်ဆိုးထဲ
သံသရာမှာ အစာမကြေတဲ့ သံသယတွေ လည်ပတ်နေတယ်..။
အရပ် ရှစ်မျက်နှာမှာ စည်းချက်မှန်မှန် ဖြစ်ဖြစ်နေတဲ့ စစ်
ငြိမ်းချမ်းရေးကို မေ့မေ့လျော့လျော့ မေ့ဆေးထိုးထားကြတယ်.....၊
ဒေါက်တာတွေ အကြံပေးတွေ ကိုယ်တိုင် စနစ် လူနာဖြစ်
ပဋိပက္ခတွေဟာ သတင်းစာမျက်နှာမှာ အားကောင်းမောင်းသန် ပြေးလွှားနေတယ်.....။
အောင်ခိုင်မြင့်
၂၅ သြဂုတ်လ ၂၀၁၂
No comments:
Post a Comment